ငါ့အနုပညာ စွပ်ကြောင်းရာတစ်လျှောက်လုံး
မင်းကိုလွမ်းတဲ့ အလွမ်းတွေက
ဖြတ်သန်းတိုက်ခတ်ခဲ့တယ် … ဖေဖော်ဝါရီ
မတော်တဆအသည်းကွဲခဲ့ရာက
ခြေချော်လက်ချော် ကဗျာဆရာဖြစ်လာသူလို့
ဆရာသစ္စာနီက သူ့ကိုယ်သူဖွင့်ဆိုဖူးတော့
ကဗျာဆရာဖြစ်ခဲ့ဖူးလို့
အသေအချာအသည်းကွဲခဲ့ရတာငါပေါ့ … ဖေဖော်ဝါရီ … ။
ငါ့ရင်ထဲမှာ မြည်တဲ့ခေါင်လောင်းသံဟာ
မင်းနာမည်အထပ်ထပ်
ရာစုနှစ်တစ်ခုလုံး မြေအောင်းခံလိုက်ရတဲ့
ဝိုင်အရက်တွေလို
ငါ့နှလုံးသွေးတွေ ပူပြင်းရှတကုန်ပြီ … ။
Suzuki R+ တွေကို မြန်မာပြည်အတွက်
စီးရေတစ်ထောင်ကျော်ထုတ်လုပ်တော့မယ်တဲ့
သုံးထောင်ကျပ်တန် စက်ယက်ကန်းတစ်ရံနဲ့
ရန်ကုန်မြို့ပလက်ဖောင်းတွေကို သစ္စာနှံခဲ့တဲ့
ငါ့ခြေထောက်တစ်စုံဟာ
မီးပျက်နေတဲ့ မီးပွိုင့်တွေကြားမှာ
တုန့်ဆိုင်းမသွားခဲ့ပါဘူး
ရာစုသစ်တစ်ခုလုံးကို မာရေကျောရေ
ဖြတ်သန်းသွားလာခဲ့ဖူးတယ် … ။
ဒီကဗျာတွေ ရေးဖြစ်တာတစ်ခုပဲ
ငါ့ရင်ထဲမှာ အဖတ်တင်ကျန်ခဲ့တယ်
အချိန်ယန္တယားတစ်ခုလုံးကို
ပလက်ဖောင်းကဖေးမှာအရည်ဖျော်သောက်ပစ်လို့
မင်းအတွက်ကအပျင်းပြေပြန်ပြောစရာ
အချစ်ပုံပြင်တစ်ပုဒ်ပေမယ့်…
ငါ့အတွက်တော့ နှလုံးသွေးနဲ့ရေးခဲ့တဲ့
ငါ့ဘ၀သမိုင်းဖတ်စာပါ…
အဲဒါကို ကျောက်သားနံရံနဲ့
လပြည့်ဝန်းပလာဇာကလည်းမသိပြန်ဘူးတဲ့
ငါ့အချစ်စစ်တွေအတွက်
ငါ့ဘက်ကထောက်ခံချက်တွေနည်းပါးလွန်းပါတယ်
ဖေဖော်ဝါရီ….
ညဦးပိုင်း ပွဲချိန်အပြီးမှာ
သမ္မတရုပ်ရှင်ရုံထဲကလျှံထွက်ကျလာတဲ့
စုံတွဲတွေကိုငေးရင်း….
ယောက်လမ်းကားမှတ်တိုင်မှာ
ယောက်ရက်ခတ်နေတဲ့အတွေးတွေနဲ့
အေးစက်တောင့်တင်းသွားတဲ့ဆောင်းညတစ်ချို့
ငါ့ပြက္ခဒိန်မှာထပ်တိုးသွားခဲ့ရဖူးတယ်….
ဖေဖော်ဝါရီရယ်
ငါ့ရဲ့ပြင်းထန်ဆုံးပေးဆပ်နိုင်မှုက
ငါ့ကဗျာကိုဖော်ပြထားတဲ့ မဂ္ဂဇင်းမှာ
လက်မှတ်ထိုးပေးနိုင်ရုံပါ…
စူပါမားကက်နံရံမှာချိတ်ဆွဲထားတဲ့
နှစ်သောင်းခွဲတန်လက်ကိုင်အိတ်ကို
မင်းငေးနေတဲ့မျက်ဝန်းမျိုးက
ငါ့စိတ်အားငယ်မှုကို ငရဲတွင်းထဲထိပစ်ချတယ်
ငါမအောင်မြင်ခဲ့တာအသေအချာပေါ့…။
တစ်ရက်တော့လေ
ဆဲလ်ဖုန်းတစ်လုံးရဲ့ Ring Tone က
ငါ့ရင်ခုန်သံကိုဖြတ်တောက်လို့
မင်းနဲ့ငါစိတ်ခြင်းမနီးစပ်နိုင်တော့ဘူး
လက်တစ်ကမ်းက ဓားသွားအစင်းစင်းဟာ
ခုခံခြင်းကင်းတဲ့ ငါ့ကိုထိုးစိုက်တယ်…။
ဒါ…
ကျွန်မသူငယ်ချင်း ကဗျာဆရာလေ…တဲ့
သံခင်းတမန်ခင်းအပြုံးနဲ့ မင်းမိတ်ဆက်ပေးတဲ့လူ
ကြွယ်ဝမှုတွေနဲ့ မင်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့လူ
ဆန့်ထားတဲ့လက်ကို မျက်နှာပျက်ပျက်နဲ့ရုတ်လိုက်တော့
မင်းကငါ့ကိုလူမှုရေးမသိတတ်သူလို့
အပြစ်တင်အထင်သေးတဲ့မျက်ဝန်းနဲ့ကြည့်
ဖေဖော်ဝါရီရယ်
မင်းမသိလိုက်ဘူး…
ငါ့ဝင်လေထွက်လေမှာ
အဓိပါယ်မဲ့သေးဆုံးသွားခဲ့တာ….။
မိုးလှိုင်ည
ကဗျာလေးဖတ်ပြီး ငိုချင်လိုက်တာ မိုးလှိုင်ရယ်..
