Tuesday, April 29, 2008

ဖေဖော်ဝါရီတမ်းချင်း(၂)

မေ့လျော့ခံနေတဲ့

ရွက်ဆုတ်ပြက္ခဒိန်တစ်ထပ်လိုပဲ

ငါ့ စိတ်က အတိတ်မှာသိပ်သိပ်သည်းသည်း

မနက်ခင်းဟာ

သြဂုတ်စ် (၂၁)အေဒီ ၂၀၀၃ လို့

ဘာကြောင့်ဖြစ်နေရတာလည်း


ဘယ်တော့မှမသောက်ဖြစ်တဲ့

ပြင်သစ်ကော်ဖီတစ်ခွက်ကို

ကတ္တရာလမ်းနဲ့ရိုက်ခွဲတယ်…

ကျိုးကျေသွားရတာက ငါကိုယ်တိုင်…


မနက်အစောကြီး မူးနေတဲ့လူလို

ငါ့ကို ကားမှတ်တိုင်ကလူတွေက

လှမ်းကြည့်တယ်…..

မင်းကတော့အမှတ်ရမှာမဟုတ်ဘူး

ဒါ အင်္ဂါနေ့လေ ပန်ဆိုးတန်းကားမှတ်တိုင်မှာ

ငါ မနက်ခုနစ်နာရီတည်းက ထိုင်နေတာ

အခု ၁၀ နာရီထိုးဖို့ ၁၀ မိနစ်

ငါ့ရင်ထဲမှာ အချစ်မရှိတော့ဘူး

ငါတော်တော် ညစ်နေပြီ…။


အခုအေဒီ ၂၀၀၈

ငါစီးကရက်မသောက်ဖြစ်တော့ဘူး

ငါ့ကို ဆေးလိပ်သောက်တာမတားတဲ့

တစ်ယောက်တည်းသော မိန်းမ

များများသောက် မြန်မြန်သေ

လောကကြီးမှာ နင်ရှိနေလည်းအပိုပဲလို့

အားပေးတတ်တာလည်း

မင်းပဲရှိတယ် ဖေဖော်ဝါရီ…


`ချစ်တယ်´

အရက်သမားဟာ

ပြင်းသထက်ပြင်း ခါးသထက်ခါးတဲ့

အရက်ကိုတပ်မက်သလို…

ငါတစ်ဘ၀လုံး ပူပြင်းလျှတတဲ့

ဒဏ်ရာတွေကို လက်ဆောင်ပေးခဲ့တဲ့

မင်း နဲ့ ချစ်ခြင်းကို

သံသရာတစ်ကွေ့ချိုးမှာ ထပ်တွေ့လိုပါသေးတယ်…။


ချစ်တယ် ဖေဖော်ဝါရီ

အထပ်ထပ်ဖွဲ့ဆိုဖို့ ငါ့ရင်ဘတ်ထဲမှာ အမှတ်ရစရာတွေ

ရှိနေသေးတယ်….

