Pages

Tuesday, July 14, 2009

ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂



ဝိုင်မြစ်ချိုထဲမှာ မျှောလိုက်တယ် ဂျွန် -၂

ဆောင်းလေပြင်းတွေ မတိတ်သေးဘူးလား ဂျွန်
သစ်ရွက်တွေ စင်သွားတဲ့ အရိုးပြိုင်းပြိုင်းပင်တွေ တစ္ဆေခြောက်လို့
ရယ်မောဖို့စောင့်ရတာ မျက်လုံးတွေညောင်းလို့
ပါးစပ်တွေဟောင်းလောင်းနဲ့ နားတွေပြားကပ်လို့
ရှုံးပြီး ရှင်ကျန်သူတွေကို ကူတိုက်ဖို့
ပိတ်မိနေတဲ့ ရဲဘော်တွေကို တူးထုတ်ဖို့
စစ်သတင်းတွေ တကျီကျီ လွှင့်ထုတ်နေတဲ့ ရေဒီယိုတွေကို ထားခဲ့ဖို့
ငါတို့စစ်မြေပြင်ကို ပြန်သွားကြမယ်ကွယ်…
ဟောဟိုမှာ အဆောက်အဦအပျက်တွေကြား
အရွေ့တွေတိုင်းမှာ အကွေ့တွေတိုင်းမှာ အတွေ့တွေတိုင်းမှာ
အချိန်မရွေး ခြုံခိုတိုက်ခိုက်မှုတွေ ရှိနိုင်တယ်
အရပ်သားတွေက ပစ်မှတ်ထဲ ၀င်ဝင်လာတယ်
မိန်းမတွေ ကလေးတွေ ဘေးကိုဖယ်ကြပါကွဲ့
အချိန်သိပ်မကြာတော့ပါဘူး ဂျွန်
နောက်တစ်နှစ်မှာ တပ်တွေ ရုပ်သိမ်းပြီးရင်
နောင် ဆယ်နှစ် အနှစ် နှစ်ဆယ် ကြာရင်
ငါတို့နာမည်တွေ ရုပ်တုတွေ ရေးထိုးထားကြမယ် (ထင်တယ်…)
ငါတို့ဟာ ကယ်တင်သူတွေ လွတ်လပ်ရေးကို ခေါ်လာသူတွေ (ထင်တယ်..)
ငါတို့ဟာ ဦးဆွေးဆံမြည့် ထမ်းရွက်သူတွေ (ထင်တယ်.. ငါထင်တယ်)
စစ်မြေပြင်ကိုပဲ ပြန်သွားကြပါစို့ ဂျွန်ရယ်
နေရောင်ကျဲကျဲထဲ တံလျှပ်တွေက တလက်လက်နဲ့
ဖုန်မှုန့်တွေ ဗလုံးဗထွေးနဲ့
ကန္တာရက ဖြားယောင်းတယ်
မသေချာဘူး ဘာမှ မမြင်ရဘူး
နေ့ဘက်မှာ လင်းလွန်းလို့မမြင်ရဘူး
ညရောက်တော့ မှောင်လွန်းလို့မမြင်ရဘူး
မှန်တဲ့ဘက်ဆိုတာ အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတယ်
မှားတဲ့ဘက်မှာလည်း အသက်နဲ့ရင်းပြီး လိုက်ဖို့လိုတာပဲ
သူတို့လက်တွေနဲ့ ညွှန်.. လို့
သူတို့ပါးစပ်တွေနဲ့ ပြော… လို့
ငါတို့ခေါင်းကိုတော့ တည့်တည့်ချိန်ထားလေတယ်
ငါတို့ရင်ဘတ်တွေနဲ့ တွန်းတွန်းပြီး ရှေ့တက်ကြမယ်
ဂျွန်ရေ…
သတင်းတွေကလည်း မထူးသေးပါလားကွယ်
ငါတို့ဒဏ်ရာတွေကိုပဲ အရည်ဖျော်လို့
သစ်သီးဆန်ဆန်ဝိုင်ကလေးကိုဖောက်ပြီး
ကန္တာရထဲသွန်းချလိုက်ကြမယ်
ပြီးရင်အားလုံးကို မေ့လိုက်ကြမယ်
အလိုရှိတဲ့အချိန်မှာ စတင်ပြီး
အလိုရှိတဲ့အချိန်မှာ မရပ်စဲနိုင်ခဲ့တာ စစ်ပွဲတွေပဲ.. တဲ့
တင့်ကားတွေ သေနတ်တွေ အမြောက်တွေ
ပေါက်ကွဲသံတွေ ငိုယိုသံတွေ အသေခံဗုံးတွေ
ဖျက်ဆီးခံလိုက်ရတဲ့ သောက်ရေတိုင်ကီတွေ
ပဲ့ရွဲ့သွားတဲ့သစ်သီးတွေ ပုတ်ချခံလိုက်ရတဲ့ အစားအသောက်တွေ
ကလေးငယ်တွေရဲ့ စူးစူးဝါးဝါးအကြည့်တွေ
သွေးစက်တွေကြားကိုပဲ ပြန်သွားလိုက်ကြပါစို့ ဂျွန်ရယ်..။



ပန်ဒိုရာ