Sunday, November 15, 2009

နိုဝင်ဘာ ၂…

သွေးစွန်းတဲ့ရက်နှစ်ရက်ပါတဲ့
ဇူလိုင်လကို ထားခဲ့
ကမ္ဘာမှာ အနုမြူဗုံးကျခဲ့တဲ့
အနက်အရောင် သြဂုတ်စ်ကိုထားခဲ့
ငါတို့ ရင်ထဲမှာလည်း အနုမြူဗုံးကျခဲ့တာပဲ…
မေတ္တာပို့အမျှဝေတဲ့ ရဟန်းရှင်လူတွေ
လမ်းမပေါ်ချေမှုန်းခံခဲ့ရတဲ့…
ရွှေဝါရောင် စက်တင်ဘာကို ထားခဲ့
ရာစုနှစ်တစ်ဝက်စာလောက်
ကမ္ဘာကြီး အရိပ်ဆိုးကြီးမိုးပေးခဲ့တဲ့
လီနင်တို့ အောက်တိုဘာတော်လှန်ရေးကိုထားခဲ့

အခုငါတို့ နိုဝင်ဘာကိုရောက်နေပြီ
ရန်ကုန်မှာ မြူတွေအရင်လိုဆိုင်းမနေတော့ဘူး
ကံကော်တွေလည်းမပွင့်သေးဘူး…
ဖုန်ထူထူနေပူပူ ရန်ကုန်လေကိုရှုရင်း
အရင်လိုမမိုက်တော့ပါဘူးလို့
ကိုယ့်ကိုယ်ကတိပေးတယ်…



ဘာပဲဖြစ်ဖြစ်နိုဝင်ဘာဟာ
တစ်ခြားလတွေထက်တော့
ငါ့အတွက် ၀မ်းနည်းကြေကွဲရမှုပိုမိုနည်းပါးတာပါပဲ…



နိုဝင်ဘာ ၂ ဆိုပြီးဘာလို့ရေးဖြစ်တာလည်း…
အသက်သုံးနှစ်ပြည့်သွားတဲ့
တူမလေး မေနှင်းဦးခင်အတွက်..
မနှစ်ကမွေးခဲ့တဲ့ ကလေးလေးတစ်ယောက်အတွက်
အသက် ဘယ်နှစ်နှစ်ပြည့်မှန်းမသိတဲ့
သူငယ်ချင်း မဆွေဆွေဝင်းအတွက်…
ခရစ်စတိုဖာ ကိုလံဘတ်စ်ကို
မွေးဖွားခဲ့တဲ့ နိုဝင်ဘာမှာ
ကျွန်တော်တို့ ငြိမ်းချမ်းလွတ်လပ်တဲ့
တရားမျှတတဲ့ ကမ္ဘာသစ်ကိုအရှာထွက်ကြမယ်
အဲဒီကမ္ဘာ ကျွန်တော်တို့ရင်ထဲမှာ အသေအချာရှိခဲ့တယ်
ကျွန်တော်တို့ရှာမတွေ့နိုင်သေးတာကလွဲရင်….။



မိုးလှိုင်ည

Saturday, November 14, 2009

ဟိုး……တစ်ဖက်ကမ်း သို့….ကာရံ

သေတယ်ဆိုတာ … ဘာလဲ..?

မှောင်မိုက်သွားတာလား….

ခေါင်ခိုက်သွားတာလား….

တိတ်ဆိတ်သွားတာလား….

“စိတ်”တိတ်သွားတာလား…

ခဏလေးပေမယ့်….

ကျော်ဖြတ်ရခက်ခဲတယ်

ဒါနဲ့….

တကယ်မသိလို့

သေတယ်ဆိုတာ… ဘာလဲ..?


