ငါ့အမေကို ဘာလုပ်တာလဲ၊ ကလေးတစ်ယောက် မေးတယ်။ သူ့ခါးကိုထောက်လို့ ငါ့အမေကို ဘာလုပ်
တာလဲ။ ဟေ့..ဒီမှာ မေးနေတယ်ကွ။ မင်းပဲဖြေလိုက်ကွာ။ ငါမသိဘူး။ ငါမသိတာတွေ အများကြီးကွ။
မင်းအမေက မင်းတို့အိမ်ထဲမှာ အိပ်ပျော်နေမှာပေါ့ကွာ။ ထပ်မေးတယ် ကလေးက ငါ့အမေကို ဘာလုပ်
တာလဲ။ အေး..ငါတို့လဲ အဲဒါကိုပဲ သိချင်နေကြတာ။ မင်းသိရင်ပြောလေ၊ မင်းကို သရဲသကြားလုံးကြွေးမယ်။
ဟေ့ကောင်.. ငါတို့ဆီမှာ သရဲသကြားလုံးမရှိဘူး။ သိပ်ခါးတဲ့ ဆေးပြားတွေပဲ ရှိတယ်။ ဟိတ်..ချာတိတ်
မင်းသောက်မလား။ ငါ့ အမေကိုဘာလုပ်တာလဲ။ ကလေးဟာ သူ့မေးခွန်းကို ဆက်လက်မေးမြန်းတယ်။
သူ့ခါးကို ထောက်မြဲ။ မှောင်တော့မယ် ကလေး၊ မင်း အိမ်ပြန်တော့ မင်းအမေက မင်းကို စောင့်နေလိမ့်မယ်။
ငါတို့မှာ အချိန်မရှိဘူး၊ ပြီးတော့ ငါတို့မှာ အမေ မရှိဘူးကွာ။ ဘယ်သူပြောတာလဲ၊ လူအ၊ မင်းအမေက
နယူးယောက်မှာ၊ ငါ့အမေက ဂျိုဟာနစ္စဘတ်မှာ၊ ဒီကောင့် အမေက ဟေတီမှာ ငါ့အမေက ဟေတီမှာ
မဟုတ်ဘူး တရုတ်ပြည်မှာကွ။ ငါ့အမေက အားလုံးထဲမှာ အသက်အကြီးဆုံး။ ညညဆို မှန်အိမ်ကလေး
ထွန်းပြီးကျမ်းစာ အမြဲဖတ်တယ်။ ငါ့အမေက သွားတွေ တစ်ချောင်းမှ မရှိတော့ဘူးကွ။ သူက နွားနို့ပူပူ
ကြိုက်တယ် ရေဒီယိုနားထောင်တယ်။ ငါ့အမေက မျက်စိသိပ်မှုန်တာ။ ဒါပေမယ့် ငါ့ကို ဘယ်တော့ဖြစ်ဖြစ်
မှတ်မိတယ် သူက အမှောင်ထဲမှာ ထိုင်ရင်း ငါ့ကို အမြဲစောင့်တာ။ မေရီမှာ သိုးကလေး တစ်ကောင်ရှိတယ်
ဆိုတဲ့ တေး မင်းတို့ နားထောင်ဖူးသလား။ ငါ့အမေကို ဘာလုပ်တာလဲ၊ ကလေးကမေးတယ်။နှစ်ကာလ
တွေက သူ့ကို သေသေချာချာကြည့်တော့ ကလေးဟာ အဘိုးကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။
သူက ဆက်မေးလေတယ်။ ငါ့အမေကို ဘာလုပ်တာလဲ။ မင်းပဲ ဖြေလိုက်ပါကွာ။
နေမျိုး
၁၆၊ ၃၊ ၂၀၁၀
(ချင်းတွင်းမဂ္ဂဇင်း အမှတ် ၅၃၊ သြဂုတ်လ၊ ၂၀၁၀)
( http://www.burmesepoetryfoundation.org/ မှ ကူးယူဖော်ပြသည်)
No comments:
Post a Comment