ငြင်းဆိုပြီးသား
စကားလုံးတွေအတွက်…
အကြိမ်ကြိမ်တောင်းပန်ဖို့မလိုအပ်တော့ပါ..
လမ်းတွေကဝေးခဲ့ရင်တောင်
ဆုံခဲ့ရတဲ့အချိန်တွေကို အမှတ်ရတယ်
ကောင်မလေးရေ…
မင်းဆီမှာစပယ်တွေဝေနေအောင်ပွင့်နေပေမယ့်
ငါနေတဲ့မြို့မှာတော့မိုးခေါင်နေတာကြာပြီ
ဘ၀ပက်ကြားအက်ထဲမှာ
လရောင်နမ်းတဲ့ပန်းတွေမပွင့်တာ
သဘာဝပါကွာ….
တစွန်းတစကြာဖူးတဲ့ပုံပြင်တွေထဲမှာ
တောင်ထိပ်ပေါ်မှာရေကန်ကြီးကြီးရှိတယ်
နတ်သမီးလေးတွေနေတယ်တဲ့
ဒါပေမယ့်စွတ်စိုခွင့်မရတဲ့ယာခင်းလေးကို
ငါ့အဘိုးစိုက်ခဲ့သလို
တစ်ဘ၀လုံးရွာမလိုမိုးကိုမျော်လို့
ငါ့တီးခတ်တဲ့ဗုံသံထဲမှာ
မင်းကိုချစ်တဲ့အကြောင်းတွေပါလာတတ်တယ်..
တောင်ပေါ်မှာပျော်နေပေါ့ကောင်မလေးရေ
ငါ့ကိုမခေါ်ပါနဲ့ သိပ်အေးတဲ့ရာသီဆို
ငါဖျားနာတတ်လို့ပါ…။
မိုးလှိုင်ည
No comments:
Post a Comment