Wednesday, March 2, 2011

ငါဖျားနေပြီ..။

စာရေးနေရင်း ကိုယ်အပူချိန်တွေ တက်လာတယ်

ရုံးမှာက ဘယ်သူမှမရှိတော့ဘူး…

အဲယားကွန်းထဲက အေးစက်စက်လေတွေ

ငါ့ရင်ထဲဖြတ်ဖြတ်ပြေးတယ်…

အမ်အမ်ဂိမ်းမာဘက်သွားတယ်

ဝေးလင်ထွန်းက ဦးလေး ဘာဖြစ်နေလည်းတဲ့

ငါဖျားနေပြီဟ

ဘို၀၀င်လာတယ်.. ဟေ့လူ ကိုမျက်စိကောတဲ့

အိမ်ပြန်သွားတယ်ဟ

ဘိုဝဖုန်းလှမ်းဆက်တယ်… ဦးလေး အရက်တစ်လုံးရှိတယ်

အိမ်ကိုလိုက်ခဲ့တဲ့ …

မလိုက်တော့ဘူးဗျာ ကျွန်တော်ဖျားနေလို့

ဆိုဖာပေါ်လှဲအိပ်လိုက်တယ်.. ဘယ်ဘက်စောင်းလိုက်

ညာဘက်စောင်းလိုက်

ငါဖျားနေတာ သေချာပါတယ်…

ကိုယ်ပူချိန်ကမရပ်တော့ ပိုပြီးချမ်းလာတယ်

မိကျော်ရောင်း အင်္ဂလန်မသွားခင်ထားခဲ့တဲ့

အနွေးထည်လိုက်ရှာတယ်…

ပြန်လှဲနေလိုက်တယ်…

ကိုမြင့်ကျော်က ဂျီတော့ထဲကနေ…

ဘားကမ့်အကြောင်းလှမ်းမေးတယ်..

မောင်ဥက္ကာက ဖေ့ဘုတ်ခ်ကနေ

အစ်ကို ဘာလုပ်နေလည်း လှမ်းမေးတယ်

(ငါဖျားနေတယ်ဟ) မဖြေဖြစ်လိုက်ဘူး…

ဖျားနေရင်းတဖြည်းဖြည်းစဉ်းစားမိတယ်

ငါသေသွားရင်မဖျားတော့ဘူး…

အကြွေးတွေရှိသေးတယ် သေလို့မဖြစ်သေး…

ဖျားတာကို သက်သာဖို့ X net ထဲဝင်ပြီး

ရေနှစ်ခွက် ဆင့်သောက်လိုက်တယ်…

ကော်ဖီသောက်ရရင်ကောင်းမလား စဉ်းစားမိတယ်

ဒါပေမယ့် ကော်ဖီဆိုင်က ပိတ်သွားပြီ…

အိမ်လည်းမပြန်နိုင်သေးဘူး…

ဖျားတာကို စိတ်နဲ့မှတ်ကြည့်တယ်

ဒါပေမယ့် မသက်သာဘူး…

(ရှင်နေတဲ့ ရောဂါကို ဘယ်လိုဆေးဝါးနဲ့ ကုရမလဲ)

ငယ်ငယ် ကဗျာဆရာတစ်ယောက်ရေးဖူးတာ

သွားအမှတ်ရမိနေတယ်…

မနေ့ကအထိ ကိုယ့်ခရီးစဉ်ကိုယ်မသိတဲ့

မြေပုံတစ်ချပ်လို နေထိုင်တတ်ခဲ့တာပဲ

အခုတော့အဖျားမိနေတဲ့ ပင်လယ်တစ်စင်းလို

ငယ်ငယ်က ငှက်ဖျား ဖြစ်ခဲ့ဖူးတာ သွားသတိရနေတယ်

ငယ်ငယ်က လိုရူးရူးမိုက်မိုက်ဆိုရင်…

အရက်တွေချည်း ဖိသောက်မိနေမှာလား

လက်ပါတ်နာရီကို လှမ်းကြည့်မိတယ်…

ကိုယ့်အတွက် အချိန်သိပ်မရှိတော့ဘူး …

မီးခလုတ်တွေလိုက်ပိတ်တယ်…

ကွန်ပြူတာကို ပိတ်တယ်…

မဆီမဆိုင် စီးကရက်ကို မီးငြှိမိလိုက်တယ်

ဒီဆေးလိပ်တစ်လိပ်ကုန်ရင်…





မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...