Wednesday, June 10, 2009

ပိုစ့်မော်ဒန်ကဖေးမှာ ငါ့ကိုရှာပါ။

အ၀ါရောင်တိမ်တိုက်တွေ မင်းမူနေတဲ့ဆည်းဆာကိုကြည့်ရင်း…..

ငါတစ်ခုခုကို လွမ်းဆွတ်နေဖို့ကောင်းတယ်….

အဖြစ်အပျက်တွေက ဟောင်းနွမ်းဆွေးမြေ့လွန်းတဲ့အတွက်

နှလုံးသားကို ရှေးဟောင်းမြို့တစ်မြို့ တူးဖော်သလိုတယုတယပေါ့

အပြိုင်အဆိုင်ပေါက်ကွဲ နေကြတဲ့ ဟစ်ဟော့သံတွေကြားမှာ

ဘာကိုယုံကြည်ရမှာလည်း…

သစ္စာတရားတွေ ကတိစကားတွေ အလွယ်တကူကျိုးပျက်နေတဲ့ခေတ်မှာ

မင်းရဲ့ စောင့်နေပါဆိုတဲ့ စကားတစ်ခွန်းနဲ့

ငါက ပိုစ့်မော်ဒန်ကဖေးမှာ။


ဆက်သွယ်ရေးဂြိုလ်တုက ကြော်ငြာတွေကြည့်ရင်း

လက်ကိုင်ဖုန်းထဲက မက်ဆေ့ခ်အရ

မင်းက ဆက်သွယ်ရေး ဧရိယာပြင်ပမှာတဲ့

ငါ ဘယ်လိုမှဆက်သွယ်လို့မရအောင်

မင်းက တခြားဂြိုလ်ကမ္ဘာတစ်ခုမှာလား

အထပ်သုံးဆယ်မြင့်တဲ့ ဟော်တည်အခန်းထဲမှာလား

တစ်ဖက်လမ်းမှာရှိတဲ့ စားသောက်ဆိုင်ထဲမှာလား

ဒါမှမဟုတ် ငါ့နောက်ကျောကစားပွဲမှာ

မင်းရည်းစားတစ်ယောက်နဲ့ထိုင်နေတာလား

ဘယ်လိုမှ ဆက်သွယ်လို့မရတော့..