မိုးလှိုင်ည

ဘိုဟီးမီးယန်းများ

ငယ်တော့ ပိုပြီးမှားလို့ကောင်းတယ်

အင်္ကျီလက်ကိုပင့်တင်

လူမိုက်ကို ဂစ်တာနဲ့ရိုက်ပစ်တုန်းက

သူ့သူရဲကောင်းဟာ တော်တီလာဖလက်ရပ်ကွက်ထဲက `ဒင်နီ´

ဘီယာအမြှပ်တွေလို သူသွေးက ပွက်ပွက်ဆူလို့

ခင်ဗျားအသက်အရွယ်ရောက်ရင်

ခင်ဗျားထက်ပိုကောင်းတဲ့ ပန်းချီကားတွေ ကျွန်တော်ရေးမယ်

စိတ်ထဲက `ဂေါ်ဒွင်´ ကိုဒီလိုကြိမ်းမိတယ်

ပျောညံ့ဖို့ဘယ်ကိစ္စမှ ငါတို့ဆီလာမသင်စမ်းနဲ့

ငါတို့ခေါင်းထဲမှာ အဆိပ်ပြင်းတဲ့မြွေတွေ အထွေးလိုက်ခွေလို့

ငါတို့ဆီ ဂျင်းဘောင်းဘီ

ငါတို့ဆီ စကေဘာ

ငါတို့ဆီ အရိုးခေါင်းခါးပတ်နဲ့လာခဲ့

`ဂျွန်ဖောက်စ်´ဆိုတဲ့ လူတစ်ယောက်ဟာ

လူငယ်စိတ်နဲ့ မစ္စစ္စပီမြစ်ကြီးကို ဖြတ်ကူးခဲ့တာ ငါ ပြောပြမယ်

ကိုချောနွယ်ဟာ လူငယ်စိတ်နဲ့ ဖျံဖမ်းသမားကဗျာကို ရေးခဲ့တဲ့အကြောင်း

ငါပြောပြမယ်

လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ

ခလုတ်တိုက်ရင် တိုက်မိတဲ့အုတ်ခဲကို ဆဲထည့်လိုက်မယ်

`မက်ဒေါနား´လိုအမယ်အိုကြီးကို ခေါက်ထားပြီး

`ဘရစ်တနီစပီးယား´ဆီသွားဖို့ကိုလည်း သူတို့သိတာပဲ

ဒုက္ခ၊ နေရောင် ၊အမှောင် နဲ့ ဂစ်တာကြိုး

ဇွတ်တိုးဝင်လာတဲ့ လောကဓံဆိုလည်း

ခေါင်းရှစ်စိတ်ကွဲသွားဖို့ပဲရှိတယ်

သူတို့ဆီမှာ မီးညှိပါ

သူတို့အသံကိုဆုပ်ကိုင်ပါ

သူတို့အရောင်ကိုနားစွင့်ပါ

`အသက် ၄၀ ကျော်မှ ကဗျာဆရာဗျ´ဆိုလည်း

လကမ္ဘာဆိုတာ လူညံ့တွေအတွက်

အမြဲနောက်ကျတဲ့ အိပ်မက်ပဲ

လရောင်ဟာ ကင်းဗတ်စပေါ်မှာထက်

အပြင်မှာပိုပြီး ရွေ့လျားလှပပါတယ်…।။….။


မောင်ဖီလာ

(ပိတောက်မြေမဂ္ဂဇင်း၊၂၀၀၃)(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ)

Friday, April 25, 2008

အချိန်မရသူတစ်ယောက်

ချစ်တယ်ဆိုတဲ့စကားပြောဖို့

အချိန်တော့ယူရလိမ့်မယ်

ခက်တာက

အချိန်မှမရတော့တာ…

အရာရာပြန်တည်ဆောက်ဖို့

အချိန်တော့ယူရလိမ့်ပေါ့

ခက်တာက

အချိန်မှမရတော့တာ….

ခံစားမှုတွေရင့်ကျက်စေဖို့

အချိန်တော့ယူရလိမ့်မယ်

ခက်တာက

အချိန်မှမရတော့တာ….

တောပန်းလေးတွေပြုံးနေတာကအစ

မြိုပြရဲ့မိတ်ကပ်ထူထူအိပ်မက်တွေအထိ

အရာရာဟာ ကဗျာဖွဲ့လို့ရတယ်

ခက်တာက

အချိန်မှမရတော့တာ….

