ငါ့ကိုအုတ်ဂူထဲက
ထုတ်ယူလာကြတယ် … ။
ခွဲစိတ်ကုသဖို့လား
ဓါတ်ရောင်ခြည်ကုထုံးနဲ့
ငါ့ကိုသတ်တဲ့ဆဲလ်တွေကို ဖယ်ရှားဖို့လား
ကလုံးနင်းနဲ့ပျက်စီးသွားတဲ့
အတွင်းကလီဇာတွေကို တပ်ဆင်ကြတယ်
နံရိုးတွေကို အသားအစားထိုးတယ်
အကြောတွေနဲ့ ပတ်တယ် …
အရေပြားတွေ ကပ်တယ် …
ပြီးတော့ ငါ့ကို ငါလို့ အတ္တတစ်ခု တပ်တယ် …
အောင်မြင်သွားပြီ …
လူသေကို ပြန်သေခိုင်းချင်လို့ကြိုးစားတဲ့
အင်ဂျင်နီယာတစ်ဖွဲ့လုံး လက်ခုပ်လက်ဝါးတီးတယ်
ဝိုင်ပုလင်းတွေကို ခွဲစိတ်ခန်းထဲမှာတင် ဖောက်သောက်ကြတယ်
အဖွဲ့ခေါင်းဆောင်က ငါ့ကို လက်ဆွဲနှုတ်ဆက်တယ်
ခင်ဗျားက သိပ်ချမ်းသာတဲ့လူဗျာ
အခု ခင်ဗျားအသက်ပြန်ရှင်ခွင့်ရပြီ
ကျွန်တော်တို့သုတေသန ကုန်ကျစရိတ်တွေကို
လူကြီးမင်းထောက်ပံ့ပေးမယ်လို့
မျှော်လင့်တယ် … လို့ ပြောတယ်
သေစမ်း နန္ဒိယ
ငါ့ခံတွင်းထဲမှာ
ဆင့်ငါးဆယ်တန် အကြွေတစ်ပြားပဲ ပါတယ်
ငါက နှစ်ဆယ်ရာစုမှာ
စားပွဲထိုးတစ်ယောက်အနေနဲ့
အလုပ်အကျွေး ပြုခဲ့သူတစ်ယောက်ပါ
ခင်ဗျားတို့ လူမှားသွားပြီ …
ခင်ဗျားတို့ပြောတဲ့ လူချမ်းသာအတွက်
ကိုယ်စားသေပေးခဲ့တာ
အဲဒီလူက ကျွန်တော့်ကျန်ရှိတဲ့အသက်ကို
ယူပြီး
အင်္ဂါဂြိုလ်ကို ပြောင်းရွှေ့သွားပြီ …
ခင်ဗျားတို့ ကျွန်တော့်ကို ပြန်ပေးမဆွဲနဲ့တော့
အခုပြန်သေပေးတော့ … ။
မိုးလှိုင်ည
ကိုမိုးလှိုင်ရေ...ဒီကဗျာလေးကို ဖတ်ရတာ ၀တ္ထုတိုတစ်ပုဒ်ကို ဖတ်ရသလို ခံစားရပါတယ်။ တဖြည်းဖြည်းနဲ့ ကဗျာရှည်တွေ ရေးဖြစ်လာပြီနော်...။
ReplyDelete