Saturday, June 6, 2009

မိုးထဲမှာငါ

Thursday, July 5, 2007

မိုးထဲမှာ...ငါ

ဇူလိုင်မိုးတွေက တဖွဲဖွဲတသည်းသည်း မရည်ရွယ်ဘဲ ငါ လမ်းတွေလျှောက်မိနေတယ်။ တစ်ခုခုသိချင်တယ်... တစ်ခုခုရှိနေစေချင်တယ်... အခုတော့ ငါတစ်ယောက်တည်း မိုးရွာထဲမှာ ငါ့ အတွေးမပါဘဲ လျှောက်သွားနေတယ်... ခြေလှမ်းတွေက ညှို့ငင်ယူထားတဲ့ ဆူးလေဘုရားလမ်းမပေါ်မှာ ရန်ကုန်မြို့ကြီးဟာ အမြဲတမ်း ပြောင်းလဲနေတယ်... အနုပညာအပေါ် ဂျစ်ပဆီတွေသစ္စာရှိသလို... ငါလည်း သစ္စာရှိတယ်... ငါ ကဗျာဆရာဆိုတဲ့အတွေးနဲ့...ရန်ကုန်မြို့ထဲမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘူး...virus café မှာ ငါကိုယ်တိုင် ဗိုင်းရပ်စ်သင့်ခဲ့ရတဲ့နေ့ရက်တွေ... ရင်ထဲမှာ ထပ်မံဖွဲ့ဆိုစရာ မလိုတော့တဲ့ ကဗျာတွေ... Berlin Museum ထဲက ပန်းချီကားတစ်ချပ်ကို သတိရတယ်...
"The girl drink wine with gentleman" ကိုယ့်ကိုယ်ကိုShutdown လုပ်တော့ ဖန်သားပြင်က အဖြူအမည်းတွေ တဖျတ်ဖျတ်... ဘ၀ဆိုတာ အက်စကေလေတာစီးသလိုပဲ ကိုယ်ရပ်နေလည်း သွားနေမှာ... အခုမှတော့ မထူးဘူး... တစ်၊ ကိုး၊ ကင်းနဲ့ ထအောပစ်လိုက်တယ်... ငါ မနက်ဖြန် ကံကြမ္မာနဲ့ မျက်နှာမသစ်တော့ဘူး...။

မိုးလှိုင်ည

"ကဗျာ 20.07.09.02"

Sunday, September 2, 2007

"ကဗျာ 20.07.09.02"