ပြန်မရတော့တဲ့ အချိန်တွေကို

အကြိမ်ကြိမ်ဆွဲဆန့်လို့

ခက်တာတွေသိပ်များတဲ့

လောကကြီးထဲ

ကိုယ်အတ္ထုပတ္တိကို ပြီးသလောက်ချကျွေးမိတယ်

ဒီကဗျာကိုရေးဖို့လည်း

အချိန်သိပ်မရခဲ့ပါ……..။

မိုးလှိုင်ည

အထီးကျန်

ဘ၀ထဲမှာ

ငါတစ်ယောက်တည်းရှိတယ်..။

အခန်းတံခါးကိုပိတ်မထားပဲ…

တံခါးခေါက်သံကိုမျော်လင့်နေတဲ့စိတ်…

တစ်ဖက်အိမ်က ကလေးတွေ…

ဒီနေ့မှ ဘာလို့ဆူညံမနေတာလည်း…

တခါတရံတော့

သူခိုးတစ်ယောက်ရဲ့ခြေသံတွေကိုတောင်လိုအပ်တယ်

ငြိမ်ဆိတ်လွန်းမှုဟာ

ငါ့နှလုံးသားကိုပေါက်ကွဲဖို့အသင့်ဖြစ်စေခဲ့

စားပွဲပေါ်က ဖန်ခွက်တွေကို

ရိုက်ခွဲလိုက်ရုံပဲလား

စိတ်က အထီးကျန်တံခါးကို အတင်းဆွဲပိတ်တယ်

ပါရီညကဖေးထဲက အမြင်အာရုံတွေကိုဆွဲနှုတ်

အခုဆို

ငါ့ကိုယ်ငါ သတ်သေဖို့လုံလောက်နေပြီ…။

မိုးလှိုင်ည

Thursday, April 17, 2008

လူထုအမေအတွက်

အဲဒီနေ့က….

မနက်လင်းအားကြီး သောကြာကြယ်ကြွေခဲ့တယ်….

စောတယ်လို့ အပြောမသာပေမယ့်

နှမြောကြတာ အပြစ်မဟုတ်ပါဘူး…..

အမေ အာသာငမ်းငမ်းတမ်းတတဲ့

လွတ်လမ်းပေါ်က မြန်မာပြည်ကို

အမေ မမြင်နိုင်တော့ဘူးပေါ့အမေ…..။

မဖြေနိုင်ပါဘူး အမေ…

တောင်သမန်မှာ စိုထိုင်းဆတွေ သိပ်သည်း

မယ်ဇယ်တန်းက ငိုညည်းနေသလို

ပိတောက်တွေမ၀ါတဲ့ ဟောဒီမြေမှာ

ဒေါနတောင်တန်းကြီးတောင်

မှိုင်တွေချနေရဲ့လေ……။

အမေဟာ သာမာန်အမေမဟုတ်ပါဘူး….