မင်းကိုချစ်တဲ့အကြောင်း တယ်လီပသီနည်းနဲ့ပြောနေမိတယ်

ငါ့ဘေးလွယ်အိတ်ထဲမှာ

မင်းကြိုက်တတ်တဲ့ကဗျာတွေပါတယ်

ဒီညနေ မင်းအပြုံးတွေနဲ့ လဲလှယ်မယ့်ငါ့ယုယခြင်းအစစ်တွေပါမယ်…

မင်းဆံပင်တွေကို ထိုးဖွမယ့်ငါ့သွယ်လျလျလက်ချောင်းတွေပါမယ်

မင်းကိုစိတ်ကောက်နေတဲ့ ဂစ်တာတစ်လက်ရဲ့

အလွမ်းဓာတ်ခံသီးချင်းတွေပါမယ်

အခုညနေ ငါစားသုံးချင်တာက မင်းအချစ်တွေတို့လူးထားတဲ့

ငါ့ နှလုံးသားပါ…။


မိန်းမတွေရဲ့ သစ္စာစကားကို ရေပေါ်မှာပဲရေးမှတ်ထားပါတယ်။


ဘယ်သူကများပြောသွားခဲ့တာပါလိမ့်…

ငါကတော့ အတွေ့အကြုံဝါဒသမားပါ

ကိုယ်တိုင်မှားဖူးတဲ့သင်ခန်းစာတွေကိုမှ လက်ခံယုံကြည်တတ်တဲ့

ခပ်ညံ့ညံ့လူမိုက်တစ်ယောက်…

အခုတော့ ပိုစ့်မော်ဒန်ကဖေးမှာ ရက်ပေါင်း နှစ်ရာစတေးခဲ့ရတဲ့

အသည်းကွဲသင်ခန်းစာတစ်ရပ်…

တစ်ရက်မှာတော့ မင်းလက်ထပ်တော့မယ့်သတင်းကြားတယ်

ငါ့မယုံပါဘူး..။

မင်းနဲ့ငါ ချိန်းလက်စ တန်းလန်းကြီး

မင်းဘက်က ပျက်ကွက်တယ်လို့ ဘယ်ပြက္ခဒိန်နဲ့ယုံကြည်ပြီးလက်ခံရမလဲ

ကော်ဖီကြိုက်တတ်တဲ့မင်းအတွက်

ငါတစ်ယောက်ပဲဖျော်တတ်တဲ့ နှစ်ချို့ကော်ဖီတစ်ခွက်ကို

အာသီသရှိလာတဲ့တစ်နေ့

မင်း ပိုစ့်မော်ဒန်ကဖေးကို ပြန်လာမယ်လို့ ငါယုံကြည်တယ်။


အမှောင်က တအိအိပြိုကျလာနေပြီ…။


၁၉ ရာစုလိုခေတ်နောက်ကျနေတဲ့

ငါတို့မြိုကလေးမှာ

ယူကလစ်ပင်တွေတန်းစီပေါက်နေတဲ့

ညနေစောင်းလေးကိုထားခဲ့ပြီး…

မင်းထွက်ခွာသွားတယ်

မင်းဘာတွေကို ခုံမင်နေခဲ့တာလည်း

ပိုစ့်မော်ဒန်ကဖေးမှာတော့

ချစ်ခြင်းရဲ့ ဂန္တ၀င်ညနေစောင်းတွေနဲ့

ငါကလွမ်းကောင်းနေဆဲလေ…။

မိုးလှိုင်ည

7 comments:

  1. မိန်းမတွေ့ရဲ့ သစ္စာတို့ ကတိတို့ကို ယုံလိုက်မိသူကို က မှားသွားတာ ဦးလေ.. ရေ ပေါ်မှာထက် မြောင်းပုတ်ရေပေါ်မှာ ရေးမှတ်ပါ အဲ့ဒီ စကားတွေကို...

    ခုလိုပြောရတဲ့ အတွက် စိတ်မကောင်းဘူး..

    ReplyDelete
  2. အလို.. အားကောင်းလှချည်လား..။

    ReplyDelete
  3. ကောင်းလိုက်တာ..

    အသဲတစ်ခါကွဲဖူးတိုင်း မိန်းမတွေ မကောင်းဘူးဆို
    ဖေဖော်ဝါရီမှာ အသဲကွဲဖူးတိုင်း ဖေဖော်ဝါရီက ချစ်စရာမကောင်းတာ မဟုတ်ပါဘူးနော်း)

    ReplyDelete
  4. ကဗျာလေးကောင်းတယ်ဗျ........

    ReplyDelete
  5. ကျွန်တော့် အတွက်ကတော့ မလွမ်းလောက် ခဲ့ဘူးဗျာ။ ဒါပေမယ့် မိန်းမတွေကိုတော့ မမုန်းပါဘူး။ :)

    ReplyDelete
  6. ယောက်ျားတွေရဲ့ သစ္စာစကားတွေကတော့ လေထဲမှာတင် လွင့်မျောပျောက်ပျက်သွားလိုက်တာ... ဖမ်းလို့ မမိနိုင်အောင်ပါပဲ.....

    စောင့်နေပေမယ့် ပြန်မလာတော့တဲ့သူကို ညနေခင်းတိုင်း လွမ်းနေမိတဲ့ မိန်းကလေးတွေလဲ ရှိမှာပါ။

    ကဗျာလေး ကောင်းတယ်ဆိုတာကိုတော့ မပြောခဲ့တော့ဘူးနော် :)

    ReplyDelete
  7. မိန်းမတွေကတော့ မုန်းစရာတော့ မဟုတ်ပါဘူး.. ချစ်စရာ လေးတွေ ရှိနေတာတော့အမှန်ပဲ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...