ဒါဆို ဒါပဲ .. လာဆဲမနေကြနဲ့
ဘာလဲကွာ .. မသာပဲဖြစ်ဖြစ် သာပဲဖြစ်ဖြစ်
လူ့အဖြစ်ဟာ ပုပ်စော်တွေနံနေတာကြာပေါ့ကွာ
မမြင်တတ်ရင် မူးကိုမြစ်ထင်လို့
မနံတတ်ရင်လည်း အရှုးကို နတ်ထင်တယ်
ယဉ်းကျေးတယ်ဆိုတာ တွေသမျှလူကိုရိုကျိုးပြတာလား
သွားစမ်းပါကွာ .. မနားတမ်းအော်နေတဲ့ လက်ခုပ်တွေဟာ
အယုတ်တမာ ယဉ်ကျေးမှုတစ်ခုပါ
မဟုတ်တာတွေနဲ့ ကျုပ်ဟာနေခဲ့တာ ကြာပေါ့
အဲဒါကို အဆင့်မြင့်လူ့အဖွဲ့အစည်းလို့ခေါ်လား
သမိုင်းဆရာမှာ ခေါင်းမပါတာကြာပြီ
ကွမ်းတစ်ရာကျွေးပါ .. ရေတမုတ်တိုက်ပါ ..
မိုက်တာဟာ .. ကြိုက်တာကို မပြောရဲတဲ့လူတွေမှာပဲရှိတယ်
ဒါကိုပဲဘ၀င်ခိုက်
ဝေဖဲမှာ တစ်ကိုးကင်းကျရင်
ဓားနဲ့ပဲရှင်းချင်တယ်
မင်းကိုယ်မင်းဇာတ်လိုက်ပဲထင်နေလား
ချစ်သူဖို့ ဟောတဲ့တရားကို ခိုးနားထောင်ရအောင်
မင်းကိုယ်မင်း ဘာကောင်ထင်နေတာတုန်း
ကဗျာဆရာဟာ "စာစကား" နဲ့ညာခဲ့တယ်လို့
ချစ်သူကထင်မယ် ...
လောကမှာကွယ် ... မင်းဟာချစ်သူပါလို့
ငါဘာလို့ ညာဖြစ်တာလဲ
တကယ်ဆို မင်းဟာ ”ကဗျာ”
စကြာဝဌာတစ်ခုလုံးကို ပက်သက်ချင်တယ်
လက်မထပ်ဖူးတာတောင်သစ္စာ ကိုတောင်လိုထူခဲ့တယ်
အလိုတူပါ .. ချစ်သူ
ယုတ္ထိဗေဒဆို ဘ၀င်မကျတတ်တာကလွဲလို့
ကျူးလွန်ခဲ့သမျှမှာ ၀န်ခံရဲတာလည်း ငါပါပဲကွယ်
ဟို စတယ်ကြီးနဲ့နေတဲ့လူထက်တော့ နည်းနည်းသာတယ်
မာယာနယ်မှာ တွယ်တာမိပါတယ် ..
တပည့်တော် အမိုက်အမဲလေးကို ရိုက်လည်းရိုက်ပါ ..
စိတ်ဆိုတာ စေရာသွားတဲ့ အမျိုးမို့ တိတ်တခိုးပဲဖြစ်မိတယ်
ကံစရိတ်တစ်မျိုး ကဗျာကိုကျောပိုးပြီး
သံသရာ ရွာရိုးကိုးပေါက် ကျွန်တော်မျိုးလျှောက်ခဲ့ပြီ
ရတနာအိုးကို လာလာခိုးနေကြတာကိုး


မိုးလှိုင်ညနှင့် ကိုဖြိုး
အွန်လိုင်းဗားရှင်း

အရင်က ကဗျာဟောင်းလေးပါ ကိုဖြိုးကိုလည်း သတိရလို့ ပြန်တင်လိုက်တာ...။

Thursday, June 4, 2009

အနူမြူဗုံး

ကုန်သွားတဲ့
နှစ်တစ်ရာကို ဖန်လုံအိမ်အာနိသင်ထဲထည့်
ငါ့တို့ဟာ
စစ်ပွဲကိုစိုက်ပျိုးခဲ့တယ်
မျက်ရည်စက်ထဲမှာ မော်လီကျူး
ဘယ်လောက်ပါဝင်နေမလဲ
ရင်ထဲမှာတောင်
မစမ်းသပ်မဖောက်ခွဲရဲတဲ့
အနူမြူဗုံးတွေ
ဘယ်လိုအသည်းနဲ့များတီထွင်ထားခဲ့ကြတာလဲ…။