လူထုကိုကိုယ်စားပြုခဲ့တဲ့

တကယ့် “လူထုအမေ”ပါ အမေ…..။

စစ်ဖိနပ်ကိုအံတု

ခိုင်မာမှု၊ ငြိမ်းချမ်းမှုတွေနဲ့

တော်လှန်ရေးအမေတွေကိုယ်စားပြု

ထုဆစ်ထားတဲ့ “မြန်မာအမေ”ပါ…။

မျိုးဆက်သစ်တွေကို ကြိုခဲ့တဲ့အမေ

အများအတွက်၊ အားဆက်ခဲ့တဲ့အမေ

တာဝန်မကျေဘူးလို့ သားတွေကိုမဆိုရက်ခဲ့တဲ့အမေ

“ငတ်လို့ ငတ်တယ်ပြောတာပဲ”လို့

သားတို့ဘက်က ရပ်ခဲ့တဲ့အမေ…ရေ…။

ကတိပြုပါတယ် အမေ…

ရွှေပြည်တော် မျှော်မနေဘဲ

ကိုယ့်လက် ကိုယ့်တက်နဲ့ အရောက်လှော်ပါ့မယ် အမေ….။

တောင်သမန်အင်းစပ်က

အမေ့ရင်ခွင် လေပြေ နွေးနွေးမှာ

စစ်အတွင်းက ညီအစ်ကိုတစ်စုနဲ့

အကြေအညာ ကဗျာတွေထုံမွှမ်းတဲ့ညတွေ

မကြာခင် ပြန်ရ ရစေမယ်အမေ….။

ထက်ဇော် ၁၂.၄.၀၈

Wednesday, April 16, 2008

အကြမ်းထည်

အတိတ်ကိုလွမ်းရတာထက်

ပစ္စုပန်ကို လွမ်းရတာဆိုတော့

အကျကလေးကလည်း ခပ်နာနာ

အနံ့လေးမပြယ့် တပြယ်နဲ့

ဂုဏ်တော်ကိုရွတ်ခဲ့ရ

လူအဖြစ်ကလည်း

သရဲပုံပြင်အပြောကောင်းပြီး

အိမ်ကိုတော့လိုက်မပို့ဘူး

တစ်ယောက်ကိုသစ္စာရှိဖို့

တစ်ယောက်ကိုသစ္စာမဲ့ခဲ့ရ

နဂိုရည်လေးကိုတော့

အားနာပါးနာ

အနုပညာကို ရဖို့အတွက်

အနုပညာကို သတ်ပစ်လိုက်ရ

ကာမအားပေးရုပ်ရုင်တွေကို

အချိန်ကုန်ဖို့သုံးလိုက်ရ

သက်တမ်းတစ်ဝက်စာရပ်တည်ဖို့

သက်တမ်းတစ်ဝက်ကို သင်ကြားပစ်လိုက်ရ

ဤခရီးနီးသလား

အိပ်ရာက အချိန်မှားထမိသလိုပဲ

ရောက်သွားတော့လည်း မလင်းသေးဘူး

ကိန်းကြီးခန်းကြီး နိုင်လွန်းသူများကို

စိတ်ပါလက်ပါ အလေးပြုပါတယ်

ခေါင်းခွေ့လို့ရတဲ့ နှစ်ချို့ဝိုင်တွေရယ်…

အတောင်အလက်မစုံခင်ကတည်းက

မွေးထားရတဲ့ ဥာဉ်ဆိုးကလေးကလည်း

နည်းနည်းတော့ အရေးကြီးပါတယ်ကွယ်

သွေးနဲ့ကိုယ်သားနဲ့ကိုယ်မို့

ကိုယ့်အတ္ထုပတ္တိလေးဟာလည်း

ဝင့်ကြွားနေပါလိမ့်မယ်

ခန္ဒာကိုချစ်တာလား

ခပ်ပျစ်ပျစ် ဆီဝေ့ဝေ့သိက္ခာကိုချစ်ရမလား

ငါလည်း အတွေးအခေါ်အရည်ကျဲခဲ့တယ်

ခရီးသွားဟန်လွှဲ တံတားလေးပေါ်က

မျက်စေ့လေးစုံမှိတ်ပြီး

နှုတ်ခမ်းလေးစူပြီး

ချစ်တယ် - ချစ်တယ်နဲ့

ဆောင့်ကြီးအောင့်ကြီးအော်တတ်တဲ့

အရွယ်ရောက်စ စနေသမီးလေးတွေကိုတော့

ဒီပွဲမှာမပါစေနဲ့ပေါ့

သူရဲကောင်းမလိုတဲ့ပွဲမို့

ခြွင်းချက်နဲ့လက်တွန့်လို့ရတယ်

မတော်တဆလေးတွေကို

တစ်ခုနဲ့တစ်ခုချိတ်ထားမယ်

ဒီလိုကွ- ညီလေးရဲ့

ဒိုင်ယာရီရေးတယ်ဆိုတာ

ခပ်ညံ့ညံ့ကိစ္စ..။…။

ဇွန်မိုးသစ်

၂၆ သြဂုတ်၊ ၂၀၀၄

နာမည်ပျက်မရှိတဲ့ အရိုင်းအစိုင်းကဗျာစုမှ ကူးယူဖော်ပြပါသည်။

Monday, April 14, 2008

လမ်းများ

ခြေထောက်တွေရောက်မလာသေးခင်

ရင်တဖိုဖို…

တကယ်တော့ ဖုန်ထတယ်ဗွက်ထူတယ်

ကိုယ်ထူကိုယ်ထသမားနဲ့

တရွတ်တိုက်ဖက်ရှင်မယ်…

တစ်ယောက်ယောက်ကလျှောက်မလာသေးသမျှ

သူကိုယ်သူဘယ်ရောက်မယ်မသိသေးဘူး…။

မိုးလှိုင်ည

Tuesday, April 8, 2008

သံစဉ်မဲ့ရထား….

တစ်ခါတစ်လေတော့

ကိုယ့်ကိုယ်ကိုအရသာရှိရှိမေ့လျော့နေမိတတ်တာ

အလေ့အကျင့်တစ်ခုလိုဖြစ်လို့…

တစ်လမ်းမောင်းခရီးသွားအတွက်တော့

ခေါင်းထိုးအိပ်စရာဘူတာစဉ်မရှိခဲ့ဘူး…

ရွာလွန်ရွက်တိုက်သီချင်းနဲ့

စီနင်းသိမ်းပိုက်ခဲ့တာက…

အခွံ့ချည်းသက်သက်ကန္တရတွေပါ…

ဒါပေမယ့်ကျေနပ်နေတယ်…

မင်းကတော့ပလက်ဖောင်းပေါ်နေ

ပလက်ဖောင်းပေါ်သေမယ့်ကောင်…

သားတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့

အဖေတစ်ယောက်ရဲ့မချိတင်ကဲရွေရွတ်သံသာ

သူတစ်ခါတစ်ရံကြားယောင်မိခဲ့တယ်…

ဘ၀….

