Friday, October 16, 2009

မိန်းမတွေအကြောင်း

Sunday, August 19, 2007
မိန်းမတွေအကြောင်း


မိန်းမတစ်ယောက်က
အနုပညာကိုသတ်တယ်
မိန်းမတစ်ယာက်က
အင်ပိုင်ယာကိုဖျက်တယ်…။


မိန်းမတစ်ယောက်ကဘုရားသခင်ကို
မွေးဖွားခဲ့ပြီး….
မိန်းမတစ်ယာက်က
နတ်ဆိုးတွေကိုအုပ်ချုပ်တယ်…။


မိန်းမတစ်ယာက်
လူတစ်သန်းအတွက်ဆင်းရဲခံနေတယ်
မိန်းမတစ်ယောက်ကလူတစ်သန်းဆီက
လုယက်တယ်….။


မိန်းမတွေသာမရှိရင်
စည်းစိမ်ချမ်းသာတွေဟာအလကားပဲတဲ့..။
ရော့ဖဲယားကပြောတယ်…
မိန်းမတွေမရှိရင်ရော့ဖဲယားလည်းမရှိဘူး။


အဲဒီမိန်းမတွေပဲ
ကမ္ဘာကြီးနဲ့အနုပညာကို
ရင့်ကျက်စေခဲ့တာ…။


မိုးလှိုင်ည


အစ်ကိုဖုန်းမြင့်က မိန်းမတွေကြောက်တယ်ဆိုလို့ ပြန်တင်ပေးလိုက်တာ ...။
အစ်ကိုမကြောက်နဲ့အစ်ကို ညီ ရှိတယ်...။

Thursday, October 15, 2009

နေမ၀င်တဲ့ အိပ်မက်

ဘယ်တော့များလည်းကွယ်
အနောက်တောင်စွယ်တွေပေါ်မှာပဲ
ငါ့၏ အသက်ကို ကွတ်မျတ်၍
ချစ်ခြင်းမဲ့ ပိတ်လှောင်ခံရစေ…


နွေကျိန်စာများလည်း
နှလုံးသားကို တိုးတိတ်စေပါတော့
ဘယ်ဘက်ပုခုံးသားတွေက
မင်းမျက်ရည်တို့ဖြင့် စွတ်စိုခဲ့ပြီးတဲ့နောက်
တစ်ခုသောကျောက်ဖြစ်ရုပ်ကြွင်းတို့ဖြစ်သည့်တိုင်အောင်
ငါ့ လက်မောင်းသားတို့အား
ရပ်တန့်ထားပါသည်…။


ချစ်သော ဧကရီ
အိပ်မက်များနှင့် သွန်းလုပ်ထုပ်သိမ်းထားသော
ညများစွာ
ငါ့အပါးမှာ အထီးတည်းဖြတ်သန်းသွားကြ…
ဘယ်သို့သောတင်စားမှုမျိုးနှင့်များ
ချစ်ခြင်းမေတ္တာကို
တိုင်းထွာ၍ရနိုင်ကောင်းရဲ့…။
နှလုံးသွေးတို့သည်
မြစ်ရေကဲ့သို့စီးဆင်းရစ်ခဲ့ပါကုန်
နှစ်ကြိမ်တိုင်နစ်မြုတ်ခဲ့သော
မိုက်မဲမှုများနှင့်
ငါ့အားအထီးကျန်တိတ်ဆိတ်နေပါစေ..
ချစ်သောဧကရီ…
ဂန္တ၀င်မြောက်အလကာင်္တစ်ပိုဒ်နဲ့
ရှိုက်ဖိုလှိုက်သွင်းရင်း
ငါ့၏ နိဂုံးတို့သည်
နေမ၀င်သည့် အိပ်မက်များနဲ့
တည့်တံ့ခဲ့ပါသည်…။


