Pages

Monday, March 21, 2011

သောင်ရင်းမြစ်ကမ်း လရောင်အောက်က ကဗျာရွတ်ပွဲ

(၁)

၁၉၉၁ ခု၊ တော်လှန်ရေးဌါနချုပ်စခန်းဖြစ်တဲ့ ‘မာနယ်ပလော´ မှာ ‘စာဆိုတော်နေ့အခမ်းအနား´ ကျင်းပခဲ့ပါတယ်။ ဒါဟာ ဗမာပြည်လက်နက်ကိုင် တော်လှန်ရေးသမိုင်းမှာ လွတ်မြောက်တဲ့နယ်မြေအတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ‘ စာဆိုတော်နေ့ အခမ်းအနား ´ ဖြစ်ပါတယ်။

ကျနော်က ၁၉၉၂ ခုနှစ်ထဲကျမှ မာနယ်ပလောကို ရောက်လာတာဆိုတော့ အဲဒီနှစ်က ပြုလုပ်သွားတဲ့ စာဆိုတော်နေ့အခမ်းအနားကို မမီလိုက်ဘူးပေါ့။ ဒါပေမယ့် အဲဒီအခမ်းအနားအကြောင်း ကြားရတဲ့သတင်းက ကျနော့်ကို စိမ်းလန်းစေခဲ့တာတော့ အမှန်ပါပဲ။ ဒီအခမ်းအနားမှာ ကျနော် ချစ်ခင်လေးနက်ရတဲ့ စာရေးဆရာ ‘နိုင်ဝင်းဆွေ´ က သူ့ရဲ့ ‘သုံးဖက်မြင်စစ်တမ်း´ စာတမ်းကို ဖတ်သွားတယ်ကြားရတော့ ပိုပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။

၁၉၉၂ ခု ဒီဇင်ဘာလထဲမှာ လွတ်မြောက်နယ်မြေရဲ့ ဒုတိယအကြိမ် စာဆိုတော်နေ့အခမ်းအနား မာနယ်ပလောမှာပဲ ကျင်းပနိုင်ပါတယ်။ ဦးစီးပြီး စည်းရုံးဆော်သြသူက ဒီတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ရဲ့ ဥက္ကဌဖြစ်ခဲ့တဲ့ အဘ ဦးဝင်းခက်( ဝင်းခက်-ရှုဒေါင့်) ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ၊ စာပေသမားတွေ၊ လူငယ်တွေ တော်တော်များများ တက်ရောက်ကြပါတယ်။ ကရင်လူငယ်အစည်းအရုံး စည်းဝေးခမ်းမဆောင်ကြီးမှာ ကျင်းပခဲ့တာပါ။

ကျနော်က ကွယ်လွန်သူ ဆရာ‘မောင်သော်က´ ရဲ့ ‘ အနှစ်နှစ်ဆယ်´ ကဗျာကို စင်ပေါ်တက်ပြီး ရွတ်ဆိုခဲ့ပါတယ်။

၁၉၉၁ ခုနှစ်တုန်းက ပြုလုပ်တဲ့ စာဆိုတော်နေ့အခမ်းအနား တက်ရောက်ခဲ့သူတွေရဲ့ ပြောစကားအရဆိုရင် အဲဒီနှစ်က ကျင်းပတဲ့ စာဆိုတော်နေ့အခမ်းအနားမှာ ကဗျာရွတ်တဲ့အစီစဉ် မပါရှိခဲ့ပဲ ဟောပြောပွဲသက်သက် အစီစဉ်သာ ပါရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယအကြိမ်ကျင်းပတဲ့ ၁၉၉၂ ခု စာဆိုတော်နေ့အခမ်းအနား ကျကာမှ ကဗျာရွတ်တဲ့အစီစဉ် ပါလာခဲ့တာပါ။ မာနယ်ပလောမှာ ကဗျာရွတ်တဲ့အစီစဉ် ပထမအကြိမ် စတင် စီစဉ်နိုင်တဲ့သဘောမို့ ကျနော့်မှာ ကျေနပ်ဂုဏ်ယူနေခဲ့မိပါတယ်။ ဒီိလို ကဗျာရွတ်ခွင့်ရတယ်ဆိုပေမယ့်လည်း ‘ ကဗျာရွတ်ပွဲသပ်သပ် ´ စီစဉ်ဆောင်ရွက်နိုင်တဲ့သဘောတော့ မဟုတ်သေးပါဘူး။ တခြား ဖြေဖျော်မှုအစီစဉ်တွေ ဟောပြောမှု အစီစဉ်တွေနဲ့ ရောပြီး ဆောင်ရွက်နိုင်တဲ့သဘောသာ ဖြစ်ပါတယ်။

