Friday, October 2, 2009

လွယ်အိတ်ထဲမှာ

ကမ္ဘာကြီးကို
လွယ်အိတ်တစ်လုံးနဲ့ တူတယ်လို့
တစ်ယောက်ယောက်က
ဘာဖြစ်လို့ ပြောမထားခဲ့ရတာလဲ…။

ဘာကိုမှထည့်မထားတဲ့လွယ်အိတ်
တစ်လုံးဟာချိတ်ဆွဲခံထားရပြီး
မဆန့်မပြဲထည့်ခံထားရတဲ့လွယ်အိတ်
တစ်လုံးက လမ်းသလားနေတယ်…။

လွယ်အိတ်တစ်လုံးက
ထည့်သမျှသာ ပြန်ထုတ်ပေးနိုင်တယ်တဲ့
မျက်လှည့်ဆရာက
ကျွန်တော့်အိတ်ထဲက ဘာမဆိုထုတ်ပေးနိုင်တယ်
ဒါပေမယ့် ထုတ်ပေးနိုင်တာကို
ကြိုထည့်ထားရမယ် တဲ့…။

ကျွန်တော် လွယ်အိတ်တစ်လုံး မဖြစ်ချင်ခဲ့ပါ…။

ကမ္ဘကြီးတောင် အိတ်တစ်လုံးနဲ့
တူနေတဲ့နောက်မှာ
ကျွန်တော်လည်း
လွယ်အိတ်တစ်လုံးနဲ့တူတဲ့လူ ဖြစ်နေတယ်…။

အဲဒီလူကပဲ အပိုတပ်ဆင်ရသမျှ
လွယ်အိတ်တစ်လုံးကို ထပ်လွယ်ထားရတယ်
ဘာမှထည့်မထားတဲ့အိတ်တစ်လုံးကို
လွယ်ထားသူတွေ မတ်မတ်လျှောက်နိုင်ပေမယ့်
လေးလံတဲ့ ကျွန်တော့်လွယ်အိတ်ကြောင့်
ကျွန်တော်ကိုင်းညွတ်နေလေ့ရှိပါတယ်…။

ကျွန်တော့်လွယ်အိတ်ထဲမှာ
ကြေးနီရောင်မီးခြစ်တစ်လုံး
ဘယ်တော့မှဖတ်လို့မပြီးသေးတဲ့
တီအက်စ်အဲလိယော့ရဲ့ ဖုန်းဆိုးမြေ
ကဗျာဆရာ မိုယ်းဇော်ရဲ့သေတမ်းစာ
တရုတ်နိုင်ငံလုပ် ဘောပင်အစုတ်လေးချောင်း
ကမ္ဘာ့အရေးအခင်းတွေကို
မြန်မာဘာသာနဲ့ရေးထားတဲ့
ဂျာနယ်နှစ်စောင်
စိတ်ဓါတ်ကျရင် ထုတ်ဖတ်ဖို့
ဆရာဇော်ဇော်အောင်ရဲ့ နွားကျောင်းသားကဗျာစု
ကစ်ပလင်ရဲ့ If ကို မြန်မာအင်္ဂလိပ်နှစ်ဘာသာ
ဒိုင်ယာရီစာအုပ်နှစ်အုပ်
တစ်ဖက်လွတ် A4 စက္ကူအချို့
ကျွန်တော့်ကို ကိုင်းညွတ်စေတဲ့
မိဆိုးလေးစနေရဲ့စကားပြေအချို့
အဲဒီအရာတွေအားလုံး
laptop တစ်လုံးလိုချင်တဲ့ကဗျာဆရာရဲ့
ပထမဆုံးစုဆောင်းမိတဲ့
laptop အိတ်အဟောင်းကြီးထဲမှာ ပါတယ်…။

ရန်ကုန်မြို့ပလက်ဖောင်းတွေပေါ်မှာ
laptop အိတ်အဟောင်းကြီးနဲ့
ကိုင်းကိုင်းလျှောက်သွားနေသူဟာ
မိုးလှိုင်ညသာဖြစ်ပါလိမ့်မယ်…။



မိုးလှိုင်ည

8 comments:

  1. လျှောက်ပါကဗျာဆရာရေ ဆက်လျှောက်ပါ....
    ခင်ဗျားများများ လျှောက်လေ ကျွန်တော်တို့ကဗျာကောင်းတွေ များများဖတ်ရလေပါပဲ..။

    ReplyDelete
  2. လက်တော့ ၀ယ်လာပေးမယ်ဟာ..
    ပိုက်ဆံသာပို့ပေး..ဟေးဟေး...

    ReplyDelete
  3. လွယ်အိတ်တစ်လုံးက
    ထည့်သမျှသာ ပြန်ထုတ်ပေးနိုင်တယ်တဲ့
    မျက်လှည့်ဆရာက
    ကျွန်တော့်အိတ်ထဲက ဘာမဆိုထုတ်ပေးနိုင်တယ်
    ဒါပေမယ့် ထုတ်ပေးနိုင်တာကို
    ကြိုထည့်ထားရမယ် တဲ့…။
    အရမ်းကြိုက်တဲ့စာသားပါ....

    ReplyDelete
  4. မိုးလှိုင်က အရပ်ရှည်တယ် လား..း)
    (ကိုင်းကိုင်း ကိုင်းကိုင်း ဆိုလို့ပါ)
    ကဗျာဆရာ့ လွယ်အိတ်ထဲက
    အရာတွေက စိတ်ဝင်စားစရာ
    မိဆိုးလေး စနေ ဆိုတာ အပါ အ၀င်ပေါ့လေ..း)

    ReplyDelete
  5. ko muu hlaing nya,
    khin byar har lwel 8 ma hote par bu.
    santa claus yae. pyaw shwin phwe yar kyaw poe 8 gyi!!! :D

    ReplyDelete
  6. လွယ်အိတ်..
    အဓိပ္ပါယ်အကျအနတွေလွဲတတ်လွန်းလို့
    လွယ်အိတ်လိုပဲသဘောထားပြီး
    လမ်းဆက်လျောက်သူကိုအားပေးခဲ့ပါ၏။

    ReplyDelete
  7. လွယ်အိတ်ကဗျာလေး ဖတ်ရင်း အသက်ရှုဖို့တောင်မေ့တယ်။
    ကဗျာဆရာ ကိုမိုးလှိုင်ည ပျော်ရွှင်စွာ ကဗျာများများရေးနိုင်ပါစေဗျာ။။

    ReplyDelete
  8. စုံစီနဖာ ကဗျာဆရာရဲ့လွယ်အိတ်ထဲက....မှော်အစွမ်းလို ကဗျာကောင်းတွေ...ထွက်ကျလာဘို့...စောင့်မျှော်နေတယ်ဗျာ.....။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...