ကောင်းကင်နီ

Saturday, November 7, 2009

ဒီမနက် နာရေးသတင်း

ယောက်ဖ
မင်းဆုံးပြီဆိုတဲ့ တယ်လီဖုန်းက
ငါ့ကို တုန်လှုပ်သွားတယ်…
ငါအိမ်ကိုခပ်မြန်မြန်ပြန်မရောက်နိုင်ဘူး…

အိမ်ပြန်ရောက်တော့ မင်းချစ်တဲ့မိစွာတေးက
မျက်ရည်လည်ရွှဲနဲ့
မင်းသမီးလေး မေဂျင်က တောက်တီးတောက်တဲ့
လျှောက်သွားနေတယ်..
ငါ့မိဘတွေလည်း မျက်နှာမကောင်းဘူး
မင်းမိဘတွေလည်း ကြေကွဲနေမှာ…

မင်းဘာလို့ ခပ်လွယ်လွယ်သေပစ်တာလည်းကွာ
ငါတို့က မင်းသမီးလေးမွေးနေ့အတွက်မင်းပြန်လာမယ်
အောက်မေ့နေတာ…

တစ်ခါတစ်ခါ မင်းငါ့ကိုပြောတတ်တယ်
ဘုရားကျောင်းသွားပြီး ငယ်ငယ်ကလိုဂစ်တာတီးချင်တယ်လို့
ပြီတော့ မင်းငါ့ဆီအင်တာနက် လာသင်ဦးမယ်ဆို
မင်း ငါ့အင်တာနက်ဆိုင်ကနေ မင်းညီမ ဆီဖုန်းမဆက်တော့ဘူးလား

ဒါပေမယ့် မင်းဘ၀ထဲမှာ ပြာယာခတ်နေတာပဲကွာ
သားကျွေးမှု မယားကျွေးမှု မိဘကျေးဇူးတွေကြားမှာ
မင်း အလုပ်ဇောတွေနဲ့…
ဘုရားကျောင်းမှာ မင်းဂစ်တာ သွားပြန်မတီးဖြစ်ဘူး
မင်းငါ့ဆီမှာ အင်တာနက် လာမသင်ဖြစ်ဘူး…
နောက်ပြီး မင်းသမီးလေးမွေးနေ့ကိုလည်း မင်းမရောက်နိုင်ခဲ့ဘူး

မင်းချစ်တဲ့လူတွေကိုထားပြီး
အခုနိုဝင်ဘာမှာ ဘုရားသခင်ဆီ
ကောက်ကာငင်ကာထွက်ခွာသွားပြီလား…
ကိုစောဘရိုက်တာ
အသက် (၄၂)…
ကောင်းကင်ဘုံမှာမင်းဝိဥာဉ်ငြိမ်းချမ်းအေးမြပါစေ…အာမင်…။

အပ္ပမ္မာဒေန သမ္မာဒေထ
ယောက်ဖရေ အမျှ အမျှ အမျှ
ရောက်ရာဘုံဘ၀က သာဓုခေါ်ပါကွာ…။


မိုးလှိုင်ည

သေတမ်းကစားနည်း…။

အမြည်းရမယ်ဆိုရင်တောင်
ဒါဟာ ချစ်စရာကောင်းတဲ့ အနုပညာ
ဝင်စို့ ထွက်စို့ လုပ်လို့မရပေမယ့်
ဝင်သက်ထွက်သက်မှာ
အဖိုးအနဂ္ဂထိုက်အောင်မှတ်လို့ရတယ်
အဖြစ်အပျက်မှာ
အဖြစ်ရှိအောင်နေထိုင်နည်းအတတ်
သေတမ်းကစားနည်းမှာ ဗျူဟာရှိတယ်
ကံစိတ်ဥတုအာဟာရပါတယ်
ဓမ္မ၊ အဓမ္မပါတယ်
ပေးလို့ရတယ် လှုလို့ရတယ်
ယူလို့ရတယ် ကူလို့ရတယ်
ပူလို့ရတယ် မူလို့ရတယ်
ဘေးထိုင်လို့မရဘူး ဘုကျလို့မရဘူး
မာန်ဝင့်လို့မရဘူး ကံမြှင့်လို့မရဘူး
သေတမ်းကစားနည်းမှာ အားလုံးဟာလက်ရည်တူ
တစ်ဘ၀ယူမလား နှစ်ဘ၀ယူမလား
ခုနှစ်ဘ၀ယူမလား ဆယ်ဘ၀ယူမလား
တစ်ကမ္ဘာယူမလား အသေင်္ချေယူမလား
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်
စိတ်ပါရင် အိပ်ချိန်မယူပဲလည်းကစားလို့ရတယ်
သေတမ်းကစားနည်း
အားလပ်ချိန်နဲ့ အချိန်ပိုမပေးဘူး…
အသက်ရှိရင် မပါမဖြစ်…။


