`ရိုးရိုးကျင့် - မြင့်မြင့်ကြံတဲ့
သက္ကရာဇ်များရဲ့ ဧည့်ခန်းဆောင်မှာ
ယောင်လို့တောင် မပြောတော့ဘူးမေမေ။
အကျင့်လွန်ဒုက္ခသည်များ
မြင့်မြင့်ကြံရင်း လွဲချော်သူများ
လူမှုဗေဒ လှိုင်းလုံးတွေကြားမှာ
သွားပါများ ဖိနပ်ပေါက်လို့
ခိုတစ်ကောင်စာလောက်တောင်မှ
ကိုယ့်ဝပ်ကျင်းကိုယ်မသာယာနိုင်ခဲ့ဘူး။
`ကြည့်သောသူသည် …. မြင်၏တဲ့
မြင်သူတိုင်းလည်း မကြည့်နိုင်ပါဘူး မေမေ။
ရောက်တဲ့ရာသီမှာ
အချိန်အခါကိုယ်စီနဲ့
ဘယ်လမ်းဟာ
ဘယ်ပန်းနဲ့ထိုက်တန်တယ်ဆိုတာမျိုး
လက်မှတ်ရက…
လက်မှတ်မဲ့ကို အားကိုးနေရမှတော့
ခါးချိုးနေရတာကိုက
အကျင့်တစ်ခုလို ဖြစ်ခဲ့ပေါ့။
`လှိုင်းကြီးလှေအောက် ဆိုတာလည်း
လှေမှောက်ရင်တော့
လှိုင်းအောက်ရောက်တတ်တာပဲ မဟုတ်လားမေမေ။
မေမေ…
ဟောဒီ ကမ္ဘာကြီးကိုပြောင်းပြန်လည်လို့
တစ်ကစပြီး ငယ်ခွင့်ရမယ်ဆိုရင်
တစ်ချိန်တစ်ခါဆီက မျော်တမ်းဖူးတဲ့
ထမင်းဆီဆမ်း ရွှေလင်ပန်းကို
လွမ်းလှတယ်ပေါ့မေမေ။
ခုမနေတော့…
ဘ၀ဆိုတဲ့စိုက်ခင်းကြီးထဲမှာ
အိပ်မက်တွေကို အခါခါကြဲချရင်း
ကလေးဘ၀က ရင်ဘတ်တွေကိုသာ
မြင်ငတ်နေမိတော့တယ်။
မြင့်မြင့်မကြံနိုင်တာကလွဲရင်
ရိုးရိုးတော့ ကျင့်ဆဲပေါ့ မေမေ ။ ။
ငြမ်းမြင့်အောင်(ချောက်)
အမှတ် (၃၈) ဇန်န၀ါရီ၊ ၂၀၀၉၊
တစ်ကယ်အနှစ်သာရပြည့်ဝတဲ့ကဗျာကောင်းတစ်ပုဒ်ပါဗျာ..
ReplyDeleteမိုးကြယ်
ကဗျာလာဖတ်သွားတယ် ညီရေ။
ReplyDelete