Tuesday, January 8, 2008

အမေ့သားက ကဗျာရေးတယ်

ကဗျာရေးဖို့အတွက်

ကျွန်တော်လူလုပ်နေတာပါဆိုတော့

တချို့ကမေးငေါ့ကြတယ်…အမေ

မွဲချင်တဲ့ခွေးပြာပုံကိုပဲရွေးတယ်လို့

ပြာပုံထဲက အနွေးဓါတ်က

သိုးမွေးထည်ယဉ်ကျေးမှုမြင့်မြတ်တာ

ဘယ်သူတွေသိတတ်မလဲ…..။

ကိုယ်ဟာကိုယ်တောင်

လူမွေးလူတောင်မပြောင်လို့

ကြွေးဟောင်းတွေမကြေခဲ့ဘူး…။

အမေ့ ကျေးဇူးဘန်းပြပြီး…

တခြားမိသားစုတွေရဲ့မျက်ရည်တွေကို

အဖိုးတန်တဲ့အရာတွေဖြစ်အောင်

ကျွန်တော်အသွင်ပြောင်းမပေးတတ်ဘူး…အမေ

ကျွန်တော်ရိုးသားခဲ့ပါတယ်…

ကျွန်တော်ကြိုးစားခဲ့ပါတယ်…

ကျွန်တော်ရင်ဆိုင်ရတဲ့ခေတ်က

အဲဒီလောက်နဲ့မလုံလောက်ဘူးတဲ့…အမေ

အမေ့သားက ကဗျာရေးရုံပါ

ဘာမှမဟုတ်ခဲ့ဘူး ဘာမှမရှုပ်ခဲ့ဘူး

အမှန်တရားအတွက်ဆို

သားဖွားပြီးစ ကျားသစ်မလို

ရန်လိုနေတတ်တာတစ်ခုပါ…

ကျွန်တော်ဆီမှာဗျူဟာမရှိဘူးလို့

ကောက်ကျစ်သူတွေကဝေဖန်ကြတယ်

ကျွန်တော်ကအရိုင်းဆန်ရုံသက်သက်ပါ

မယုတ်မာခဲပါဘူး…အမေ

ဒီဘ၀မှာမကြေခဲ့တဲ့အမေ့အကြွေးတွေအတွက်

သံသရာမှာကျွန်တော့်အမေ ထပ်လုပ်ပါ…

အခုတော့သားကဗျာရေးပါရစေ

စာနာမှုတွေဆီ

လောကလှည်းအိမ်ကို

မြင်းအိုကြီးတစ်ကောင်လိုဆွဲယူနေပါရစေ..အမေ

မိုးလှိုင်ည

8 comments:

  1. ကိုမိုးလှိုင်အမေက ဘာတဲ့လဲ ... သံသရာမှာရော အမေ ထပ်လုပ်မယ်တဲ့လား ... သားကဗျာဆရာကို ပါရမီဖြည့်ဖို့လေ ... ။ ပြာပုံထဲက အနွေးဓါတ်က သိုးမွေးထည် ယဉ်ကျေးမှုထက် မြင့်မြတ်တယ် ဆိုတဲ့ စကားလေးကိုတော့ တကယ် သဘောကျတယ်။

    ReplyDelete
  2. ပြာပုံထဲက အနွေးဓါတ်က
    သိုးမွေးထည်ယဉ်ကျေးမှုမြင့်မြတ်တာ
    ဘယ်သူတွေသိတတ်မလဲ…..။

    ဟုတ်ပ။

    ReplyDelete
  3. Congratulation ပါ မိုးလှိုင်ညရေ ...
    ဘ၀အတွက် အားအင်တွေလိုအပ်တဲ့ အခါတိုင်း ...
    မင်းရဲ့ ဘလော့ဂ်လေးမှာ မင်းရေးတဲ့ ကဗျာတွေကို
    ငါ လာလာဖတ် တတ်တယ်ဆိုတာလေးမှတ်ထားပေးပါ ...။

    အမေ့ ကျေးဇူးဘန်းပြပြီး… တခြားမိသားစုတွေရဲ့မျက်ရည်တွေကို အဖိုးတန်တဲ့အရာတွေဖြစ်အောင် ကျွန်တော်အသွင်ပြောင်းမပေးတတ်ဘူး…အမေ

    ကောင်းတယ် ကွာ ...

    ReplyDelete
  4. ကျွန်တော်ကအရိုင်းဆန်ရုံသက်သက်ပါ
    မယုတ်မာခဲ့ပါဘူး…အမေ
    ကောင်းလိုက်တဲ့ စာသားပါ.. ရိုးသား ဖြူစင် ပွင့်လင်းစွာ အရိုင်းဆန် ပါရစေ၊ အဲလို လူကိုလည်း ကြိုဆို ချင် ပါတယ်။ နူးညံ့ သိမ်မွေ့ လှပစွာ ကောက်ကျစ် ယုတ်မာ သူတော့ မဖြစ်ချင်ဘူး။ အဲလိုလူ ကိုတော့ အကြောက်ဆုံးပဲ။ မိုးလှိုင်ရေ Great Poem ပါ။ ခုလို မျှဝေတာ ကျေးဇူးးး

    ReplyDelete
  5. what a great poem !!!!
    လေးစားတယ်ဗျာ။ ရှယ်အားပေးတယ်။
    အမေ..အမေ..အမေ...အော် အမေ
    ငုတ်တုတ်ကို မေ့သွားတယ်။
    စကားလုံးတွေ ထိတယ်...ကိုမိုးလှိုင်ညရေ။

    ReplyDelete
  6. ကိုမိုးလှိုင်ရေ
    ခင်ဗျားကဗျာကိုဖတ်ပြီးရိုးသားကြိုးစားသူပဲလို မှတ်ချက်ချမိတဲအတွက်ခင်ဗျားကိုတလေးတစားနဲ့အမြဲ
    အားပေးနေပါတယ်။
    ထိုအတူပဲခင်ဗျားကိုလည်းအားကျမိတယ်။

    ReplyDelete
  7. ဒီကဗျာလေး သိပ်ကောင်းတယ်.. စကားလုံးတွေ ပြောင်မြောက်လွန်းတယ် မိုးလှိုင်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...