မိုးလှိုင်ည

Friday, November 6, 2009

ကျွန်တော်ရဲ့ မအောင်မြင်မှုကို ဂုဏ်ယူပေးပါ… မေမေ

အမေ…
အခု အောက်တိုဘာမှာ
သားအိမ်ကိုပြန်လာတယ်…
အရင်လို ညဉ့်နက်တတ်တုန်းပေါ့
အမေ့ကသားကိုမျှော်မနေတော့ပါဘူး…။


အမေ့ရင်ထဲမှာ သားတစ်ယောက်ဆုံးသွားပြီလို့
အမေ သဘောထားတယ်…။
နင်အခုထက်ထိ အလုပ်အကိုင်အတည်တကျ
မရှိသေးဘူး မဟုတ်လားလို့..
အမေဆီးမေးတယ်…
သုံးဆယ်နားကပ်တဲ့အသက်မှ မရှက်
ညီအစ်ကိုမောင်နှမတွေဆီက
ချေးငှားစားသောက်နေတုန်းမဟုတ်လား
နင့်အိပ်ကပ်ကြည့်လိုက်ရင် ဘယ်တော့မှပိုက်ဆံမရှိဘူး
လူမိုက်နဲ့ငွေ အတူမနေဘူးဟဲ့…


အခုထက်ထိစာယောင်ပေယောင်
လူကတော့ မပြောင်ရောင်လို့
နင်လမ်းသွားရင် လမ်းပေါ်ကခွေးတွေတောင်
ထိုးထိုးဟောင်တယ်
နင့်အစားငါရှက်တယ်
နင့်ကိုမွေးထားတာငါမှားတယ်…


အမေ့မြည်တမ်းမှုထဲ
ကျွန်တော်ခေါင်းမဖော်ရဲခဲ့ပါဘူးအမေ..


ဒါပေမယ့်အမေရယ်
အမေထင်သလို ကျွန်တော်မမိုက်ပါဘူး
အလုပ်နဲ့လက်လည်း တစ်စက်မှမပြတ်ခဲ့ပါဘူး
ကျွန်တော် ပိုက်ဆံမမက်တာတစ်ခုပဲရှိတာ
အဲဒါကြောင့်
ကျွန်တော်နဲ့ငွေကြေးအစေးမကပ်ဘူးအမေ
အခု ကျွန်တော်အိမ်ပြန်လာတာ
ကျွန်တော့်ကဗျာတစ်ပုဒ်အတွက်
ဥာဏ်ပူဇော်ခရတဲ့ငွေကြေးကိုအမေ့ကိုကန်တော့ဖို့ပါ…


ပိုက်ဆံကနည်းနည်းလေးပါအမေ
နှစ်ထောင့်ငါးရာကျပ်တည်း
ဒါပေမယ့်အမေ
သန့်စင်မှုကတော့နက်ရှိုင်းလွန်းပါတယ်
လောဘ၊ ဒေါသ၊ မောဟ မပါတဲ့ငွေကြေးပါ…။


ကျွန်တော်ကဗျာတွေရေးလို့
မဂ္ဂဇင်းမှာပါရင်
စာမူခအနည်းအကျဉ်းရတတ်တယ်… အမေ
အဲဒါကို ကျွန်တော်ပျော်တယ်…


