အခုတော့ မင်းဆုတ်ခွာသွားပြီပေါ့
လူတွေက နယူးရီးယားလို့အော်ကြဦးမယ်
ငါ့ရင်ဘတ်ထဲမှာတော့
ဒဏ်ရာတွေဗလပွနဲ့ ငါ မင်းကိုနှုတ်မဆက်တော့ဘူး
နှစ်သစ်ကိုကြိုဖို့လဲ နှုတ်ဆွံ့နေခဲ့တယ်
ငါ့မြေပေါ်မှာတော့ အမှန်တရားရဲ့ကြယ်တွေ
အစင်းအစင်းကြွေခဲ့တယ် …၂၀၀၇ ရေ
နှစ်ဦးပိုင်းကာလအကျပ်အတည်းမှာ
လျှပ်စစ်မီးပြတ်တောက်တဲ့
မှောင်ကျကျမြို့ကြီး
မျက်ကွင်းတွေဟောက်ပက်နဲ့
မနက်ဖြန်ကိုရင်ဆိုင်မတွေ့ရဲတဲ့
မိသားစုတွေထဲ ငါလည်းပါဝင်ခဲ့တယ်…
ဆန်ဈေးကတက်၊ ဆီဈေးကတက်
အလုပ်အကိုင်မဲ့တဲ့သူတွေ…
ဝမ်းတစ်ထွာကျောင်းဖို့အတွက်
ခါးသီးမှုပေါင်းစုံနေတဲ့လူတွေ
အမျိုးကောင်းသားတွေက
မလေးရှားသွားကျွန်ခံ
အမျိုးကောင်းသမီးတွေက
အသွေးအသားနဲ့ဝမ်းရေးကိုဖြေရှင်းဖို့
ရွေးရမလား … ။
လမ်းဆုံလမ်းခွတွေကို
ကိုထင်ကျော်ထွက်လာတုန်းက
ကုန်ဈေးနှုန်းချပေးပါ …
လျှပ်စစ်မီးပုံမှန်ပေးပါ …
တိုင်းပြည်အတွက်ကြည့်ကြပါဦး …
ဗိုလ်ချုပ်ကြီးများခင်ဗျား …
သူ့ရဲ့သူရဲကောင်းဆန်မှုကို
မျက်ရည်စို့အောင်ထောက်ခံမိတယ် ... ။
ဒီလောက်အကျပ်အတည်းတွေကြား
စီးပွားရေးပိတ်ဆို့တာလည်းဂရုမစိုက်ဘူး
ဘယ်သူတွေဘာပြောပြော …
ဘယ်သူတွေဘာကြောင့်သေသေ
ငါနဲ့ငါ့ဆွေမျိုး ချမ်းသာရင်ပြီးရောတဲ့
ကမ္ဘာမှာဓါတ်ဆီဈေးတက်လို့
ငါလည်းတက်တယ်ကွာ
ကားတွေကို CNG ပြောင်း
ကိုယ့်နိုင်ငံကထွက်တဲ့
CNG ဈေးကိုလည်း ၁၅ ဆ တက်ပစ်တယ်
ဆင်းရဲသားအိတ်ကပ်ကိုလည်း
ဓါးမြတိုက်ထွက်လာတယ် … ။
အင်္ကျီဖြူတွေလမ်းလျှောက်ထွက်လာတော့
အကြမ်းဖက်သမားတွေ၊ ဆူပူဖျက်ဆီးသူတွေ
၈၈ မျိုးဆက်ဟာ လူယုတ်မာတွေအတွက်
မျက်ဖြူဆိုက်စရာ အကြောက်တရား
အားလုံးကို ဖမ်းထားလိုက်ကွာ
ကိုပေါ်ဦးတို့ ဗကသဟာ
ထောင်စောင့်နတ်ကြီးတွေလိုဖြစ်လို့ …
သူခိုးဓါးမြခေတ်မှာတော့ လူကောင်းတွေ
