Friday, March 27, 2009

ကျွန်တော်နဲ့သူမ


သူမက
western park ကဘဲကင်ကို
အာသီသရှိတဲ့အချိန်
ရပ်ကွက်ထိပ်က ၀က်ဂေါင်းသုပ်တောင်
ကျွန်တော်ဝယ်မကျွေးနိုင်ခဲ့ဘူး...
နင်မဲဖိုးတွေမပေးတာသုံးရက်ရှိပြီ
အသေးစားပြန်ပေးဆွဲမှုတွေ
ငါစိတ်မ၀င်စားဘူး...
နင်တော်တော်အကြင်နာကင်းမဲ့တာပဲ
တစ်ခါလာလည်း ပိုက်ဆံ
တစ်ခါလာလည်း ပိုက်ဆံနဲ့
နင်လည်း ဘာထူးလဲ
ကြမ်းခင်းဈေးဘယ်လောက်လဲပဲမေးနေတာ
ဒီခေတ်ကြီးထဲမှာ
ငါလည်း ဖရီးကစ်တွေဝင်အောင်ကန်မသွင်းတတ်ဘူး
ငါ့ခြေသလုံးကြွက်သားက
ပေါင်သန်းနှစ်ဆယ်တန်တယ်လို့
နင်ကိုကြွားဝါပြီးချစ်ခဲ့တာမဟုတ်ဘူး
ဘယ်အချိန်နှိုးမေးမေး
ငါ့သန်းခေါင်ယံအတွေးတွေထဲမှာ
နင်ရှိတယ်...
နင်ငါ့ကိုမသိတော့တဲ့အချိန်တောင်
ငါ့ရင်ဘတ်ထဲမှာနင်ရှိတယ်...
တူညီတဲ့အချစ်ကို
လွှဲချော်ခဲ့ရတဲ့အိပ်မက်ထဲမှာ
ငါချစ်ခဲ့တယ်...
နင်နဲ့ငါထားခဲ့ရတဲ့
နေ့စွဲတွေများစွာထဲမှာ
ညီမလေးရယ်စာနာတတ်တဲ့
နှလုံးသားကိုယ်စီရန်ဖြစ်လို့နေခဲ့တယ်...

မိုးလှိုင်ည

Thursday, March 26, 2009

ငါတို့အားလုံးဟာ ချေ


ချေ ဦးထုပ်ကိုဆောင်းတယ်
ချေဂွေဗားယားတီရှပ်နဲ့
ချေ လိုစီးကရက်ကိုခဲလို့
ချေ လိုပဲ ကဗျာရွတ်တယ်…
ငါတို့လက်ထဲမှာက keyboard

ဒါဟာတော်လှန်ရေးလုပ်နေတာ…

ဆောင်းရာသီနန်းတော်ကိုသိမ်းပိုက်ဖို့
ရေတပ်သဘောင်္ပေါ်က အမြောက်သံ
ငါ့နားထဲ ခုထိတဆတ်ဆတ်ညံတုန်းပဲ

လွတ်လပ်ရေးကြေငြာစာတမ်းကို
ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့အထိ
မြောက်အမေရိကတိုက်မှာ
စစ္သေဘာၤတစ္စီးမွမရွိဘူး….

အဲဒီလိုနဲ့ ကမ္ဘာမှာတော်လှန်ရေးတွေရှိခဲ့တယ်…

`လူဆိုတာတော်လှန်ရေးလုပ်ရတယ်…
ဖိနှိပ်သူတွေကိုတွန်းလှန်တာဟာ တရားမျှတမှုပဲ…´
ဘာတစ္စတာရဲ့ အကျဉ်းထောင်ထဲမှာ
ဖီဒယ်ရဲ့ ရဲရဲတောက်စကား…။

`အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်´
ရွှေတိဂုံခြေတော်ရင်းမှာ
သခင်အောင်ဆန်းရဲ့ ဂန္တ၀င်စကား
ငါတို့ကြားနာနေဆဲ