မိုးလှိုင်ည

Wednesday, June 3, 2009

နောက်ဆုံးခံတပ်

ရန်ကုန်အကြောင်းဆို
သွေးမတိတ်လို့ ငါ့သူငယ်ချင်းတွေလည်း
ငါ့ကို့ မြင်ပြင်းကပ်လှရော့မယ်
ဒီတစ်ခါလည်း ငါရေးပါရစေ…
ဒီတစ်နေ့ပေါ့
အမှိုက်တွေပုံထားတဲ့ ဘဏ်လမ်းထဲမှာ
ငါ့ကျောင်းနေဖက်ဇော်မင်းနဲ့တွေ့တယ်လေ..
လမ်းဘေးလက်ဘက်ရည်ဆိုင်လေးမှာထိုင်ပြီး
ငယ်ငယ်က အကြောင်းတွေကို
ရေနွေးကြမ်းနဲ့မြည်းတာပေါ့..
ဘိုစိန်ကဆန်ဖရန်စ္စကိုရောက်နေပြီး
အသေးလေးက ဆွှစ်ဇာလန်မှာတဲ့
ဝင်းနိုင်က အင်းစိန်မှာ
ဒီဗီဒီစက်တွေပြင်နေပြီး
အာကာကျော်က ကျောက်ရေတွင်းမှာ
ရန်ကုန်မြို့ထဲမှာလူနည်းနည်းလေးပဲ
ကျန်တော့တာငါစဉ်းစားမိတယ်…
ကိုဆင်ကြီးက ချန်ဂီလေဆိပ်အ၀င်မှာ
အဆက်အသွယ်ပြတ်တောက်နေပြီး
မခိုင်ရည်က သူ့ယောကျာင်္းရှိရာ ရှန်ဟိုင်းကို
လိုက်သွားတယ်တဲ့…
ရန်ကုန်မြို့ကို
ငါတို့ လူနည်းနည်းလေးနဲ့ခံတိုက်နေရတယ်
သူငယ်ချင်းကနောက်ဆုံးရထားနဲ့အိမ်ပြန်တယ်
ငါက ဒူးမလွတ်တဲ့ အဓိပတိတက်စီးပြီး
အင်တာနေရှင်နယ်စတန်းဒတ်က
ငါတို့ရန်ကုန်နဲ့ စကေးမကိုက်တာကို
စိတ်ပျက်နေမိတယ်…
ဒါပေမယ့်
ဒါဟာငါရဲ့နောက်ဆုံးခံတပ်ပဲ
အလုပ်လက်မဲ့အခြေအနေမှာတောင်
ငါရန်ကုန်က ဆုတ်ခွာလို့မရခဲ့ဘူး….။


မိုးလှိုင်ည

မြို့တော်

“မြို့တော်”

ဒီမြို့က
ဘာမှသာ မဟုတ်တယ်
မာနတခွဲသားနဲ့
ဂလိုဘယ်လိုက်ဇေးရှင်းကို အဖက်မလုပ်တဲ့ မြို့..။

ဒီဝရုန်းသုန်းကားမြို့ထဲ
ကောလဟလတွေ ခေတ်စားတယ်
မောဟရာဂတွေ နေရာမလပ်ပဲ
စောရ၀ါဒတွေ ခေတ်ကောင်းချိန်လေ
လောကပါလဆိုတာ ချိုနဲ့လား
ခွင်တည့်ရင် အပိုင်ချည်လိုက်မယ်ဆိုတာချည်း
ကဲ.. နားနားပြီးဝါး နင်နေမယ်။

မျက်ရည်စက်တွေကို ဘီယာခွက်ထဲထည့်သောက်မလား ရတယ်
ကာရာအိုကေတစ်ယောက်တည်းဆိုရမှာ ပျင်းသလား ရတယ်
စိတ်ကြွဆေး၊ စိတ်ထဆေး လိုချင်တာပြော ရတယ်
ဟိုတယ်မှာ တစ်နေ့လုံး အခန်းမငှားချင်ဘူးလား ရတယ်
ခဏတာစိတ်ကျေနပ်မှုကို ငွေကြေးနဲ့ လဲမလား ရတယ်
သရေအရှုံး ၁လုံး ငါးမူးနိုင်.. ငါးပုလင်း၊ တစ်ပုံး ကြေးကိုဖုန်းနဲ့ပြော
တပတ်စာ တခါရှင်း မိုးအလင်းဘောပွဲလောင်းမလား ရတယ်
ကိုယ့်လူ.. လိုချင်တာပြော နငယ်မနှောနဲ့ ကျန်တာရတယ်။

