Tuesday, June 19, 2007

တောင်တက်သမား

၆၄ နှင်းမှုန်ကြား
ငါ့သားကွလို့ ကြုံးဝါးခဲ့တဲ့ ဖေဖေအသံ
၂၀၀၄ ကျောက်တောင်တွေဆီ ပဲ့တင်ပြန်လာတော့
သား ပြုတ်ကျတော့မယ်ဖေဖေ။
အောင်ပင်သာဆိုတဲ့
ကျေးရွာသင်္ချိုင်းကလေးကနေ
မိတ္ထီလာ ကန်ရေပြင်ကို ဖြတ်သန်း
သားကို လှမ်းကြည့်လိုက်စမ်းပါ။
ဟိုအရင်
ဆိတ်ဖလူးပင်တွေကြားထဲ ဆော့ပြေး
ဖေဖေ့ရွှေရောင်အိပ်မက်ကလေးဟာ
ရှေ့တိုးမရ နောက်ဆုတ်မရ
ရုန်းမရ ကန်မရ
ခြေကုန်လက်ပန်းကျလို့
တောင်တက်လမ်းဟာ
မတ်စောက်မြင့်မားခဲ့ပါတယ်။
တောင့်ထားလိုက်
တောင့်ထားလိုက်
နောက်ထပ်ပြိုဆင်းမသွားအောင် တောင့်ထားလိုက်
အသက်အောင့်ထားရတဲ့ နေ့ရက်တွေရှည်ကြာ
လူ့ဘ၀ဆိုတာ
ဘာမှမဟုတ်ဘူး။
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်တော်လှန်ရေး
တောင်ညိုဒေသ
ရိုးမတိုက်ပွဲများ
ငရဲခန်းများနဲ့ လုံးထွေးရင်း
သူဌေးသားဘ၀ကို စွန့်လွှတ်ခဲ့တဲ့ ဖေဖေဟာ
နောက်ဆုံး ခေါင်းမာမှုတစ်ခုတည်းသာ ယူဆောင်နိုင်ခဲ့ပြီး
ဒီကမ္ဘာကြီးက ထွက်ခွာမသွားခဲ့ခင်
မျိုးဆက်အပေါ် ဘယ်လောက်အထိ စာနာနိုင်ခဲ့ပါသလဲ။
ဖေဖေက “အနီ” ဆိုရင်
သားက “အပြာ”
ဖေဖေက “ကျည်ဆန်တစ်တောင့်”ဆိုရင်
သားက “သံလွင်တစ်ခက်”
ဖေဖေက “မြေပုံတစ်ချပ်”ဆိုရင်
သားက “ကဗျာတစ်ပုဒ်”
ကျဆုံးမှုတိုင်းကို ငြင်းဆန်ပြီး
ရူံးနိမ့်မှုတိုင်းကို တင်းခံခဲ့ပေမဲ့
ဟောဒီ ညနေခင်းလေးမှာတော့
သားကို ဖေဖေခွင့်လွှတ်ပေါ့
သားပြုတ်ကျတော့မယ် ဖေဖေ။ ။

မိုဃ်းဇော်
(သေတမ်းစာကဗျာစာအုပ်မှ)

1 comment:

  1. ဒါလေးကြိုက်လို့ ကျမ ဘလောဂ့်မှာ ပြန် ဝေမျှလိုက်ပါတယ် ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...