Pages

Friday, February 1, 2008

နေဘုန်းလတ်ကိုတွေ့ရင်

နေဘုန်းလတ်ကိုတွေ့ရင်

ကျွန်တော်တို့ကို ပြန်ပေးပါ …

အစ်ကို

ခင်ဗျားအခုဘယ်ရောက်နေလဲ…။

လူ့အဖွဲ့အစည်းကိုချစ်တဲ့

စာရေးဆရာ ကဗျာဆရာတစ်ယောက်

လူ့အဖွဲ့အစည်းကို ပစ်ပြေးမယ်ဆိုတာ

ကျွန်တော် မယုံဘူးအစ်ကို…။

ခင်ဗျားရဲ့စိတ်ထားတွေ

ခင်ဗျားရဲ့ ဖြောင့်မတ်မှုတွေ

ခင်ဗျားနဲ့ကျွန်တော်တို့အတူ

ကလေးတွေကို ကူညီဖူးတယ်…

တိုင်းပြည်ရဲ့အနာဂတ်တောက်ပလာဖို့

ခင်ဗျား ကိုယ်အားဥာဏ်အားတွေနဲ့

အပြင်းအထန်ကြိုးစားခဲ့တယ်

ခင်ဗျားပင်ပန်းလွန်းလို့ လဲပြိုမတတ်အချိန်မှာတောင်

ခင်ဗျားက အပြုံးမပျက်ဘူး…

ကျွန်တော်ယုံတယ် ခင်ဗျားရေးခဲ့တဲ့စာ

ခင်ဗျားထားခဲ့တဲ့စေတနာတွေ

ဘယ်တော့မှတန်ဖိုးလျော့မသွားဘူး…

ခင်ဗျားရဲ့ကလောင်တစ်ချောင်းကို

ဘယ်တော့မှမလွတ်ချဘူးဆိုတာ

ကျွန်တော်သိတယ်…။

“ငါက စာပဲအေးအေးဆေးဆေးရေးချင်တာပါ”

အမှန်တရားအတွက် အင်အားတွေ

လိုအပ်လာတဲ့အခါ

ခင်ဗျားခပ်အေးအေးမနေနိုင်တော့ဘူး

တကယ်တော့

ခင်ဗျားဟာ ကောင်းကင်ဘုံတံခါးဝကလူ

အခု

အမှန်တရားအတွက် ကျွန်တော်တို့ချစ်တဲ့

ကလေးငယ်တွေအတွက်

တိုင်းပြည်ရဲ့အနာဂတ်အတွက်

မလွှဲသာမရှောင်သာ ငရဲသားတွေနဲ့

ဆက်ဆံနေရပြီလား…။

ဂျီတော့ခ်က ခင်ဗျားအမည်ဘေးမှာ

offline မက်ဆေ့ခ်ျကို မြင်ရတာနဲ့

ကျွန်တော်တို့ အပြင်းအထန်ကြေကွဲနေရတယ်

ကျွန်တော်တို့နှလုံးသားတွေမှာ

ခင်ဗျားလွတ်ကျလို့မဖြစ်သေးဘူး…။


မိုးလှိုင်ည