ဟနွိုင်းမှာပဲဖြစ်ဖြစ်
ပါရီမှာပဲဖြစ်ဖြစ်
တော်လှန်ရေးသမားဟာ
ဖိနှိပ်မှုတွေကိုတွန်းလှန်နေရမယ်လို့
ဟိုချီမင်းတွေးခဲ့သလို

အခုငါတို့
ငရဲပြည်အထိ အမြန်လမ်းမ
ဖောက်လုပ်ပြီးစီးသွားပြီ
နပိုလီယန်နဲ့
အဆင်းဘီးတပ်ပေးဖို့ပဲကျန်တော့တာ…။

မိုးလှိုင်ည

Wednesday, March 25, 2009

ခင်ဗျားအခုဘာလုပ်နေတာလဲ?

ကျွန်တော်ကဗျာရေးနေတယ်…
အဲဒီလိုပြောရင်…
`ခင်ဗျားရေးနေတာ ကဗျာလားဆိုတဲ့´ မေးခွန်းက
ကိုယ့်ရင်ဘတ်ကိုပြန်ပြန်ဆောင့်တယ်
လက်လှုပ်လှုပ် ခြေလှုပ်လှုပ်
အလုပ်ပြုတ်တာကအစ
စစ်ကြေငြာတာအထိ…
ခင်ဗျားစကားလုံးတွေနဲ့ ထည့်ထည့်လှုပ်တယ်…
ကဗျာဟာ စက်ရုံကထွက်သလို
ပုံစံတူ ဒလဟောနဲ့
လောင်းကစားသမားဆန်ဆန်
ငွေမျောရင်ငွေနဲ့လိုက်
ကဗျာမျောရင် ကဗျာနဲ့လိုက်လို့
ခင်ဗျားအနုပညာကို အဖတ်ဆယ်လို့ရနိုင်ပါ့မလား…
အဲဒီမေးခွန်းတချို့နဲ့
ကိုယ့်ကိုယ်ကိုပြန်တိုက်ခိုက်မိတဲ့ည
ကျွန်တော်ကဗျာရေးလို့မရတော့ဘူး…
ဒါပေမယ့်
ကျွန်တော် ကဗျာကို အသေအချာရေးနေတာပါ…။