မိုးလှိုင်ည

Wednesday, October 14, 2009

လွမ်းလို့ရေးထားတဲ့..ကဗျာ

အိမ်ခေါင်မိုးကို ဖျက်ချလိုက်သလိုမျိုး
ဧပြီမှာ....
သမီးတို့
လိမ့်နေအောင် အပူလောင်ခဲ့ကြ။


ဘယ်လိုဖြောင့်ချက်ကမှ
အမေ့ကို ပြန်မဆွတ်နိုင်တော့ဘူး...
အဖေ့သင်္ဘောက
အမေ့ဆိပ်ကမ်းကနေတရွေ့ရွေ့
ဆိပ်ကမ်းသစ်ကလေး အရှေ့မှာ
ကျောက်ချ ရပ်နားပစ်လိုက်တာ.........ခုထိ။
အမေ့ကောင်းကင်မှာ အလင်းတွေညို့ကျသွားပေမယ့်
အမေ့မာနတွေကတော့ ရဲရဲလင်းလင်း ၀င်းပ
ဘာ-မှ-မ-လို-ဘူး ဆိုတာ
အဖေ့အတွက်နောက်ဆုံးစကား....တဲ့။
အမေ့ပုခုံးသားတွေ ညွှတ်ကျသွားလောက်အောင်
ဘ၀တွေက သိပ်လေးလံခဲ့မှာ..
သမီးခမျာ ငယ်သေးတော့ မသိတတ်ခဲ့ဘူး။


အခု-
အဖေ မတ်တပ်စမ်းပေးခဲ့တဲ့ ခြေဖ၀ါးမှာ
သမီး မားမားရပ်လို့
အဖေ တွဲကူခဲ့တဲ့ လက်ချောင်းသေးသေးလေးတွေက
ကွန်ပြူတာ တဖျောင်းဖျောင်း ရိုက်နေပြီ။
အဖေ အစာခွံ့ခဲ့တဲ့ နှုတ်ခမ်းကလေးမှာ
နှုတ်ခမ်းနီ ဆိုးတတ်နေပေမယ့်
အဖေ ပေးခဲ့တဲ့ သင်ခန်းစာက
သမီးကို ခပ်မာမာ ပြဌာန်း ထားခဲ့တော့.............။


အဖေမေ့နေခဲ့တာလား...
အဖေ့ မှာ သားတွေ၊ သမီးတွေများနေနိုင်ပေမယ့်
သမီးမှာ အဖေတစ်ယောက်ပဲ ရှိတယ်ဆိုတာလေ...။
အဖေ့ အသစ်စက်စက် သားငယ်လေး အတွက်
သမီးကို ချော့မြှူခဲ့တဲ့ တေးချင်းတွေကအဆင်သင့်၊
သမီးကြိုက်တဲ့ ပုံပြင်တွေနဲ့လည်း..
အဖေ့သားလေး အိပ်တတ်ခဲ့ ရော ပေါ့..။


အဖေပျော်နေတယ် မဟုတ်လား..


သမီးတို့ အသည်းနှလုံးမှာတော့
ကျွဲပုခုံးကို... ထလို့။ ။



အိန္ဒြာ (၂၀၀၆ခုနှစ်၊မဟေသီမဂ္ဂဇင်း)

အဖေ အိမ်ပြန်လာပါ…။

၁၉၈၀ ခုနှစ်အကျပ်အတည်းတွေ
ကျွန်တော်မသိဘူး.. အဖေ
ကျွန်တော်လူမမည်ပဲရှိသေးတာ…
၉၀ လွန်ကာလတွေမှာ မိသားစုအတွက်
အဖေ ပင်လယ်ထဲသွားမယ်ဆိုတော့
အထင်တကြီးမျက်ဝန်းတွေနဲ့
ဆွေမျိုးသားချင်းတွေ အလယ်မှာအဖေက
သူရဲကောင်းပဲ…
အဖေ ကျွန်တော့်လက်ကိုဆွဲပြီး
အမေ့အပေါ်မဆိုးဖို့မှာတယ်…
အဲဒီစကားကို ကျွန်တော်အခုထိမှတ်ထားတယ်အဖေ…။