အဲဒီ စာဆိုတော်နေ့အခမ်းအနား ပြီးသွားတဲ့အခါ ကဗျာချစ်တဲ့ ကျနော်တို့ရဲ့ စိတ်ထဲမှာ ကျေနပ်ပြည့်ဝတဲ့သဘောတော့ မရှိခဲ့ကြပါဘူး။ ကျနော်နဲ့ ရင်းနီးခင်မင်သူ ကဗျာရေးသူ ကဗျာချစ်သူတစုကတော့ ဒီလောက်နဲ့ မကျေနပ်နိုင်ခဲ့ကြပါဘူး။

ကျနော်တို့က တော်လှန်ရေးနယ်မြေမှာ ကျင်းပတဲ့ စာဆိုတော်နေ့အခမ်းအနားကို ပြည်တွင်းမှာ ကျင်းပလေ့ရှိတဲ့ ပုံစံနဲ့ မကျင်းပချင်ကြပါဘူး။ အထူးသဖြင့် စာပေသမားတွေ စာရေးဆရာတွေက စင်ပေါ်က ဟောတာပြောတာကို လူတွေက အောက်ကထိုင်ပြီး နားထောင်ရတဲ့ ပုံသဏ္ဍာန်ကို မကြိုက်ပါဘူး။

ဒါပေမယ့်လည်း မာနယ်ပလောမှာ ကျနော်တို့ရဲ့အခြေအနေက သာမန်ရဲဘော် အောက်ခြေရဲဘော်တွေဖြစ်ပါတယ်။ ဘယ်အခမ်းအနားမျိုးကိုမဆို ကျနော်တို့ဆန္ဒ ကျနော်တို့အင်အားနဲ့ အကောင်အထည်ဖေါ်လို့ မရနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း စာဆိုတော်နေ့အခမ်းအနားကို ကဗျာရွတ်ပွဲတခုထဲနဲ့ ကျင်းပချင်ကြတဲ့ ကျနော်တို့ရဲ့ ဆန္ဒကို ပြည့်ဝအောင် မတိုက်တွန်းနိုင်ခဲ့ကြပါဘူး။

ဒီလိုနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုထွဋ်ဦးလှိုင်(ယခု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြန်ကြားရေးဌါန တာဝန်ခံ) ပန်းချီဆရာ ကိုဒေါင်းနီ(ယခု အမေရိကား) တို့နဲ့ ကျနော် ဟိုစဉ်တုန်းက ‘မာနယ်ပလော လေထန်ကုန်း´ လို့ ပြောခဲ့ကြတဲ့ ‘ထူးရာစိုးလဘက်ရည်ဆိုင်´မှာ ထိုင်ပြီး ရင်ဖွင့်ကြ တိုင်ပင်ဖြစ်ကြပါတယ်။ နောက်ထပ် စာဆိုတော်နေ့ အခမ်းအနား အစီစဉ်လေးတခု ထပ်လုပ်ဖို့ အိပ်မက် မက်ကြည့်ကြပါတယ်။ တခြား ကဗျာချစ်သူ စာချစ်သူတွေဆီ လိုက်လံဆွေးနွေးညှိနှိုင်းပြီး ကဗျာရွတ်ပွဲတခုကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဌါနချုပ်စခန်းအောက် သောင်ရင်းမြစ်ကမ်းသောင်ပြင်မှာ ပြုလုပ်ကြဖို့ နေရာရွေးလိုက်ကြပါတယ်။