လရောင်ဝိုးတ၀ါးအောက် = တမြို့လုံး = ၀ိုးတိုးဝါးတား
မြို့သူမြို့သားတွေရဲ့အနာဂတ် = ၀ိုးတိုးဝါးတား
ကိုးယိုးကားယား ၀ုန်းဒိုင်းကြဲနေတဲ့ မီးစက်တချို့က လွဲလို့
တမြို့လုံး မှောင်အတိကျ ..
မြို့တော်ဆိုတဲ့ အမည်နာမကို အမှောင်ထဲ ဘယ်လိုမှ ဖတ်မရတော့ဘူး။

ခေလွန်း

Monday, June 1, 2009

ဖြေစရာမလိုတဲ့ ပုစ္ဆာ

တစ်ဖက်သက်နဲ့

ဒိုင်ပွဲရပ်တွေခဏခဏများနေတယ်

လောကကြီးက

ဘယ်သူ့ကိုအနီကဒ်ပြမှာလည်း

ဆူပူသောင်းကျန်းလွန်းနေတဲ့ခေတ်ကို

မိုက်ရိုင်းထွားကျိုင်းလွန်းတဲ့ လူတွေကိုလား

ပရိတ်သတ်ကို ခဲနဲ့ပြန်ပေါက်တတ်တဲ့

ပလေယာတွေ…

ခြေစွမ်းမပြနိုင်လို့ တဖက်အသင်းကို

လူချကစားနေတဲ့ ညစ်ကျယ်ကျယ်တွေ

ဒိုင်လူကြီးတွေကလည်း

အမှန်ကိုမမြင်နိုင်ဘူး…

သူတိုလည်းနင်နေတာကြာပြီ…

ငြိမ်ငြိမ်သက်သက် ၀မ်းနည်းခြင်းအထိမ်းအမှတ်တွေ

သိပ်များနေတဲ့ နေရာ…

သန်းခေါင်ထက်နက်တဲ့ညဉ့်တွေ

အရူးတွေနေမ၀င်နဲ့

အမှန်တရားက အခုမှဖိနပ်စစီးတုန်းလား

ကိုယ့်နားရင်းကို နာနာတီးဖို့ပဲလိုတယ်..

လူဖြစ်တာမင်းအမှားလို့…


မိုးလှိုင်ည

Saturday, May 30, 2009

တတိယတန်းစားအသင်း

Tuesday, July 15, 2008

တတိယတန်းစားအသင်း

အပွဲပွဲနွဲခဲ့သလို
အပွဲပွဲလွဲခဲ့တယ်…
ရနေကျအဖြေမျိုးတွေ
(ကန်နေကျခြေမျိုးတွေနဲ့)
ဒဏ်ရာရကစားသမားတွေ
ကွင်းဘေးပတ်လည်ကငေးရသလို
လူငယ်ခြေတက်တွေလည်းခဏခဏဖြတ်ထိုးခံနေရ…
ငါတို့ဘ၀တွေ
အန္တရာယ်ဇုံက မကျွတ်လွတ်သေး
တိုင်ထိပြီးပြန်ထွက်လာတဲ့
ကန်ချက်တွေကိုပဲဂုဏ်တက်ထားရမှာလား
အိမ်ကွင်းကစားသမားတွေကပွဲကျပ်နေတယ်
အဝေးကွင်းကစားသမားတွေကခြေပျက်နေတယ်…..
အသင်းပြောင်းကစားဖို့ကလည်း
ငါတို့က ငယ်မွေးခြံပေါက်
(ညစ်ကျယ်ကျယ်ဒိုင်လူကြီးကို)
နဖူးနဲ့တိုက်ရမလား
ချွှင်းဂန်းနဲ့ ထွေးရမလား
အ၀တ်လဲခန်းထဲကဗီရိုကို
ဆဲဆိုကန်ကျောက်
နောက်တစ်ခေါက်ကွင်းထဲပြန်ရောက်ချိန်
ငါတို့ဟာအောင်ပွဲကိုပိုမိုဆာလောင်လို့….။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...