အဖေပင်လယ်ထဲက ပြန်လာတော့
အပေါင်းအသင်းတွေနဲ့ မလေးရှားသွားဖို့
အဖေထပ်စီစဉ်လာတယ်…
မိသားစုအတွက် လက်ဆောင်တွေတစ်ပွေ့တစ်ပိုက်နဲ့
အဖေ့အသွေးအရောင်ဟာ ကျွန်တော်တို့နဲ့ မတူတော့တာ
မြင်နေရတယ်အဖေ…။


“ကလေးတွေအဖေက မလေးရှားမှာလို့”
အမေနှစ်တွေ အများကြီး ပြောရတယ်..အဖေ
ကျွန်တော်တို့ ကျောင်းအပ်တဲ့နေရာမှာ အမေပြောတယ်
သူ့မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့တွေ့ရင်ပြောတယ်
ကျွန်တော်တို့ဖျားလို့ ဆရာဝန်သွားပြရင်ပြောတယ်
ကျွန်တော်ရန်ဖြစ်လို့ ရဲစခန်းမှာ
လိုက်ထုတ်ရတဲ့အခါလည်း အမေပြောတယ်…။


အဲဒီစကားပြောတိုင်း အမေ့မျက်နှာမှာ
ခံစားမှုတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းသွားတယ်
နောက်ဆုံးတော့ အဲဒီစကားကို
အမေ အသက်မပါပဲပြောတတ်ခဲ့တယ်…။
အဖေကတော့ မလေးရှားမှာ ဆယ်နှစ်ကြာပြီ..။


အဖေ့ဆီက ဖုန်းက မလာတစ်ချက်လာတစ်ချက်
ကျွန်တော်ကတော့ စိတ်ပျက်လာပြီ
အမေကတော့
ဖုန်းအိမ်ကလာခေါ်မယ့်အသံကို
လဆန်းရက်တိုင်းနားစွင့်နေတုန်းပဲ…။


အဖေသိပါတယ်
အမေက တုံးတုံးအအ
ဆယ့်ခြောက်လကြာပြီးမှ အဖေဖုန်းဆက်တော့
ငါဆေးရုံတက်နေတယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့ပြတ်ခဲ့တာပဲ…
ကျွန်တော်ကတော့ သတင်းရထားပြီးပြီ
အဖေနောက်အိမ်ထောင်ပြုလိုက်ပြီတဲ့…


အမေကတော့ ထုံးစံအတိုင်း
စိတ်ပူတတ်လိုက်တာ
ဘုရားစင်ရှေ့ နတ်စင်ရှေ့ ဘိုးတော်စင်ရှေ့
မျက်ရည်လေးစမ်းစမ်း
အသံလေးတိုးတိုးနဲ့….


ရန်ကုန်က မယားကြီးအတွက်
တစ်နှစ်ကိုငွေငါးသိန်းပေးရင်
အဖေတာဝန်တွေကျေနေပုံပဲ…
အဖေ အိမ်ပြန်လာချင်စိတ်အတွက်
အဖေငယ်ငယ်က ဆွဲထားတဲ့
ပန်းချီကားတွေကလည်း မဆွဲဆောင်နိုင်
မယားတောသူဆိုပြီး
အဖေယူခဲ့တဲ့ မိန်းမကိုလည်း သတိမရ…


ကွာလာလမ်ပူညတွေမှာ
အဖေလူလည်ကြီးလုံးလုံးဖြစ်နေတယ်တဲ့
အဖေ့သတင်းတွေကြားရတာမကောင်းဘူး..အဖေ..။