ဒီ ကဗျာရွတ်ပွဲလေးမှာ ကျနော်က ‘ဂျင်းသုပ် လဘက်သုပ်´ နဲ့ဧည့်ခံဖို့ တာဝန်ယူပါတယ်။(ဒီတုန်းက အမျိုးသားဒီမိုကရေစီအဖွဲချုပ်-လွတ်မြောက်နယ်မြေ အဖွဲ့ဝင် အောက်ခြေရဲဘော်တွေဟာ လကုန်တဲ့ရက်မှာ တခါတလေ ဆေးလိပ်ဖိုးအဖြစ် ဘတ်ငွေ ၃၀ ရပါတယ်။ ကျနော်က ဆေးလိပ်မသောက်တတ်တော့ အဲဒီ ဘတ် ၃၀ နဲ့ နောက်ထပ် အလှူခံလို့ရတဲ့ ဘတ် ၆၀ ပေါင်းပြီး လဘက်သုပ်နဲ့ ဧည့်ခံဖို့ တာဝန်ယူခဲ့တာပါ။) ကိုထွဋ်ဦးလှိုင်နဲ့ ကိုဒေါင်းနီက ‘ထင်း´ တာဝန်ယူပါတယ်။ စိတ်ဝင်စားနိုင်မယ်ထင်တဲ့ စာပေသမားတွေကို လိုက်လံဖိတ်ကြားလိုက်ကြပါတယ်။

ကျင်းပမယ့်နေ့နဲ့ အချိန်က နတ်တော်လဆန်း ၂ ရက်နေ့၊ ည ၈ နာရီဖြစ်ပါတယ်။ ကရင်လူငယ်အစည်းအရုံး ခန်းမဆောင်မှာ ကျင်းပတဲ့ စာဆိုတော်နေ့ ဟောပြောပွဲညရဲ့ နောက်တနေ့ည ဖြစ်ပါတယ်။ နေရာကတော့ သောင်ရင်းမြစ်ကမ်း သောင်ပြင်ပေါ်မှာ ဖြစ်ပါတယ်။

တောင်ကနေ မြောက်ဘက်ကို ဦးတည်စီးဆင်းတဲ့ ချစ်သော သောင်ရင်းမြစ်ဟာ အချိုးအကွေ့ပေါင်းများစွာကို လူးလွန့်ချိုးကွေ့ပြီး မြောက်ကနေ တောင်ဘက်ကိုစီးဆင်းတဲ့ ရာဇဝင်ကြီးလှတဲ့ သံလွင်မြစ်ထဲ ခုန်ဆင်းသွားပါလိမ့်မယ်။

ကျနော်တို့က အဲသလို ပထဝီနိုင်ငံရေး အတွေးအခေါ်နိုင်ငံရေးအရ လေးနက်မြင့်မားလှတဲ့ ဘူမိနက်သန် မြေနေရာဖြစ်တယ်လို့ ကိုယ့်အတွေးနဲ့ကိုယ် ခံယူယုံကြည်ခဲ့ကြတာမို့ အဲဒီသောင်ရင်းမြစ်ကမ်း သောင်ပြင်ပေါ်မှာပြုလုပ်မယ့် ကဗျာရွတ်ပွဲလေးဟာလည်း ပိုပြီး အဓိပါယ်တွေ ပြည့်ဝလေးနက် နေလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကျနော်တို့အားလုံး စိတ်လှုပ်ရှား ရင်ခုန်နေခဲ့ကြပါတယ်။

(၂)

မင်္ဂလာပါ...

အစဉ်အလာကို ဖီဆန်

အာခံတဲ့ မြစ်မင်း

သောင်ရင်း သောင်ခုံ

ပုန်ကန်သူတို့ရဲ့ ကဗျာရွတ်သံ

လွင့်ပျံဟီးထ လဝါ လှုံတဲ့ ည။

( ဒေါင်းနီ ရဲ့ ပရမ္မတ္ထ မီးလှုံပွဲ ကဗျာမှ...)

