Saturday, December 8, 2007

ညီလေးသို့…ပေးစာ

ညီလေးရေ…

အရင်တစ်ပတ်ကပဲ အဖေ ဆုံးသွားပြီ

မင်းလည်းဘာမှသိပ်တတ်နိုင်မယ်မထင်လို့

ငါမင်းကို အခုမှအကြောင်းကြားဖြစ်တာပါ

ဆေးရုံကလည်းသေတော့မှ

ရောဂါတစ်မျိုးမျိုးတပ်ပေးလိုက်တာပဲ…

ကိုကျော်သူရဲ့ နာကူ နဲ့ပဲသဂြိုင်္လ်လိုက်တယ်

ဆင်းရဲသားထုံးစံပေါ့ကွာ…

ရက်လည်ဆွမ်းသွပ်လည်းပြီးပြီ

မင်းလည်းစိတ်မပူပါနဲ့တော့…။

ဒါနဲ့

မင်းနိုင်ငံခြားထွက်ဖို့

ပေါင်ထားတဲ့အိမ်လည်းဆုံးသွားပြီ…

အခု အမေရယ်ငါရယ်

တစ်ဖက်ရပ်အဖီလေးတစ်ခုငှားနေတယ်..

အိပ်ရာလိပ်ရယ် အ၀တ်အစားသုံးလေးစုံပဲရှိတဲ့

ငါတို့သားအမိအတွက် အခုနေတဲ့နေရာကချောင်ချိပါတယ်

အိမ်ပြန်ရွေးဖို့အတွက်

မင်းပိုက်ဆံတွေမစားရက်မသောက်ရက်စုနေမှာဆိုးလို့

ငါအသိပေးတာပါ…။

အသက်နှစ်ဆယ်ကျော်မင်းအတွက်

ဝန်ထုပ်ဝန်ပိုးတွေပိမနေစေချင်ဘူး

ဖြစ်နိုင်ရင်တော့ ဒီကိုပြန်မလာနဲ့တော့ကွာ

ငါလည်းဘွဲ့လက်မှတ်တစ်ခုကိုင်ပြီး

ယောင်တောင်ပေါင်တောင်ဆိုပေမယ့်

အမေ့ ပါးစပ်တစ်ပေါက်ကို

မငတ်အောင်ရှာကျွေးလို့ရပါသေးတယ်…

မင်းလည်းကိုယ့်အိမ်ကိုယ့်အရပ်ကိုခွဲပြီး

တခြားတပါးမှာပျော်နိုင်မှာမဟုတ်ဘူးဆိုတာ

ငါသိပါတယ်….

ဒါပေမယ့်

လူပီပီသသနေရဖို့ ကောင်းမွန်တဲ့အနာဂတ်ဆိုတာ

ရေခံမြေခံညံ့တဲ့ငါတို့အရပ်မှာမရှိတော့ဘူး

ညီလေးကျန်းမာပါစေကွာ…..။

မိုးလှိုင်ည

3 comments:

  1. ကောင်းတယ်ဗျာ။ အဲဒီလို ကဗျာတွေ ကျွန်တော်
    ရေးဖို့ အမျာကြီး ကြိုးစားရဦးမယ်။ လေးစားပါတယ် ကိုမိုးလှိုင်ညရေ။ သိပ်ကို ထိလွန်းတယ်။ လက်တွေ့ကြုံနေတာထက် ပိုသိသာနိင်လွန်းတဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။

    ဆိုးသွမ်း

    ReplyDelete
  2. ကိုမိုးလှိုင်ညရေ ကဗျာလေးကို အရမ်းခံစားရတယ် ။ အနုပညာထဲကနေ တကယ့်ခံစားချက်အစစ်အမှန် ၊ အဖြစ်ပျက်မှန်တွေကို ထိုးဖောက်မြင်နေရပါတယ်ရှင် :)

    ReplyDelete
  3. ကဗျာလေး ကောင်းလိုက်တာဗျာ ...။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...