အဲဒီစာမူခငွေနည်းနည်းလေးက
တချို့အမေရိကန်သမ္မတတွေရဲ့လစာထက်
ပိုမြင့်မြတ်တယ်အမေ
ကျွန်တော်ရေးတဲ့ကဗျာတစ်ပုဒ်ဟာ
အီရတ်ကိုစစ်မကြေငြာခဲ့ဘူး… အမေ…။


ကျွန်တော်ကဗျာရေးတဲ့လက်ဟာ
သစ်ပင်ခုတ်ဖို့ရှက်တတ်ခဲ့တယ် အမေ
ပြီးတော့ ကျွန်တော့်ကဗျာဟာ
ဖန်လုံအိမ်အာနိသင်လည်း မသက်ရောက်စေခဲ့ဘူး…အမေ


တစ်ခါတစ်လေတော့လည်း
တစ်ကိုယ်တော်အနာဂါတ်ကို
ကျွန်တော်တွေးမိတတ်ပါသေးတယ်
မရေရာလှတဲ့စိတ်ကူးစိတ်သန်းတွေကြောင့်
ကျွန်တော့်ချစ်သူလည်း ကျွန်တော့်ကိုပစ်ပြေးဖူးတယ်…
မတော်တဆ ထောင်တန်းကျခဲ့ရင်တောင်
ထောင်ဝင်စာရဖို့ မိသားစုမရှိတဲ့ကောင်ပါ
သေကောင်ပေါင်းလဲ ဝေဒနာဖိစီးခဲ့ရင်လည်း
အများပြည်သူဆေးရုံကုတင်တစ်လုံးပေါ်မှာ
အေးစက်နာကျင်စွာသေဆုံးရမယ့် ပိုင်ရှင်မဲ့အလောင်းကောင်
အဲဒီလို ကျွန်တော့်ကိုယ် ကျွန်တော်စိတ်ပူမိသေးတယ်…အမေ။


ဒါပေမယ့် အမေ
ကျွန်တော်ချစ်မက်တဲ့ ကမ္ဘာက
ကျွန်တော်ထက်ပိုပြီး ပူပြင်းလောင်မြိုက်နေတယ်
ကျွန်တော်ချစ်တဲ့ လူအဖွဲ့အစည်းက
ကျွန်တော်ထက်ပိုကြီးတဲ့ပြဿနာတွေရင်ဆိုင်နေရတယ်…


ကျွန်တော်တို့မှာ
ဘယ်လိုမှထွန်ယက်စိုက်ပျိုးလို့မရတဲ့ အာဖရိကတိုက်ကြီးနဲ့
ဆင်းရဲတွင်းထဲက လူသန်းရာနဲ့ချီကို
ဒီအတိုင်းလက်ပိုက်ကြည့်နေရတယ်…


မွေးကတည်းကသေဒဏ်ကျနေတဲ့
HIVကူးစက်ခံကလေးငယ်တွေ
အရှေ့အာရှက လူကုန်ကူးခံရသူတွေအကြောင်း
လုပ်အားနဲ့ ငွေကြေးကို ဂုတ်သွေးစုပ်ခံနေရတဲ့
ရွှေ့ပြောင်းလုပ်သားတွေအရေး…


လူ့အဖွဲ့အစည်းက လူ့အဖွဲ့စည်းကိုမောင်းထုတ်သလို
လူမျိုးစု ပဋိပက္ခတွေကြောင့်
နိုင်ငံမဲ့နေရတဲ့
အင်းအားနည်း လူမျိုးစုငယ်တွေရဲ့အရေး…


ကမ္ဘာကြီးပေါ်မှာ
ကျွန်တော်တို့ မျှဝေနေထိုင်တဲ့အချိန်ခဏလေးပါ..
အဲဒီအတွေးတွေကြောင့်
ကျွန်တော့်ကိုယ် ကျွန်တော်စိတ်ပူလို့မရသေးဘူးအမေ….