ကျနော်တို့တတွေ ကဗျာရွတ်ပွဲ စတင်တော့မယ်လုပ်တော့ လရောင်က သိတ်ပြီး အင်အားမကောင်းသေးပါဘူး။ ခတ် မှုန်မှုန်ပြပြ လောက်သာ ရှိပါတယ်။ ကောင်းကင်မှာတော့ ကြယ်တွေ တွေ့နေရပါတယ်။ သောင်ရင်းမြစ်ထဲမှာ လရောင်လျော့လျော့ ကြယ်ရောင် ဖျော့ဖျော့က အစိပ်စိပ်အမွှာမွှာ ကွဲစင်ရင်း မျောပါလိမ့်လူး နေပါတယ်။

ဒီကြားထဲ နှင်းတွေက ဒီညကျကာမှ ပိုပြီး ထူထူထပ်ထပ် ကျနေသလားလို့ လည်း ထင်ရပါတယ်။ လူ ၁၈ ယောက် ဝိုင်းစုပြီး ထိုင်နေကြတဲ့ ဝိုင်းရဲ့အလည်မှာ ထင်းမီးဖိုကြီးတစ်ခု ဖိုထားပါတယ်။ မီးညွန့်အဖျားက အပေါ်ကို တလွန့်လွန့်တက်နေပြီး တချက်တချက်မှာ မီးပွါးလေးတွေက မီးညွန့်ရဲ့အပေါ်ကို ဘေးကို လွင့်စင် ကျနေကြပါတယ်။

တအိအိ ပြိုကျလာနေတဲ့ နှင်းထု ဖြူညစ်ညစ်အောက်မှာ ကျနော်တို့ ဝိုင်းစုပြီး ထိုင်နေကြတာပါ။ ကုန်းပေါ်ကို လှမ်းကြည့်ရင် ကရင်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာ(ကျဆုံး)ရဲ့ အိမ်ကုန်းပေါ်က မီးရောင် နီပြပြကို နှင်းတွေကြားက မြင်နေရပါတယ်။ လူ့ဘောင်သစ် ဒီိမိုကရက်တစ်ပါတီ ဌါနချုပ်ရုံးကုန်းပေါ်ကို လှမ်းကြည့်တော့ နည်းနည်းလည်းဝေးတဲ့အပြင် သစ်ပင်တွေကွယ်နေလို့ ဘာကိုမှ မမြင်ရပါဘူး။

မာနယ်ပလောတခွင်လုံး နှင်းတွေအောက်မှာ မြုပ်ဝင်ပျောက်ကွယ်နေပါတယ်။ မာနယ်ပလောမှာ ဘယ်နေရာကပဲကြည်ကြည့် ခန့်ခန့်ထည်ထည် မြင့်မြင့်မားမား လှမ်းမြင်ရလေ့ရှိတဲ့ ‘ဘောနော်လေးတောင်´ ကြီးကိုတော့ မှုံမှုံဝါးဝါး စိမ်းစိမ်းပြပြ မြင်နေရပါတယ်။ တောင်မကြီးရဲ့ ခါးလည်အောက်ခြေက ‘ကွန်မင်ဒိုကုန်း´ ကိုတော့ မမြင်ရသလောက် ဖြစ်နေပါတယ်။ သစ်ပင်တောတန်း တောင်ကုန်းတောင်ကြောအတိုင်း မီးရောင် နီကြောင်ကြောင်လေးတွေကို နေရာ အနည်းငယ်စီခြားပြီး တလှုပ်လှုပ်နဲ့ မြင်နေရပါတယ်။ ပြီးတော့ အဲဒီ မီးရောင်တလှုပ်လှုပ်ဟာ ကောင်းကင်က တလက်လက်ပြိုးပြက်နေတဲ့ ကြယ်ကလေးတွေနဲ့ သွားပြီး တိုးကပ် ပေါင်းစပ်လိုက်ပါတယ်။