မိသားစု….

ချစ်ခြင်းမေတ္တာ…

ကဗျာကလွဲလို့…

သူကိုယ်တိုင်အရာရာနဲ့လွဲခဲ့တယ်…

ဒီခရီးစိမ်းစိမ်းတွေမှာ….

သူဥသြသံရှည်ရှည်မဆွဲနိုင်ခဲ့…

သူဟာရထားတစ်စင်းဆိုရင်

ကွင်းပြင်ကျယ်ကျယ်ကိုဖြတ်သန်းလာတဲ့

အထီးကျန်ခေါင်းတွဲတစ်ခုသာ…

သူခေါ်သံတွေအားလုံး…

မိုးကုတ်စက်ဝိုင်းအစွန်းမှာတိမ်ဝင်သွားမှာ

သိနှင့်သားနဲ့….

သူပြောပြချင်တဲ့စကားတွေကရင်နဲ့အမျှအပြည့်အသိပ်…..

မိုးလှိုင်ည

Monday, April 7, 2008

အမေ

အမေ မာရဲ့လားအမေ…
အမေအမာ အရင်လိုလက်အုပ်ချီကန်တော့ဖို့
ကျွန်တော်တို့ ဒီနှစ်မှာအခွင့်အရေးမရလိုက်ဘူး…

နောက်နှစ်တွေမှာကော…
အမေမရှိတော့တဲ့ အမေ့မွေးနေ့တွေမှာ
အမေကို ရည်စူးကန်တော့ဖို့
အမရပူရ ကိုလာဖြစ်အောင်လာခဲ့မယ် အမေ…

အခုတော့
ကျွန်တော်တို နောင်တနဲ့မျက်ရည်တွေတွေကျ
အမေ့ကို စိတ်ချမ်းသာအောင်မထားခဲ့နိုင်ဘူး…
အမေအမာ
အမေက မိခင်ကောင်းပါ..
သားကောင်းတွေလည်းမွေးခဲ့တယ်…
စာပေတာဝန်လည်းကျေ…
တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုလည်းတာဝန်ကျေ…
အမေ့လိုအမေမျိုးကို…
ကျွန်တော်တို့ဘယ်တော့မှပြန်မရနိုင်တော့ဘူး…

ကျွန်တော်တို့ရင်ဘတ်တွေကျိုးကြေကုန်ပြီ…
ကျွန်တော်တို့ပေပေတေတေ
ကဗျာဆရာကောင်တွေကိုဆုံးမပါဦးအမေ…
ကျွန်တော်တို့အသုံးမကျတာကိုထောက်ပြပါဦးအမေ…
ဘ၀မှာရှုံးနိမ့်တဲ့အခါ…
အမေဟာ
ကျွန်တော်တို့မိုးကောင်းကင်…
ကျွန်တော်တို့ရဲ့အလင်းရောင်…
ကျွန်တော်တို့ရဲ့မျော်လင့်ခြင်းအသက်…

အမေရယ်
မြင့်မြတ်တဲ့ဘုံဘ၀ကနေ
အမှန်တရားအတွက်သားကောင်းတွေဖြစ်အောင်
ကျွန်တော်တို့ နှလုံးသားကိုစောင့်ရှောက်ပေးပါဦး…အမေ


