Wednesday, January 21, 2009

ပြောပြလို့မရဘူး

ငါ့နောက်ကျောမှာဓားစိုက်နေတာကအမေမွေးလိုက်ကတည်းက

နာကျင်ခြင်းကိုအရသာခံဖို့ဆောင်းရာသီမှာဒဏ်ရာပြင်းပြင်းထန်ထန်လိုတယ်

အမဲလိုက်အကမှာမိုးခြိမ်းသံပါသလား…

ကမ္ဘာကြီးရေလွှမ်းမိုးတာရာစုနှစ်ဘယ်လောက်ကြာခဲ့သလဲ..

မလေ့လာရသေးခင်

ရေခဲခေတ်ဇာတ်ကားကရုံပြည့်သွားပြီ

စိတ်ရှိလက်ရှိညှို့ယူကြည့်လည်း ကိုယ့်ကိုယ်ကိုပြန်မျိုလို့မရတာဆိုးတယ်

လေထဲကရနံ့ကို စကားလုံးအားဖြင့်ဖော်ပြရန်မတတ်နိုင်ပါ…

jpgဖိုင်ပေါ်ကမျက်လုံးမှာဆာလောင်မှုကိုဖုံးအုပ်ထားတယ်

နန်းစွန့်ဘုရင်တစ်ပါးလို

ငါတစ်ယောက်တည်းပေမယ့် အပြုအမူကတော်ဝင်စံတယ်

ကိုးကွယ်ယုံကြည်မှုက ပိုစ့်မော်ဒန်ဘာသာရေးပဲ…

အငြင်းပွားဖို့ရာစိတ်မ၀င်စားဘူး

လှေနံဓားထစ်စာမျက်နှာတွေကို အလွတ်မကျက်တတ်လို့ပါ..

လိပ်စာမသိတဲ့မြို့ကိုအလည်သွားဖို့လက်မှတ်ဖြတ်ထားတယ်

ဖေဖော်ဝါရီမရောက်ခင် ရန်ကုန်မြို့ကဆုတ်ခွာချင်တာလည်းအလွန်အမင်းပဲ..

ငါ့ကော်ဖီခွက်ထဲမှာ ကူးခတ်နေတဲ့ပိုးဟပ်တစ်ကောင်ရှိတယ်

အိပ်ဆေးပုလင်းထဲမှာ အိပ်မက်တွေရှိမနေပါ

ငါ့နောက်ကျောကိုအမှတ်မထင်လှည့်ကြည့်မိတော့

လက်ကနဲပဲ

ပြောပြလို့မရအောင်ဆောင်းက ပိုပြီးပြည့်စုံသွားပေါ့…။


မိုးလှိုင်ည

4 comments:

  1. ကြိုဆိုပါတယ်
    အဲဒီမြို့လေးကို မင်းချစ်သွားစေရမယ်

    ကြိုဆိုပါတယ်
    အဲဒီမြို့လေးမှာ မင်းကဗျာအသစ်တွေရှိမယ်

    ကြိုဆိုပါတယ်
    အဲဒီမြို့လေးမှာ ငြိမ်းချမ်းခြင်းတွေရှိတယ်

    ကြိုဆိုပါတယ်
    အဲဒီမြို့ရဲ့ ဖေဖော်ဝါရီမှာ ချစ်သူတွေ ရှိကြတယ်။

    ပြောပြလို့ မရတာ မကြီးကိုတော့ ပြောပြပါနော်

    ReplyDelete
  2. ကိုမိုးလှိုင်ရေ
    ကဗျာလာဖတ်သွားတယ်ဗျ
    အဆင်ပြေပါစေခင်ဗျာ

    ReplyDelete
  3. ကဗျာလာဖတ်ပါတယ်ဗျာ :)

    ReplyDelete
  4. အငြင်းပွားဖို့ရာစိတ်မ၀င်စားဘူး
    လှေနံဓားထစ်စာမျက်နှာတွေကို အလွတ်မကျက်တတ်လို့ပါ..

    မိုက်တယ်ညီရေ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...