ထောင်သားဖြစ်တာမဆန်းရှာပါဘူးလေ
ပခုက္ကူသံဃာတော်တွေက
လူတွေအတွက်လမ်းထွက်လျှောက်တော့
စစ်ခွေးတွေအရိုးကျွေးထားတဲ့
စွမ်းအားရှင်ဆိုတဲ့ မျိုးမစစ်တွေက
လက်သံတွေပြောင်လိုက်ကြတာ …
ဗုဒ္ဒသားတော် ငြိမ်းချမ်းရေးသမားတွေကိုမှ
ဓါတ်တိုင်မှာကြိုးတုပ်ရိုက်သတဲ့
မိုက်ချက်က ကမ်းကုန်
ကမ္ဘာစုံအရပ်ရပ်ကမှ ကြားလို့မှနားမခံသာ
နှလုံးသားရှိသူတွေတောက်တခေါက်ခေါက်
ကျိန်တဆဲဆဲ …
ခေတ်သစ်ဒေ၀ဒတ်မျိုးက အစွမ်းကုန်
ဆိုးသွမ်းနေပါပေါ့ … ။
သံဃသမ္မဂီရဟန်းပျိုအဖွဲ့က
ကံဆောင်သပိတ်မှောက်မှဖြစ်တော့မယ်
မင်းဆိုးမင်းညစ်ကို မပဲ့ပြင်မဆုံးမရင်
ဗုဒ္ဒသားတော်အဖြစ်က တာဝန်မကျေဖြစ်တော့မယ်
ရွှေဝါရောင်တော်လှန်ရေး …
လမ်းပေါ်မှာမေတ္တာဝေနေတယ် … ။
မေတ္တာသုတ်ရွတ်ဖတ်တဲ့ကိုယ်တော်တွေ
စက်တင်ဘာမိုးရေထဲလျှောက် …
ဘ၀သံသရာမှာအဖျားအနာကင်းရလေအောင် … ။
အာဏာရှင်က ဘယ်လိုတွေးလည်း
လူစုလူဝေးဖြစ်လာရင် ရိုက်သာသတ်ပစ်ကွာ
ငါတို့ရဲ့ အချုပ်အခြာကိုထိပါးလာရင်
ဂေါတမလည်းမထားဘူး … ။
ဗုဒ္ဒရှင်တော်မြတ်ပုံတော်ကိုမှ
လုံခြုံရေးတပ်သားတွေက ဖျက်ဆီးခြေနင်း
သင်္ကန်းနဲ့ကတုံးထဲမှာ မင်းအမျိုးမပါဘူး
ရိုက်သာရိုက်တဲ့ … အရက်တိုက်ပြီးလူသတ်ခိုင်း
ရွှေတိဂုံခြေတော်ရင်းမှာမှ
သံဃာတော်အရှင်မြတ်တွေရဲ့သွေး
လွတ်လပ်ရေးအတွက်စတေးခဲ့ရပြီ … ။
သံဃာတော်တွေရိုက်နှက်တော့
ဘောင်းဘီပွ အင်္ကျီပွနဲ့ Rap သီချင်းကြိုက်တဲ့
ကောင်လေးတွေထွက်ချလာတယ်
`ဘယ်သူတွေမတရားလုပ်တာလဲ … ´
အဲဒီစကားကြားတော့ စစ်ခွေးတွေက
မင်းတို့လား နိုင်ငံရေးသမားဆိုတာ
လည်ပင်းကို စစ်ဖိနပ်နဲ့နင်း ၀ါးရင်းတုတ်နဲ့ရိုက်
မြို့လယ်ခေါင်ပလက်ဖောင်းပေါ်မှာမှ
နားထင်သေနတ်ပြောင်း တေ့ဖြုတ်ပြတယ်
သေရဲရင်ရှေ့ထွက်ကြကွ ငါတို့လက်ကမနှေးဘူး