မိုးလှိုင်ည

Friday, April 4, 2008

နွေဦး

နွေဦးရေ

ပျော့အီနေတဲ့ ကတ္တရာလမ်းတွေပေါ်

တစ်ရူးတစ်စလို လွင့်ပြစ်ခံထားရတယ်

မိုးရေမ၀တဲ့ ပိတောက်တွေလို

ပွင့်လက်စတန်းလန်း…

ငါ့ကိုယ်ငါ ပြန်မလွမ်းချင်ဘူး…

ခုချိန်မှာ

နွေလေဆိုတဲ့

သူငယ်ချင်းတစ်ယောက်…

ဘယ်လိုအမှောင်မျိုးမှာ

လှောင်ပိတ်ခံနေရမလဲ…

နွေဦးရေ

ကြေကြေကွဲကွဲ အလင်းမှာ

ငါ့ကိုယ်ငါ မဖြန့်ခင်းချင်တော့ဘူး…

လောင်ကျွမ်းခြင်းသာငါ့ကိုပေးပါ

မိုးလှိုင်ည

ရေနစ်နေရစ်တဲ့ ရန်ပွဲ…

ဖုန်မထပါဘူး။

ရှင်သူဟာ ရေရူပြီး နောက်တစ်ပွဲ၊

သေသူဟာ ရေပေါ်ကို လွင့်တက်သွားချိန်

သွေးက စကားပြောတယ်

…………

ငါးမန်းကို ။

ခရမ်းသစ်အိမ်

(kajan.S.Eain ရှဲ့ Struggle under the water)

Tuesday, April 1, 2008

အချစ်တဲ့လား နည်းနည်းတော့ခါးတယ်

စပျစ်သီးချင်တယ်

အမြဲပြောရင် ငါလွန်တာပဲဖြစ်မှာပေါ့

ဖေဖော်ဝါရီ…

မင်းကစပျစ်သီးဆိုရင်

ငါ့အတွက် ရူးသွပ်မူးမိုက်စေဖို့

ပူပြင်းခါးသက်လွန်းတဲ့

ဝိုင်အရက်ပြင်းတွေပဲဖြစ်မှာပါ…

ချစ်ခြင်းက ရှတစူးနစ်လွန်းလို့

တစ်ဘ၀လုံးရူးတယ်…

ခဏတာအစွဲအလန်းက

သံသရာတစ်ခုလုံးကိုလွမ်းစေတယ်…

ငါဘယ်တော့မမုန်းဘူး….