မိုးလှိုင်ည

Saturday, March 21, 2009

ဂျုံးနီ

ဂျုံးနီ

ငါအရက်မူးပြန်လာတိုင်း ပြန်လာတိုင်း
ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊
လူတွေဟာ
သူတို့သောက်တဲ့ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊
လူတွေဟာ
သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းငြီးမခံနိုင်ကြဘူး
မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ
အရင်သမား ငါ့ကိုအသိအမှတ်ပြုနေကျ
ဂျုံးနီ
ငါစိတ်အခန့်မသင့်ရင်လေ
မင်းကိုယ်ပေါ် ငါ့ခြေထောက်တွေရောက်နေကျ
ငါ့ဒေါသက
ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
နာလွန်းလို့ မင်းအော်လိုက်ရင်တောင်
မင်း
ငါ့ခြေထောက်တွေ အားနာနေကျ
ဂျုံးနီ
မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေးဝင်လာ
အမြဲတမ်း ငါ့ကိုကြိုတာ
တာဝန်အရလို့ မင်းစိတ်မှာ မထားမရှိတာ
ငါမြင်ရ
ငါရခဲ့တယ်။
ဂျုံးနီ
ငါမင်းကို အသားကောင်းကောင်း မကျွေးခဲ့ဖူးဘူး။
တစ်ခါတစ်ရံတော့
ငါ့စိတ်ကောင်းဝင်နေမှုဟာ
ချောကလက်လေးတွေအဖြစ် မင်းစားရပါတယ်။
ဂျုံးနီ
ငါမှတ်မိတယ်
မင်း မြေကြီးကို တူးတူးပြီးဆော့တတ်တာလေ
ငါ သိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့
ငါက
မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ
ဂျုံးနီ
လေတဟူးဟူးထန်နေတုန်းက
မင်းနှုတ်သီးကိုရှေ့ပစ်ပြီး
တအူးအူးတအုအုနဲ့ မင်းအူမြူးနေတာ
ငါဒုတ်နဲ့ လိုက်ရိုက်တော့
မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ၊
ဂျုံးနီ
မင်းကိုယ် ၀၀ဖီးဖီးကြီးနဲ့
ငါ့ကို ဆောင့်ဆောင့်တိုးဝှေ့နေကျလေ
ငါလက်ဖျောက် တစ်ဖျစ်တီးလိုက်ရင်
မင်းလိုက်လိုက် ဟီဟီနေကျ
ငါက မာန်မဲလိုက်တဲ့အခါ
မင်းလျှာကြီးနဲ့ငါ့ကို မြန်မြန်လျက်တယ်
ငါက လိုလားတဲ့အခါ
မင်းကျောတွေ ပွတ်ပွတ်ပေးနေကျ
ဂျုံးနီ
ငါ အခုခါ
အဲလိုမျိုး မာန်မဲအရသာခံချင်တယ်၊
ဂျုံးနီ
မင်းမျက်လုံးမှာ
ငါ့မေတ္တာကို မွတ်သိပ်ကြောင်းပြနေကျအရောင်
ငါခု ဒါကို မင်းလိုမွတ်သိပ်နေပြီ။
ဂျုံးနီ
မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။
ဂျုံးနီ
ငါဘယ်လောက် ရက်စက်သလဲကွာ
မုန့်ပဲသရေစာလေး မင်းကိုကျွေးတာတောင်
မုန့်ကလေးမင်းကိုမြှောက်ပြပြီး
ဖုန်ထဲပစ်ချလိုက်တာ
ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို
မင်း စိတ်မာနမထားဘဲ
မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ
(တကယ်တော့
မေတ္တာဆိုတာ ဖုန်ထဲကမုန့်ကလေးပါလားလို့
ငါမသိလိုက်ခဲ့ဘူးကွယ်၊)
ဂျုံးနီ
မင်းနေကောင်းရဲ့လားကွယ်။
ဂျုံးနီ
အိပ်ယာပေါ်မှာ
ဘာမှမလှုပ်နိုင်တဲ့ မင်းသခင်
နောက်ဆုံးထွက်သက်နဲ့ပေါ့ မင်းကိုနှုတ်ဆက်ချင်းရဲ့
ငါ့နောက်ဆုံးထွက်သက်နဲ့ပါ
ဂျုံးနီရယ်။ ။



မောင်ချောနွယ်

Tuesday, March 17, 2009

အလုပ်ပြုတ်ပြီ .. ဘာဆက်လုပ်မလဲ?


