Saturday, October 15, 2011

ချစ်သော ... အီရှာ သို့ ...



အီရှာရေ...

မင်းခွင့်ပြုမယ်ဆိုရင်

ငါ မင်းကို လက်ထပ်ချင်ပါတယ်

အဲဒီလက်ထပ်ထိမ်းမြားခြင်းဟာ

ဘယ်လိုအကြွေးမျိုးကိုမှ

ပေးဆပ်ခြင်း မဟုတ်စေရဘူး

မင်းသဘော မင်းဆန္ဒ မင်းစိတ်တိုင်းကျ ဖြစ်စေရမယ်...။


ငါ့ဆွေမျိုးအသိုင်းအ၀ိုင်းက

မင်းကို နှိပ်စက်ကလူပြုကြတဲ့အခါ

ငါ မင်းရှေ့က မားမားမတ်မတ် ရပ်တည်မယ်

ငါ့ရဲ့ထိတွေ့မှုတွေတိုင်းကို

မင်းအလိုမတူတဲ့အခါတိုင်း ငြင်းဆန်ခွင့်ရှိပါတယ်

ငါ့ရဲ့အိပ်ယာမှာ မင်းမပျော်တော့တဲ့အခါ

အချိန်မရွေး အိမ်တံခါးကို တွန်းဖွင့်ထွက်ခွာသွားနိုင်တယ်

ငါ့ရဲ့ရင်ခွင်က မင်းကို သာယာမှုတွေ မပေးနိုင်တော့တဲ့အခါ

ငါ့ကိုတစ်ယောက်တည်းထားခဲ့ပြီး

ငါမဟုတ်တဲ့ အခြားဘယ်သူမဆိုရဲ့ရင်ခွင်မှာ

စိတ်ချမ်းသာပျော်ရွှင်မှုကို မင်းရှာနိုင်ပါတယ်...။


မင်းဟာ ငါဝယ်ထားတဲ့ အရုပ်မဟုတ်ဘူး

မင်းဟာ လူသားတစ်ယောက်ဖြစ်တယ်

မင်းဟာ ငါမွေးထားတဲ့ ခွေးမဟုတ်ဘူး

မင်းဟာ လူသားတစ်ယောက်ဖြစ်တယ်

ငါဟာ မင်းကိုးကွယ်ရမယ့် နတ်ဘုရားမဟုတ်ဘူး

ငါဟာလဲ လူသားတစ်ယောက်ပဲဖြစ်တယ်

ငါဟာ မင်းအမြဲနာခံရမယ့် မင်းရဲ့သခင်မဟုတ်ဘူး

ငါဟာလဲ လူသားတစ်ယောက်ပဲဖြစ်တယ်

အဓိပ္ပါယ်မဲ့တဲ့ ကိုးကွယ်ယုံကြည်မှုတွေကို ခဏဘေးဖယ်ထား

လူလူချင်း စာနာထောက်ထားမှုတစ်ခုတည်းနဲ့

ငါတို့ရဲ့ရှေ့ခရီးကို ဆက်သွားကြမယ်...။


အီရှာရေ...

မင်းငါ့ကို လက်မထပ်နိုင်ရင်လဲ ရှိပါစေ

ငါ့အခန်းနံရံမှာ မင်းဓါတ်ပုံကို ချိတ်ဆွဲထားမယ်

ပြီးတော့...

မင်းမျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်ရင်း

ငါ့နှလုံးသားကို

ကြွေးကြော်သံတွေနဲ့ အသက်သွင်းမယ်...

အကြမ်းဖက်ဝါဒ ... ကျဆုံးပါစေ

အစွန်းရောက်ဝါဒ ... ကျဆုံးပါစေ

မတရားမှုတွေ ... ကျဆုံးပါစေ...။ ။


အီရှာ (Aisha) ဟာ ကလေးဘ၀ကတည်းက သူ့မိသားစုရဲ့ သွေးကြွေး ( blood debt )အနေနဲ့ပေးအပ်ခြင်းခံခဲ့ရပြီး နောက်ပိုင်းမှာ တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦးနဲ့ အလိုမတူဘဲ လက်ထပ်ခဲ့ရတယ်။ သူမအသက် ၁၈ နှစ် အရွယ်မှာပဲ ယောက်ျားအိမ်ကနေ ထွက်ပြေးတယ်ဆိုတဲ့ ပြစ်မှုအတွက် လင်ယောက်ျားကိုယ်တိုင်ရဲ့ နားရွက်ဖြတ်၊ နှာခေါင်းဖြတ်ပြီး အပြစ်ပေးခြင်းကို ခံခဲ့ရတယ်။ အဲဒီလို မှတ်လောက်သားလောက်အောင် အပြစ်ပေးဖို့ နယ်မြေခံ တာလီဘန်တပ်မှူးက အမိန့်ချခဲ့တယ်။


နေဘုန်းလတ်

సోర్సు- https://www.facebook.com/pages/Nay-Phone-Latt

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...