Pages

Sunday, November 15, 2009

နိုဝင်ဘာ ၂…

သွေးစွန်းတဲ့ရက်နှစ်ရက်ပါတဲ့
ဇူလိုင်လကို ထားခဲ့
ကမ္ဘာမှာ အနုမြူဗုံးကျခဲ့တဲ့
အနက်အရောင် သြဂုတ်စ်ကိုထားခဲ့
ငါတို့ ရင်ထဲမှာလည်း အနုမြူဗုံးကျခဲ့တာပဲ…
မေတ္တာပို့အမျှဝေတဲ့ ရဟန်းရှင်လူတွေ
လမ်းမပေါ်ချေမှုန်းခံခဲ့ရတဲ့…
ရွှေဝါရောင် စက်တင်ဘာကို ထားခဲ့
ရာစုနှစ်တစ်ဝက်စာလောက်
ကမ္ဘာကြီး အရိပ်ဆိုးကြီးမိုးပေးခဲ့တဲ့
လီနင်တို့ အောက်တိုဘာတော်လှန်ရေးကိုထားခဲ့

အခုငါတို့ နိုဝင်ဘာကိုရောက်နေပြီ
ရန်ကုန်မှာ မြူတွေအရင်လိုဆိုင်းမနေတော့ဘူး
ကံကော်တွေလည်းမပွင့်သေးဘူး…
ဖုန်ထူထူနေပူပူ ရန်ကုန်လေကိုရှုရင်း
အရင်လိုမမိုက်တော့ပါဘူးလို့
ကိုယ့်ကိုယ်ကတိပေးတယ်…



ဘာပဲဖြစ်ဖြစ်နိုဝင်ဘာဟာ
တစ်ခြားလတွေထက်တော့
ငါ့အတွက် ၀မ်းနည်းကြေကွဲရမှုပိုမိုနည်းပါးတာပါပဲ…



နိုဝင်ဘာ ၂ ဆိုပြီးဘာလို့ရေးဖြစ်တာလည်း…
အသက်သုံးနှစ်ပြည့်သွားတဲ့
တူမလေး မေနှင်းဦးခင်အတွက်..
မနှစ်ကမွေးခဲ့တဲ့ ကလေးလေးတစ်ယောက်အတွက်
အသက် ဘယ်နှစ်နှစ်ပြည့်မှန်းမသိတဲ့
သူငယ်ချင်း မဆွေဆွေဝင်းအတွက်…
ခရစ်စတိုဖာ ကိုလံဘတ်စ်ကို
မွေးဖွားခဲ့တဲ့ နိုဝင်ဘာမှာ
ကျွန်တော်တို့ ငြိမ်းချမ်းလွတ်လပ်တဲ့
တရားမျှတတဲ့ ကမ္ဘာသစ်ကိုအရှာထွက်ကြမယ်
အဲဒီကမ္ဘာ ကျွန်တော်တို့ရင်ထဲမှာ အသေအချာရှိခဲ့တယ်
ကျွန်တော်တို့ရှာမတွေ့နိုင်သေးတာကလွဲရင်….။



မိုးလှိုင်ည