ကမ္ဘာပေါ်မှာရှိတဲ့ လူအတော်များများဟာ
ငွေကြေး၊ အာဏာ၊ အခွင့်အရေးဆိုရင်
ဘယ်သူမဆိုအရယူဖို့
ဝန်မလေးကြဘူးအမေ…
ဒါပေမယ့် တာဝန်ယူကြမလားဆိုရင်တော့
ဒါကျူပ်တို့နဲ့မဆိုင်ဘူး
ကျူပ်တို့မှမတတ်နိုင်တာဆိုတဲ့စကားနဲ့
ခေါင်းရှောင်တတ်ကြတယ်… အမေ


လူအဖွဲ့အစည်းတစ်ခုလုံးအတွက်
တာဝန်ယူရဲတဲံ လူနည်းနည်းလေးကပဲ
အလုပ်တွေ သိမ်းကျူံးလုပ်နေကြတာပါ … အမေ


အဲဒီလို စကားကြီးကျယ်တွေနဲ့
ကျွန်တော်တွေးခေါ်နေထိုင်တာပါ.. အမေ


တကယ်တော့ ဘ၀မှာ ဂုဏ်ဓန၊ ငွေကြေး
အခွင့်အာဏာ ဆိုတာ ရေပွက်ပမာပါ
ငယ်စဉ်ကတည်းက သူဠေးသား
အင်္ဂလန်က ၀တ်လုံတော်ရ
နောက်တော့ နံငယ်ပိုင်းလေးနဲ့
တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်တိုင်ဆားချက်တဲ့
မဟတ္တမဂန္ဒီကြီးကို
ကျွန်တော်သိပ်ကြည်ညိုတာပဲအမေ…


ကျွန်တော်သူတို့တွေ လျှောက်သွားခဲ့တဲ့
သန့်စင်သောလမ်းကို လျှောက်လှမ်းနေတာ
နောက်ကလူတွေလည်း လိုက်လာကြလိမ့်မယ်
လတ်တလောတော့ အဖော်ပါချင်မှပါမှာပေါ့…
ဒါပေမယ့်
ကျွန်တော်နောက်မရွံ့ပါဘူး…


အခုခေတ် ကမ္ဘာကြီးမှာ
ပညာတတ်ယောင်ယောင်တွေက
ကိုယ်ကျိုးစီးပွား ကိုယ်ကျိုးစီးပွား
အတင်းကာရောစွတ်အော်နေကြတယ်အမေ


အဲဒီကိုယ်ကျိုးစီးပွားကြောင့်
အားလုံးပျက်စီးကိန်းဆိုက်မှာ


တချို့က ကမ္ဘာကြီးကို
အမွေရသလိုသိမ်းပိုက်ဖို့ လူဖြစ်လာတာ
တချို့က ကမ္ဘာကြီးကို
အလုပ်အကျွေးပြုဖို့ လူဖြစ်လာတာ
ကျွန်တော်ကတော့ ဒုတိယလူစားပဲ ဖြစ်ချင်တယ်အမေ…။


အဲဒီအတွက်
တစ်ကိုယ်ရည်ဘ၀က မအောင်မြင်ခဲ့ပါဘူး…
ဒါပေမယ့်
ကျွန်တော်ရဲ့မအောင်မြင်မှုကိုပဲ ဂုဏ်ယူပေးပါ… မေမေ။


မိုးလှိုင်ည

Thursday, November 5, 2009

ငါ့အတွက်က နင်ပြန်လာရင်ရပြီ…

လက်ဆောင်ပစ္စည်းအကောင်းစားတွေမလိုဘူး

အကောင်ဆုံးအ၀တ်အစားတွေမလိုဘူး

အကောင်စားဟမ်းဆက်တွေယူမလာပါနဲ့

ငါ့အတွက်က နင်ပြန်လာရင်ရပြီ


ကဗျာဆရာရယ် ရှင်ကိုသိပ်လွမ်းလိုက်တာ

နင်ပေးတဲ့ မက်ဆေ့ခ်လေးနဲ့

ငါရန်ကုန်မှာရေနစ်နေတယ်….