ReplyDeleteရင်ထဲက ခံစားချက်နဲ့ တိုက်ဆိုင်လိုက်တာ..
“ဒီကဗျာတွေ ရေးဖြစ်တာတစ်ခုပဲ
ငါ့ရင်ထဲမှာ အဖတ်တင်ကျန်ခဲ့တယ်
အချိန်ယန္တယားတစ်ခုလုံးကို
ပလက်ဖောင်းကဖေးမှာအရည်ဖျော်သောက်ပစ်လို့
မင်းအတွက်ကအပျင်းပြေပြန်ပြောစရာ
အချစ်ပုံပြင်တစ်ပုဒ်ပေမယ့်…
ငါ့အတွက်တော့ နှလုံးသွေးနဲ့ရေးခဲ့တဲ့
ငါ့ဘ၀သမိုင်းဖတ်စာပါ…”
ဟုတ်ပါတယ်ကွာ.. ငါတို့ဟာ သူတို့အတွက် ပျော်စရာသက်သက် အမဲဖြစ်ခဲ့ပေမဲ့
ငါတို့ရဲ့ ဘ၀က ဒဏ်ရာတွေအပြည့်နဲ့ တစ်သက်လုံး ရှင်သန်နေရအုန်းမှာပါ မိုးလှိုင်
း( စိတ်မကောင်းဘူး မိုးလှိုင်
ဖေဖေါ်ဝါရီ နှစ်တစ်ပတ်လည်ပြန်
ReplyDeleteမကြာခင် ဖေဖေါ်ဝါရီ ရောက်တော့မယ်
မှတ်ချက် အမြဲ ရေးမသွားဖြစ်ပေမယ့် ကဗျာကောင်းကောင်း ဖတ်ချင်တယ်လို့ တောင့်တမိတိုင်း ရေးဖော်ရေးဖက် မိုးလှိုင်ညကို မဖြတ်ကျော်ခဲ့တဲ့ညမရှိ။
ကိုမိုးလှိုင်ရေ
ReplyDeleteကဗျာလေးကတော့ ပြောင်မြောက်ပါပေတယ်ဗျာ
ကဗျာလေးဖတ်ပြီးတော့ ဘာရယ်မသိ၊ ခံစားရတာ တော့အမှန်ပဲ။
ကိုချောစကားနဲ့ပြောရရင် ဖြောင့်ထားတဲ့ အချက်တွေ မဟုတ်တာသေချာတယ်။ ဒီကဗျာကိုဖတ်ပြီး လွမ်းတယ်ဗျာ။ ဖြစ်နိုင်ရင် လက်မှတ်ထိုးထားတဲ့ စာအုပ်လေးလက်ဆောင်ရချင်တယ်။ ( အတောင်းအရမ်းတယ်ထူတာကိုး
ReplyDeleteကဗျာတွေ အားလုံးကောင်းတယ်
ReplyDeleteကဗျာ တစ်ပုဒ် ချင်းတိုင်းမှာ ခံစားချက်အပြည့်နဲ့
ရေးဖွဲ့နိုင်တဲ့ ကိုမိုးလှိုင်ကို လေးစားပါတယ်။
ကဗျာတွေအတွက် ..မွေးဖွားလာလေသလား။
ဖေဖော်ဝါရီ ရောက်တော့မယ်ဆိုတော့ ရင်ထဲမှာ သိမ်းထားတဲ့ ဖေဖော်ဝါရီတမ်းခြင်းတွေ ပွင့်ထွက်လာပြီပေါ့...။ ဘာမှမဆိုင်တဲ့သူတွေတောင် ကဗျာလေးဖတ်ပြီး ခံစားရတယ်ဆိုရင် တမ်းတရတဲ့ ကာယံရှင်အနေနဲ့ ဘယ်လောက်ထိ ခံစားချက်တွေ ပြင်းထန်နေမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။ ဒီလို ခံစားချက်အပြည့်နဲ့ ကဗျာတွေ ရေးနိုင်လာခဲ့တဲ့အတွက်တော့ ဖေဖော်ဝါရီကို ကျေးဇူးတင်ရမယ် ထင်တယ်နော်...။
ReplyDeleteအစ်ကို..ကျွန်တော်တော့ ပြန်လည် ဖော်ပြ
ReplyDeleteလိုက်ပြီဗျာ။ ခွင့်ပြုမယ်လို့ထင်ပါတယ်။ ကဗျာ
တွေအားလုံးကြိုက်ပေမယ့် အားလုံးပြန်လည်
ဖော်ပြရင်...အားနာလို့။ အကြိုက်ဆုံးတွေပဲ
ပြန်လည်ဖော်ပြလိုက်တော့မယ်။
လေးစားပါ၏
ဆိုးသွမ်း