မင်းနဲ့ငါနေထိုင်တဲ့ ဂြိုလ်ဝါကြီးကို

ချစ်ခြင်းမေတ္တာနဲ့တည်ဆောက်ထားတာပဲ…။

မိုးလှိုင်ည

တို့ဘ၀တွေ

သောက်။ သောက်။

သူငယ်ချင်း။

သောက်။ သောက်။

ကနေ့ည

မင်းကိုငါသောက်သလို

မင်းလည်းငါ့ကိုသောက်ပေါ့

လူ့ဘ၀ထဲ

ခေါက်ဆွဲကြော်လေးတစ်ပွဲလောက်မှ

အရက်ကောင်းလေးတစ်ခွက်မလောက်မှ

သောက်စားမသွားရရှာတဲ့ သူငယ်ချင်း

ပွဲတော်အုပ်တွေနဲ့ အမြဲလွဲရှာတဲ့

သောက်။ သောက်။ သူငယ်ချင်း

သောက်လည်းသောက်

စားလည်းစား

စကားတွေနောက်မှပြော

မင်း မောနေမယ်

လောကထဲ

ဒုက္ခတွေရင်ဆီးခံလို့ မင်း ရောက်ခဲ့တာ

အပေါက်အပြဲ ဗရပွနဲ့ ဘ၀ကို

ပေပေတေတေ မင်းရယူခဲ့တာ

ဘာကိုမှ

ထီမထင်တဲ့ဟန်နဲ့

အဖြူပတ်ကလေးတဖွာဖွာ

ဆံပင်ရှည်လေးတစ်ရမ်းရမ်း

ဘိုဟီးမီးယန်းလိုလို ကဗျာဆရာလိုလို

မင်းဟာအနုပညာဆန်တဲ့ ဘိုဟီးမီးယမ်း

`စာတတ်ပေတတ်ကြီး´ တဲ့

တွင်းထဲချကာနီး

မင်းညီက

အိမ်ထဲကအထွက်မှာ

`တစ်ကြောတော့ရှင်းသွားတာပေါ့´ တဲ့

မင်းအစ်မက

ငါ ဘယ်လိုခံစားရပါ့

မင်းထွက်သွားတော့

မျက်နှာကလေး လက်နဲ့အုပ်

တိုင်ကလေးကွယ်ကာ ကွယ်ကာ

မင်းအဖေကြီး ငိုရှာတယ်

မင်းသေတာ လူတစ်ယောက်ပါလို့

ငါဘယ်လိုပြောရပါ့

အသုဘဟာ

လူကလေးနည်းနည်း ခြောက်တီးခြောက်ချက်

ကနဖျင်းမထိုး ပင့်သံဃာမပါ

မင်းရဲ့နောက်ဆုံးခရီးဟာ

ဘယ့်နှယ်ပါလိမ့်လို့

အရပ်ထဲက ပြောစမှတ်ပြုကြမယ်

တို့ဘ၀တို့ကမ္ဘာ

တို့ဝမ်းနာ တို့ပဲသိတယ်သူငယ်ချင်း

ဆင်းဆင်းရဲရဲလူကသာမွဲတာ

ပစ္စည်းမဲ့မာနလေး လက်ဝဲလက်ထဲ

ကျစ်ကျစ်ပါအောင် ဆုပ်လို့

ရိုးသားမှု မြည့်နေအောင်သွေးလို့

မရှိခိုးနိုး မလှစုန်းယိုး

လူဆိုးမဟုတ် သူခိုးမဟုတ်

အဲဒီ့မဟုတ်မခံမျက်နှာပေးကြောင့်

မင်းဆိုလူမုန်းများခဲ့တာ

တစ်ယောက်မျက်လုံးထဲ တစ်ယောက်ဖောက်ဝင်သလို

တစ်ယောက်ရင်ထဲ တစ်ယောက်ခွဲကြည့်သလို

ငါ့အနား မင်းအမြဲရှိခဲ့တာ

ခုနေခါ ဖွင့်ဟတိုင်ပင်စရာပျောက်ပေါ့

ကြုံသမျှတွေ့သမျှ ကြေမွနေလည်း

လောကအပေါ် သရော်တော်တော်

ပျော်စရာလို သဘောထားလို့

ဆီမပါ ပြားမပါ ထမင်းပူပူကြီး ဆားဖြူးလို့

ရက်ရက်စက်စက် မင်း ပွေ့ဖက်သွားခဲ့

သေခါနီး

ဘာတစ်ခုမှ မလုပ်တော့ဘဲ

လမ်းတကာ ဆိုင်တကာလှည့်လည်လို့

သောက်စားခြင်းမှာပဲ မင်းပျော်ဝင်နေတော့

မသွေးဘဲထားတဲ့ဓားလို မင်းအတွေးအခေါ်

မင်းကိုယ်တိုင်အရည်ဖျော်လို့

အဟောသိကံလို့ပဲ သဘောထားရတော့မှာလား

သူငယ်ချင်း

အခုတော့မီးပျက်သွားတဲ့ဇတ်လမ်းလို

အခန်းဟာလေထဲမှာ တိုးလို့တန်းလန်း

နှစ်သစ်ရဲ့ဆန်းစတစ်ရက်မှာ

လူ့ဘ၀ကို မင်းလက်ပြထွက်ခွာသွားခဲ့ပြီ

ဘာတွေရင်းလို့ ဘာတွေရခဲ့လည်း သူငယ်ချင်း

မြို့သစ်ရဲ့ ညချမ်းတွေထဲ မင်းငါ့ကိုထားခဲ့ပြီပေါ့

ကဖေးဆိုင်မှာ အဝေးပြေးဂိတ်မှာ

သေတင်းကုတ်မှာ ဘူတာရုံမှာ

မင်းကို ငါရှာတယ်

ပျောက်ဆုံးသွားတဲ့ အိပ်မက်ကို ရှာသလို

နတ်ဝှက်ထားတဲ့ တို့ရဲ့ငယ်ဘ၀ကို ရှာသလို

မင်းကိုငါရှာတယ်။

မဖြစ်နိုင်မှန်းသိသိနဲ့

မင်းကိုငါတမ်းတမိပါရဲ့

ပြန်ထခဲ့ပါတော့ သူငယ်ချင်း

တို့တစ်တွေဘ၀ကို တစ်ကပြန်စကြရအောင်။

ဟန်နရီမိုး

(အမှတ် ၂၊ မတ်လ၊ ၂၀၀၈)

(ကဗျာအတွက် ကဗျာဆရာဟန်နရီမိုးနဲ့ စပယ်ဖြူ မဂ္ဂဇင်းကို အထူးတလည် ကျေးဇူးတင်ရှိပါတယ်)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...