အခမ်းအနား မစတင်သေးခင် ထူးထူးခြားခြား ဘယ်သူမှ စကားကျယ်ကျယ် မပြောကြတာကိုလည်း သတိပြုမိလိုက်ပါတယ်။ သောင်ရင်းမြစ်ထဲက စက်လှေတစင်း ခုတ်မောင်းသွားတဲ့ စက်သံ၊ ငါးပွက်လို့ ကြားလိုက်ရတဲ့ ရေပွက်သံက ကျနော့်ရင်ကို ပိုပြီး လှုပ်ရှားလှိုင်းထ စေပါတယ်။

ကျနော်က ကဗျာရွတ်ပွဲ ဘာ့ကြောင့် လုပ်ရတယ်ဆိုတာ ရှင်းပြပါတယ်။ တယောက်တလှည့်စီ စကားနည်းနည်းဆီ ပြောပြီး ကဗျာရွတ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

အခမ်းအနားတက်ရောက်လာသူတချို့က တေးသံရှင် ‘(ကို) မွန်းအောင်´ ကို သီချင်းကိုယ်တိုင် ဆိုတီးပြီး ကဗျာရွတ်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြပါတယ်။ ကိုမွန်းအောင်က လက်ထဲက ဂစ်တာကို တချက်နှစ်ချက် ကြိုးညှိပြီး သူ့ရဲ့ နံမည်ကျော် ‘ငြိမ်းချမ်းရေးတိုက်ပွဲ´သီချင်း ဆိုပါတယ်။

ကျနော်တို့အားလုံး ကိုမွန်းအောင်ရဲ့ သီချင်းသံအောက်မှာ ငြိမ်သက် စိတ်လှုပ်ရှားစွာ နားထောင်နေကြပါတယ်။ ကျနော်နဲ့ ကိုမွန်းအောင်က မျက်နှာချင်းဆိုင်နီးပါး ထိုင်နေကြတာဖြစ်တဲ့အပြင် မီးဖို မီးရောင်ကြောင့် သူ့ကို ကျနော် ထင်ထင်ရှားရှား တွေ့နေရပါတယ်။ နန်းဆွဲထားသလို ကြည်လင်ချိုအေးလှတဲ့ ကိုမွန်းအောင်ရဲ့ အသံကို ကျနော် ပထမဦးဆုံးအကြိမ် အပြင်မှာ ကြားဖူးခြင်းပါပဲ။

ကိုမွန်းအောင် သီချင်းဆိုပြီးတဲ့အခါ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုညိုက ကဗျာတပုဒ် ရွတ်ပါတယ်။ သူက ဆရာကြီးမင်းသုဝဏ်ရဲ့ ‘ဖိုးမောင်လာပြီ´ ကဗျာကို ရွတ်ပါတယ်။ ပြီးတော့ ကဗျာဆရာ ‘တိုက်အောင်´(ကွယ်လွန်) က ကိုယ်တိုင်ရေးတဲ့ ကဗျာတပုဒ် ရွတ်ပါတယ်။ သူက ကဗျာမရွတ်သေးခင် ‘ကဗျာတပုဒ်မှာ ကဗျာမြောက်စေတဲ့ ကဗျာဖြစ်သွားစေတဲ့ စကားလုံး ဒါမှမဟုတ် ပါဒတခု ဒါမှမဟုတ် အပိုဒ်တပိုဒ် ပါကိုပါရမယ်လို့ ဆရာနိုင်ဝင်းဆွေက သူ့ကို ပြောဖူးတဲ့အကြောင်း´ စကားနည်းနည်း လမ်းခင်းပြီးမှ သူ့ကဗျာကို ရွတ်တာပါ။ သူ့နောက်မှာတော့ ကိုစိုးဝင်းညို(ကွယ်လွန်)၊ ပြီးတော့ ကိုနိုင်နိုင်ထွန်း(ကွယ်လွန်)...၊ နောက်တော့ တယောက်ပြီးတယောက် ကဗျာတွေ ရွတ်ကြပါတယ်။ တချို့က ထရပ်ပြီး ရွတ်ပါတယ်။ တချို့ကတော့ ထိုင်လျက် ရွတ်ပါတယ်။

ဝေး

နွေးထွေးပီတိ

စကားမရှိ စာမသိနဲ့

ခံစားဖြည့်စု ဥရောပက ဒိန်ခဲနု။

(ဒေါင်းနီ ရဲ့ ပရမ္မတ္ထ မီးလှုံပွဲ ကဗျာမှ...)