အိတ်ကပ်ထဲကိုငုံ့ကြည့်တော့
မြန်မာငွေကျပ် ခုနှစ်ထောင့်နှစ်ရာ့ငါးဆယ်
(ဗိုလ်ချုပ်ခေါင်းနဲ့ ပိုက်ဆံတွေမပါ)
သေချာတာက မနက်ဖြန်
မနက်စောစောထစရာမလိုတော့ဘူး…
အခုညနေစောင်းတော့
စမ်းချောင်းဘက်ဒိုးရင်ကောင်းမလား
ဖိုးသူတော်ကိုပဲ ၀က်မြှီးမှာချိန်းရင်ကောင်းမလား…
မထူးပါဘူး ..နေပူပါတယ်
နီးစပ်ရာ ဘီယာဆိုင်ထဲဝင်
ရွှေပါတ်အသေးတစ်ပြားမှာ
အာလူးကြော်နဲ့ကောက်ဝါးနေလိုက်တယ်…
မနက်ဖြန် သွားစရာအလုပ်မရှိတော့ဘူး
အမေရိကန်မှာ ဆယ့်တစ်သန်း
တရုတ်မှာက နှစ်ဆယ့်ခြောက်သန်းတဲ့
ငါတို့နိုင်ငံမှာလည်း ငါကဘယ်နှယောက်မြောက်လည်း
အလုပ်လက်မဲ့ဖြစ်သွားတာ…
တော်တော်တော့စိတ်ပျက်ဖွယ်အနေအထားပဲ…
မနက်ဖြန်နေမြင့်အောင်မအိပ်မိဖို့အရေးကြီးတယ်
အမေသိရင်စိတ်ပူနေလိမ့်မယ်
အလုပ်သွားချင်ယောင်ဆောင်ရဦးမယ်…
အခုထက်ထိတော့ ကိုယ့်ကိုယ်ကို
စိတ်မပျက်မိသေးဘူး…
မနက်ဖြန်မှာ မဖတ်ရသေးတဲ့ကဗျာတွေရှိတယ်…
မမက်ရသေးတဲ့အိပ်မက်တွေရှိတယ်…
စီးပွားတက်ကပ်ပြီးလို့
စီပွားပျက်ကပ်ဆိုက်တာ….
ဘာဖြစ်လည်း
ဘဏ်လုပ်ငန်းတွေကိုကယ်တင်ဖို့
ငါ့အိတ်ထဲကပိုက်ဆံတွေအကုန်သုံးပစ်မယ်…..။
(ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံတွေမပါ)

မိုးလှိုင်ည

Monday, March 16, 2009

မပျံသန်းရဇုန်

ကိုယ့်အတောင်ပံတွေကို
မယုံတော့ဘူး...
အလှောင်ခံရပြန်များတော့
ဘယ်တော့မှပျံသန်းခွင့်မကြုံတဲ့ကောင်းကင်
စိတ်ကူးယဉ်ကြည့်ရင်တောင်
ခဏခဏပျက်ကျတယ်...
မေမေ
ကျွန်တော်ကိုမွေးတဲ့နေ့ကနေရောင်ခြည်တွေနွေးထွေးတယ်ဆို
တစ်သက်လုံးလောင်မယ့်မီးကို
ဘယ်သူတွေရှို့ခဲ့တာလည်း
အခုတော့အနာဂါတ်လည်းပြာကျသွားပြီ...
ရှင်စရာအသက်ကလွဲရင်
နောက်ထပ်ဘာမှမရှိတော့ပါ...
အမေ့ကိုရှိနေစေချင်တယ်
အမေ့ကို ရှိမနေစေချင်တော့ဘူး
အဲဒီလို ဒွိဟတွေကကျွန်တော်လမ်းတစ်လျှောက်လုံးပဲ...။