ပြည်သူကိုခြိမ်းခြောက် …
ကြောက်တတ်အောင် လုပ်ရဲလိုက်တာ … ။
ကမ္ဘာအရပ်ရပ်က ပြောဆိုတော့မှ
သူတို့က မျက်စိသူငယ် နားသူငယ်ပါ
မစုကပဲ ထိပ်တိုက်ရင်ဆိုင်ရေးမသုံးဖို့ …
အလုံးစုံပျက်သုဉ်းရေးမလုပ်ဖို့ …
သူတို့ကို လိုက်လျောဖို့ …
အသိအမှတ်ပြု ဆွေးနွေးပါ့မယ် …
လူတစ်ရာနှစ်ရာလောက်လမ်းပေါ်ထွက်
ဆူပူတာကို
နိုင်ငံတကာသတင်းဌာနတွေက
ဓါတ်ပုံအထောက်အထားတွေ
ဗီဒီယိုတွေကို မယုံပါနဲ့
သူတို့ကိုပဲယုံပါ …
အဲဒါဆို ကုလနဲ့သူတို့လက်တွဲအလုပ်ဖြစ်မှာပါ
ဘယ်သူမှမပါဘူး သူတို့စိတ်ကြိုက်ဆွဲထားတဲ့
အမျိုးသားညီလာခံကြီး အတည်ပြုပြီးရင်ပြီးပါပြီ
ဒီမိုကရေစီကို လမ်းစဉ်ခုနစ်ရပ်နဲ့ ဖော်ဆောင်နေပါပြီ
သူတို့ကိုထောက်ခံကြပါ …
လက်နက်ကိုင်မိန်းမလျာပါးစပ်က
အသံအမျိုးမျိုးထွက်တယ် … ။
အနှစ် ၂၀ ကျော်သွားပြီ …
အဲဒီလောက်အသုံးမကျတဲ့တိုင်းပြည်
အဲဒီလိုဆိုးသွမ်းတဲ့ခေတ်တဲ့
ငါ့လူအဖြစ်ကို ရှက်ရွံ့နေဆဲ …
ငါမသေခဲ့တဲ့ ၂၀၀၇ ရေ …
ငါ့အရင်သေခဲ့တဲ့ သူရဲကောင်းတွေအကြောင်း
ငါကဗျာဖွဲ့မယ် … ။
မိုက်ကန်းသူငတေတွေရဲ့ ဇက်ပိုးသားအပေါ်
အမှန်တရားရဲ့ဓါးသွားတွေ နီးစပ်လာပြီဆိုတဲ့အကြောင်း … ။
မိုးလှိုင်ည
ဓားသွားထက် ကလောင်သွားက ထက်တယ်ဆိုတာ ယုံသွားပြီ မိုးလှိုင်ရေ.. ဖတ်မိ ၀မ်းနည်းမျက်ရည်ဝဲမိပါတယ်။ ယူကြုံးမရလဲဖြစ်မိတယ်။ ဒေါသလဲ ထွက်မိတယ်။
ReplyDelete၂၀၀၇ ကတော့ သေရာပါ အမာရွတ်နဲ့ သမိုင်းမှာ မိစ္ဆာရိုင်းတွေရဲ့ လူမဆန်လုပ်ရပ်တွေကို ကမ္ဗည်းထိုးခဲ့ပြီ။ ၂၀၀၇ ကတော့ ကံမကောင်းစွာနဲ့ သွေးတွေ သုတ်လိမ်းခံခဲ့ရပြီ။ ဒေါသတွေ လျှံခဲ့သလို တောက်ခေါက်သံတွေလဲ ညံခဲ့ပြီ...
၂၀၀၈မှာ ဒီလို ပြဇာတ်တွေ ထပ်မကကြပါစေနဲ့လို့..
ကဗျာအတွက် ကျေးဇူးပါ မိုးလှိုင်..