ကဗျာရွတ်ပွဲ စကတည်းက ကျနော်တို့ကြားမှာ ဥရောပသူ မျက်နှာဖြူ အမျိုးသမီးနှစ်ယောက် ဝင်ထိုင်နေတာ တွေ့ရပါတယ်။ တယောက်ကတော့ ဖင်လန်နိုင်ငံက ‘မင်ဂါ´ ဖြစ်ပါတယ်။ နောက်တယောက်က သူ့ရဲ့သူငယ်ချင်း လေယာဉ်မယ်လေး ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက်ကို ဘယ်သူက ဖိတ်လိုက်တာလည်းဆိုတာ ကျနော် မသိပါဘူး။ သူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)က ဦးရမ်းမဂျီးတို့ တေးသံရှင် ကိုမွန်းအောင်တို့နဲ့ ရင်းနီးကြသူတွေဖြစ်တာမို့ သူတို့နဲ့ နွယ်ပြီး ပါလာတာဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ ကျနော်တို့ တယောက်ပြီးတယောက် ထပြီး ကဗျာတွေရွတ်နေကြတာ ကဗျာအကြောင်းပြောနေကြတာကို ဘာသာစကားအရ သူတို့အနေနဲ့ တလုံးမှ နားမလည်နိုင်ပေမယ့် ညဥ့်နက်လို့ လူတွေ အကုန်လုံးနီးပါး ထပြန်ကြတဲ့အချိန်အထိ ထိုင်ပြီးနားထောင်သွားကြတဲ့ သူတို့ရဲ့ စိတ်ဝင်စားမှုကတော့ တကယ့်ကို အံ့သြဖို့ကောင်းပါတယ်။ ကျနော်တို့ရဲ့ ကဗျာရွတ်ဆိုတဲ့ အသံတွေ စိတ်လှုပ်ရှားမှုတွေကို ခံစားလက်ခံယူနိုင်အောင် ကြိုးစားသွားတဲ့သဘောလို့ ယူဆမိပါတယ်။

ဒီတုန်းက ကိုယ်ပိုင်ကဗျာရွတ်တဲ့သူ (၃) ယောက် ရှိပါတယ်။ ပန်းချီဆရာ ကိုဒေါင်းနီ၊ ကိုထွဋ်ဦးလှိုင်နဲ့ ကျနော် ဖြစ်ပါတယ်။ ကျနော်တို့ (၃)ယောက်စလုံးက ကဗျာရွတ်ပွဲအတွက် ရည်ရွယ်ပြီး ဒီကဗျာတွေကို ရေးခဲ့ကြတာပါ။

ကဗျာရွတ်တဲ့သူတွေ တယောက်ပြီးတယောက် ကဗျာရွတ်ကြ ကဗျာအကြောင်းပြောကြနဲ့ ညဥ့်နက်လာပါတယ်။ နှင်းတွေကလည်း ကျသထက်ကျလာပါတယ်။ လရောင်ကလည်း သာသထက် သာလာပါတယ်။ ကျနော်တို့အပေါ် ဖိနင်းထားတဲ့ နှင်းထုကြီးကို လရောင်က သူ့လက်နဲ့ ဖယ်ပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း ထပ်ထည့်စရာ ထင်းမရှိတော့တဲ့အခါ ညဉ့်နက်လာတာကလည်း တကြောင်း အအေးဒဏ်ကလည်း မခံမရပ်နိုင်အောင် ပြင်းထန်လာတာမို့ လူတချို့က ထပြန်ဖို့ ပြောလာကြပါတယ်။