မိုးလှိုင်ည

ရန်ကုန်

မရောက်ဖူးခင်ကတည်းက

ငါမုန်းနေတဲ့မြို့ဟာရန်ကုန်ပေါ့

ငါအရောက်ဖူးချင်ဆုံးမြို့ဟာလည်း

ရန်ကုန်ပဲဖြစ်ပြီး…

ငါ့အောင်မြင်မှုကို အပြည့်အ၀ရယူနိုင်မယ့်မြို့လို့

ငါယုံကြည်ရာမြို့ဟာလည်း

ရန်ကုန်ပါပဲလေ။


ရန်ကုန်ရေ… မိတ်ဆွေကြီးရေ

မင်းရဲ့မြေဆွဲအားပေါ်မှာ

ငါရပ်တည်ခဲ့ပုံတွေကိုအမှတ်ရစွာနဲ့

ခုလိုရေးမိပါရဲ့။

နီးနီးလေးကို ဝေးဝေးဖြစ်အောင်မောင်းပို့တဲ့

ရန်ကုန်မြို့ကြီးရဲ့ သုံးဘီးသမားတွေဟာ

ငါ့မုန်းတီးမှုကို

စတင်အတည်ပြုပေးလိုက်သလိုပါပဲ


ကုန်တိုက်အောက်မှာ

ခြောက်ကပ်နေတဲ့ လင်းပိုင်အသေကို

ဇောက်ထိုးဆွဲလို့

အထဲက အဆီတွေတစ်စက်ပြီးတစ်စက်ကျ

လင်းပိုင်ဆီထုတ်ပြီးရောင်းချနေပုံဟာ

ငါမုန်းတဲ့

လူအတွေကို လှည့်ဖျားတဲ့

ရန်ကုန်ပါပဲလေ။


ရန်ကုန်ကို ငါမုန်းတယ်

ဘယ်အချိန်ထိ မုန်းခဲ့သလဲဆိုရင်

သူ့ကို မေတ္တာသက်ဝင်မချစ်ခင်အထိပေါ့

ပညာရယ် သြဇာရယ် အသပြာရယ်

တစ်ခုခုမပါရင်

ရန်ကုန်မှာ ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့ရာ

မဖြစ်နိုင်ပါဘူး

မင်းနဲ့ပက်သက်ပြီး ဒီလို

ကြားခဲ့ဖူးတယ် ရန်ကုန်ရေ။


ရန်ကုန်ရေ

မင်းဟာမြွေပွေးတွေကိုလက်ခံထားရသလို

ရွှံ့ရုပ်တွေကိုလည်း လက်ခံထားရရဲ့

မင်းဟာဘဏ်တိုက်ကြီးတွေကို လက်ခံထားရသလို

သူတောင်းစားတွေကိုလည်း လက်ခံထားရရဲ့

မင်းဟာ

ရှေးအဖိုးကြီးများကိုလက်ခံထားရသလို

ကမ္ဘာမှာအတော်ဆုံး မော်ဒန်ကဗျာဆရာတွေကိုလည်း လက်ခံထားရပေရဲ့

ညညဆို

မြွေပွေးတွေ နိုက်ကလပ်ကို တရွေ့ရွေ့တွားသွားကြ

ရွှံ့ရုပ်တွေက ပင်လယ်ထဲ ဒိုင်ဗင်ထိုးကြ

နေ့နေ့ဆို

ဘဏ်တိုက်ကြီးတွေ လမ်းလျှောက်ထွက်ကြ

ငရဲပြည်သွားမယ့်လူတွေကြိတ်ကြိတ်တိုးလို့

ကောင်းကင်ဘုံသွားမယ့် ဘတ်စ်ကားကြီးတွေတစ်စင်းပြီးတစ်စင်း

ထိုးဆိုက်လို့

ရှေးအဖိုးကြီးတွေက မော်ဒန်ကဗျာတွေဖတ်ပြီး ပြုံးလို့

အော်- ရန်ကုန်

ညည ဖောင်ပိတ်ချိန်ရောက်ရင်

မဟာဗန္ဒုလလမ်းပေါ် ငါလျှောက်ရင်း

နီယွန်မီးရောင်အောက်က

ရန်ကုန်မြို့ရဲ့လေထုကိုရှုသွင်းရင်း

အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့ဆိုတဲ့

စာသားကို မဆီမဆိုင် သတိရမိပေရဲ့


ညထဲ

အမှိုက်ကားဝင်လာတော့

ကျီးကန်းတွေခုန်ဆင်းလာတဲ့ အချိန်

လမ်းဘေးကဖေးဆိုင်မှာ ငြိမ်ငြိမ်လေးထိုင်လို့

ဒီလိုနဲ့

မင်းကိုငါ အကြောင်းပြချက်မရှိဘဲ

မေတ္တာသက်ဝင်မိတာပါ….။


နေမျိုး


(လူဖြစ်ရတာကောင်းတယ်)ခေတ်ပေါ်ကဗျာစာအုပ်မှ

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...