Friday, January 9, 2009

ကြေးကြီးတဲ့ သက္ကရာဇ်တွေ


အလောင်းအစား လုပ်တာ ၀ါသနာမပါပေမယ့်

ကျွန်တော်တို့ဘ၀တွေက

လောင်းကစားဆန်တယ်. . . အမေရယ်

မြင်းကောင်းမှန်ရင်

ဘယ်အချိန်မှာ ခွာလိပ်မလည်း

ဟောဒီ ရင်တထိတ်ထိတ်နေ့စွဲတွေထဲ

ခွေးတွေ သေနတ်ကိုင်ထားတာ

မြင်ဖူးချင်သလား

ငါတို့ဆီကို လာခဲ့တဲ့

ကျွန်တော့်သူငယ်ချင်းက ရယ်သွမ်းသွေးတယ် . . .

ထောင်တန်တဲ့စကားတွေလည်း

အခါခါရယ်ပေါ့ . . .

လောကဓံ ခါးခါးသီးသီးအောက်

အသက်ဓာတ်ကို ကိုယ်ဖော့တတ်ရတယ်

အနာဂတ်နေ့စွဲတွေကိုဓားနဲ့ထစ်

အမှန်တရားဆိုတဲ့ ငနဲကလည်း

‘ငယ်ငယ်က ခြေကျိုးလိမ်တစ္ဆေခေါ်သလို

ဘယ်အခါမှ ပေါ်ပေါ်မလာဘူး

ကဗျာတစ်ပုဒ်အတွက်၊ ဆောင်းပါးတစ်ပုဒ်အတွက်

မှန်သော စကားတခွန်းအတွက်

ကျွန်တော့်သူငယ်ချင်း ကဗျာဆရာတွေ

ထောင်ဒဏ်တွေအများကြီး စာမူခရထားဖူးတယ်

မငိုပါနဲ့အမေ

ကျွန်တော့်ခေတ် ကျွန်တော်တို့လောကဓံကြားမှာ

သမိုင်းနံရံပေါ်က

အမှန်တရားဖြင့် လောင်ကျွမ်းခဲ့သူစာရင်း

အနာဂတ်နိုင်ငံမှာ လင်းလက်နေလိမ့်မယ်

ကြေးကြီးတဲ့ သက္ကရ်ာဇ်ထဲမှာ

လက်မထိပ် အပ်စိုက်ထားသူချည်းပါပဲ . . .

မိုးလှိုင်ည

4 comments:

  1. God see the truth, but wait လို့ ကြားဖူးတာပဲ ကိုမိုးလှိုင်ရေ.. ခုချိန်ထိ wait နေတုန်းပဲ :P
    သူငယ်ချင်းကဗျာဆရာတွေ ရသွားတဲ့ စာမူခကိုတော့ အားမကျပါနဲ့ ကဗျာဆရာရယ်.. တော်ကြာ တကယ်နှစ်ချို့သွားမှဖြင့် ကဗျာတွေ မဖတ်ရဘဲ နေပါ့မယ်… ကြေးကြီးတဲ့ သက္ကရာဇ်ထဲမှာ အမှန်တရား ကိုယ့်အနား ရောက်လာမယ့်တစ်နေ့ကို စောင့်ရင်း ဘ၀တွေကို အလောင်းအစား ဆက်လုပ်ကြတာပေါ့

    ReplyDelete
  2. ကိုမိုးလှိုင်ညရေ - ကဗျာက ကောင်းလွန်း၊ ထိမိလွန်းတယ်။ တခါတလေတော့ အစ်ကို့လို ရေးတတ်ချင်တယ်ဗျာ။ ကျေးဇူး။

    ReplyDelete
  3. မိုးလှိုင်ည.. ခင်ဗျားရဲ့ စကားလုံးတွေကောင်းတယ်ဗျာ..
    အိုင်ဒီယာ အတွေးတွေလည်း တောက်တယ်..ဟုတ်တယ်.. တကယ်ကို ကြေးကြီးတဲ့ သက္ကရာဇ်တွေ နဲ့ ကျွန်တော်တို့တွေ ကြုံကြိုက်နေရတာပဲ..

    ReplyDelete
  4. မြင်းကောင်းမှန်ရင်
    ဘယ်အချိန်မှာ ခွာလိပ်မလည်း
    ဟောဒီ ရင်တထိတ်ထိတ်နေ့စွဲတွေထဲ

    အမှန်တရားဆိုတဲ့ ငနဲကလည်း
    ‘ငယ်ငယ်က ခြေကျိုးလိမ်တစ္ဆေခေါ်သလို
    ဘယ်အခါမှ ပေါ်ပေါ်မလာဘူး
    ကဗျာတစ်ပုဒ်အတွက်၊ ဆောင်းပါးတစ်ပုဒ်အတွက်
    မှန်သော စကားတခွန်းအတွက်
    ကျွန်တော့်သူငယ်ချင်း ကဗျာဆရာတွေ
    ထောင်ဒဏ်တွေအများကြီး စာမူခရထားဖူးတယ်

    လက်မထိပ် အပ်စိုက်ထားသူချည်းပါပဲ . .

    ကောင်းလိုက်တဲ့ စာသားတွေပဲညီ။ တော်တော်ကို ထိတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...