အကောင်းဆုံးအိပ်မက်တွေ

အကောင်းဆုံးအနာဂါတ်တွေနဲ့

ကမ္ဘာပါတ်မယ့် လေယာဉ်လက်မှတ်တွေလာမပေးနဲ့

ငါ့အတွက်နင်ပြန်လာရင်ရပြီ…


မိဘတွေအတွက်မကြောင့်မကြ

ငါတို့နှစ်ယောက်အတွက်မတောင့်မတ

အဲဒီစိတ်ကူးတွေ ဘယ်နှရာခိုင်နှုန်းလောက်များအောင်မြင်ခဲ့လည်း…

ထားပါ….

ငါ့အတွက်က နင်ပြန်လာရင်ရပြီ


ကျွန်မသိပ်အသက်ကြီးနေပြီ

အရင်လိုမလှတော့ဘူး

နောက်တစ်ယောက်ထပ်ရှာပါ

အဲဒီစကားတွေလာမပြောနဲ့

ငါ့အတွက်က နင်ပြန်လာရင်ရပြီ…


ငါ့အတွက်က နင်ပြန်လာရင်ရပြီ

ငါ့အတွက်က နင်ပြန်လာရင်ရပြီ

ငါ့ထပ်ပြောမယ်

ငါ့အတွက်က နင်ပြန်လာရင်ရပြီ

ငါ့တစ်ဘ၀လုံးအတွက် မင်းတစ်ယောက်ပဲလိုအပ်နေလို့…


မိုးလှိုင်ည

Sunday, November 1, 2009

နွေဦးရာသီကိုမှ ကိုးကွယ်ချင်နေတဲ့ကောင်…။

တကယ်ဆို သေလို့ရတာကငါ…
အသည်းကွဲ ပက်လက်ဖောင်းပေါ်မှာ
ဂျင်းဘောင်းဘီအဟောင်းနဲ့ထိုင်လို့
ငါ့ကိုအငိုက်မိစေတဲ့
အသံတိတ်ချိန်ရွယ်တိုက်ခိုက်မှုထဲမှာ
မင်းရဲ့တိတိရိရိ နှုတ်ခမ်းပါလေးတွေပါတယ်..
ကိုယ်ကိုယ့်စွဲချက်တင်
ကိုယ့်ကိုယ်စီရင်ချက်ချ
ဒီနွေဦးကုန်တာနဲ့ ငါ့ကိုယ်ငါကွပ်မျက်ပစ်လိုက်ရမယ်..
အဲဒါဆို မင်းကိုချစ်တဲ့အချစ်တွေ
ဘယ်တော့မှမသေဆုံးနိုင်ဘူး…
ဟောဒီဂလက်ဇီတစ်ခုလုံး
ကိုယ်ချစ်မိတဲ့အကြောင်းကို
ဝန်မခံရဲတဲ့ကောင်..
ကမ်းခြေနှစ်ခုစာပိုလွမ်းခဲ့ရပေါ့…
သဲသောင်ပေါ်မှာ
မင်းကိုချစ်တဲ့အကြောင်းတွေရေးရင်တောင်
ငါ့ချစ်စိတ်ကြောင့် အဲဒီသဲစာလုံးတွေဟာ
ကျောက်ဖျာလုံးလုံးဖြစ်ရော့မယ်…
မင်းနဲ့ငါ လေယာဉ်ခရီးစဉ် တစ်နာရီကွာနေတာပဲ
ကံကောင်းမှုလား နွေရာသီ…
ငါက ကိုယ့်ကိုယ်ကြိုးစင်ပေါ်တင်ပြီး
မင်းရဲ့ မှော်ဝင်အလှမှာ
သေဆုံးခွင့်ရချင်တယ် နွေဦးရာသီ…။


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...