တစ်နှစ်စာ ရေးထားတဲ့ ဒိုင်ယာရီ တစ်အုပ်ကို အစအဆုံးဖတ်လိုက်မိတယ်။ ထူးခြားတာက ငါ့ကဗျာဆရာမှာ အပျော်တွေပါမလာဘူး။ အလွမ်းလည်း မရှိဘူး။ အရောင်ရင့်ရင့် ဒေါသတွေနဲ့ စွန့်ပစ်ချင်တဲ့ နှစ်ထောင့်ခုနှစ်ကိုပဲ သုညရထားတဲ့ ပုစ္ဆာကို မြတ်နိုးပုံမျိုးနဲ့ လွယ်အိတ်အောက်ဆုံးမှာထား၊ အမှတ်အသားတစ်ခုအနေနဲ့ ငါတို့ သယ်သွားကြရဦးမယ်။ တစ်နှစ်တိုးလို့ ဒင်တို့တမျိုးဆိုးလာရင် မိုးလှိုင်ညရေ - တို့အရိုးတွေ မြေခပါစေတော့ ...
ReplyDeleteခံစားသွားပါတယ် မိုးလှိုင်ည ရေ.........
ReplyDeleteမှတ်ချက် ဆက်ရေးဖို့ အင်အားမဲ့သွားပြီ
ကဗျာဆရာရေ……ငါတို့အားလုံးရင်ထဲက ခံစားချက်ကို တတိုင်းပြည်လုံးစာ ခံစားပြီးများ ဖွင့်ချလိုက်လေသလား။ ကဗျာဖတ်ရင်း တောက်ခေါက်မိတယ်။
ReplyDeleteDear Poet"Ko Moe Hlaing"
ReplyDeletereally appreciate ur poem could shake up my heart n transmitted same wave of bitter feeling.
မိုးလှိုင်ညရေ ... ကျည်ဆန်တွေပလူပျံနေတဲ့ ကောင်ကင်မှာ မင်းတို့ငါတို့ရဲ့ ကလောင်သွားတွေက အသက်ခန္ဓာမြဲနေသရွေ့ ရေးသင့်တဲ့စာသားတွေကို ရေးခြစ်နေဦးမှာပါ ...။ ဓါးသွားထက် ကလောင်သွားက ပိုထက်တယ်တဲ့ ... ဒါဆို စစ်သေနတ်တွေထက်ရော ... ငါတို့ကလောင်သွားတွေ ပိုပြီးထက်မြက်နိုင်ဦးမလား ။ ဘာပဲဖြစ်ဖြစ် အမဲရောင် ကားချပ်မှာ တစ်ချက်လေးပဲဖြစ်ဖြစ် အလင်းစစ်တွေကို ငါတို့ ဆက်လက်ရေးခြစ်ကြမယ် ...။
ReplyDeleteVery nice POEM . Thanks
ReplyDeleteကိုမိုးလှိုင်ညရေ…`သေရာပါအမာရွတ်တွေနဲ့ ကျွန်တော်စွန့်ပစ်ချင်ခဲ့တဲ့ ၂၀၀၇´ ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီးတည်းက သဘောကျခဲ့တာပါ။ ဆီပုံးမရှိတော့ ကြိုက်တဲ့အကြောင်းကို အလွယ်တကူ ပြောခွင့်မရလို့ ခုမှ ကော်မန့်ရေးဖြစ်တာပါ။ ကိုမိုးလှိုင် စွန့်ပစ်ချင်တဲ့ အမှန်တရားရဲ့ ကြယ်တွေ ကြွေခဲ့ရတဲ့ ၂၀၀၇ က မကြာခင်မှာပဲ ကုန်ဆုံးသွားတော့မှာပါနော်။ လာမယ့် ၂၀၀၈ နှစ်သစ်မှာတော့ အဓမ္မကို ဓမ္မက အနိုင်ယူပြီး ကောင်းကင်သစ်တစ်ခုမှာ အမှန်တရားတွေ ပြန်ပြီး ထွန်းလင်းတောက်ပခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ReplyDelete