လူတွေ အကုန်လုံးနီးပါး ပြန်သွားကြပါပြီ။ လူတွေ ပြန်သွားကြပေမယ့် ကိုဒေါင်းနီ၊ ကိုထွဋ်ဦးလှိုင်နဲ့ ကျနော်ကတော့ မီးကျွင်းမီးကျန်လေး ဘေးနား ရှေ့တိုးထိုင်ရင်း လရောင်ကို မော့ကြည့်ရင်း အချမ်းဒဏ်ကို တောင့်ခံရင်း ကဗျာရွတ်ပွဲ အမြီးကို ဆက်ပြီး ဆွဲထားကြပါတယ်။ အိပ်မက်တွေ တခုပြီးတခု ဆက်ပြီး လွှတ်တင်ထားကြပါတယ်။ ကဗျာမီးကို ဆက်ပြီး လှုံကြပါတယ်။

ကျနော်တို့ ခေတ်ပေါ်ကဗျာအကြောင်း၊ မိုးဝေကဗျာလမ်းကြောင်း၊ ကဗျာအတတ်ပညာအကြောင်း၊ ခေတ်ပြိုင်တော်လှန်ရေးနဲ့ ကဗျာရဲ့အခန်းကဏ္ဍ...။ ကျနော်တို့ ငြင်းခုန်ခဲ့ကြပါတယ်။

ကမ္ဘာကြီးပေါ်က လူသားအဆန်ဆုံးလူသားတွေဖြစ်တယ်လို့ တင်စားပြောဆိုနိုင်တဲ့ ‘မြကန်´ ကဗျာကိုရေးဖွဲ့သွားတဲ့ ‘အမည်မသိ စာဆို´ အစ ‘မောင်ချောနွယ်´ အဆုံး၊ ချီလီကဗျာဆရာ ‘ပက်ပလိုနဲရူဒါ´ အစ တောင်အာဖရိက ကဗျာဆရာ ‘ဂါဗရီရယ် အိုဂါရာ´ အဆုံး... ကျနော်တို့ ဦးညွှတ် အလေးပြုလိုက်ကြပါတယ်။

မနက် ၃ နာရီထိုးပါပြီ။

လရောင်ကလည်း သောင်ပြင်ပေါ် ဖွေးဖွေးလှုပ်အောင် သာနေပါပြီ။

ကျနော်တို့ရှေ့က မီးဖိုမှာလည်း မီးကျွင်းမီးကျန် တစမှ မရှိတော့ပါဘူး။ ကျနော်တို့လည်းပဲ နှင်းထုကြီးအောက်မှာ လက်ကလေးတွေ ကိုယ်စီပိုက်ပြီး အချမ်းဒဏ်ကို တောင့်ခံထားရင်း ကျနော်တို့ရဲ့ ကိုယ်ပိုင်ကဗျာ ၃ ပုဒ်ကို နိဂုံးချုပ်အနေနဲ့ တယောက်ပြီးတယောက် ထပြီး တကယ့်ကို ခံစားမှု လှိုင်းထန်ထန်နဲ့ ရွတ်ဆိုလိုက်ကြပါတယ်။

တတောတတောင်လုံး ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တခုလုံးကို ကျနော်တို့ရဲ့ ကဗျာရွတ်သံက လွှမ်းမိုး ရိုက်ခတ်နေခဲ့ပါတယ်။

သောင်ရင်းမြစ်ကမ်း လရောင်အောက်က သောင်ပြင်ပေါ်မှာ တော်လှန်ရေးနယ်မြေရဲ့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ကဗျာရွတ်ပွဲဟာ မနက် ၃ နာရီထိုးတဲ့အခါ အောင်မြင်စွာ နိဂုံးချုပ်ပါတယ်။

ငြိမ်းဝေ

( ၂၀၁၁ ခု၊ မတ်လ ၂၁ ရက်၊ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါးအဖြစ် ရေးခြင်းဖြစ်ပါတယ်။ )