ဒီကြားထဲ ဖုန်းထဲမှာ
အဖေက အကြီးကောင်လိမ္မာလားလို့
မေးတုန်းဆိုပဲ…။


ကျွန်တော် မလိမ္မာဘူးအဖေ
ပြီးတော့ ဆိုးလည်းမဆိုးဘူး
ဆယ်တန်းလည်းမအောင်ဘူး
အခုလမ်းဘေးမှာ
သူငယ်ချင်းတွေနဲ့ ဂစ်တာတီးနေတယ်အဖေ…


ကျွန်တော်တို့ ပညာရေးအတွက်
အမေဆံပင်တွေဖြူခဲ့တာ အဖေသိလားအဖေ
အငယ်ကောင် မကျန်းမာတော့
အမေပိုအိုစာသွားရတာ
အဖေသိခဲ့ရဲ့လားအဖေ…


အခု
အဖေ့သမီးအလတ်မနဲ့
အငယ်ကောင်က ပညာတတ်တွေဖြစ်ပြီး
အမေ့ကိုပြန်ရှာကျွေးနေလို့
မိသားစု တည်တည်ငြိမ်ငြိမ်နေနိုင်တာအဖေ


ကျွန်တော်တို့ လူလားမမြောက်ခင်
အကျပ်အတည်းကို
အမေတစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ခဲ့ရလည်း
သိလားအဖေ…
အမေ့ မိဘတွေပေးထားခဲ့တဲ့
မြေကွက်လည်း ခြမ်းရောင်းလိုက်ရတယ်..
ကျွန်တော်တို့အိမ်လေး ပိုကျဉ်းသွားလို့
အဖေတော့ နေတတ်မှာမဟုတ်တော့ဘူး
အဲဒီလိုအမေအမြဲပြောတယ်.. အဖေ..။


အဖေကတော့
အပေါင်းအသင်းတွေကြားငြီးချင်ငြီးမယ်
ရန်ကုန်က ပိုက်ဆံချည်းမှာနေတယ်လို့
အခု အဖေ့ကို
ကျွန်တော်မှာမယ်
အဖေပြန်လာပါ…
အဖေနဲ့ကျွန်တော်မျက်နှာချင်းမဆိုင်တာ
ဆယ့်ခြောက်နှစ်
အဖေနဲ့ကျွန်တော် စကားမပြောဖြစ်တာ
ခြောက်နှစ်…
အခုကျွန်တော်အသက်နှစ်ဆယ့်ခြောက်မှာ
အဖေနဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက်
မှတ်မိဖို့ အဖေပြန်လာမှ ဖြစ်တော့မယ်…။


မိုးလှိုင်ည

Monday, October 12, 2009

အင်စတော်လေးရှင်း ၀ါကျများ

ဝါကျတစ်ကြောင်းကို
ခေါင်းပေါင်းပေါင်းဖို့ ပြင်နေတုန်းမှာ
ဝါကျတစ်ကြောင်းက လမ်းလျှောက်ထွက်သွားတယ်
ငါးမျှားနေတဲ့ဝါကျက
အကုသိုလ်ဆို အစုံလုပ်တယ်
တီတူးတာတို့ ခါချဉ်ဖွတ်တာတို့ဆိုပါတော့ဗျာ
တနေ့တနေ့
ဝါကျတွေမနိုင်မနင်းနဲ့ ကျွန်တော်
လျှောက်သွားနေမိတယ်။

အဓိပ္ပာယ်လား ….
အထိုက်အလျောက်တော့ ရှိမယ်ထင်ပါရဲ့
တချို့နေထိုင်မကောင်းဖြစ်တာနဲ့
ကျွန်တော့်ဆီက၀ါကျလေးတွေ လာလာတောင်းကြတယ်
ကျွန်တော့်ဆီမှာ ၀ါကျကောင်းကောင်းမရှိဘူး
တော်ရိလျော်ရိထဲက အဆင်ပြေတာတွေပေးလိုက်ရတာပဲ
တစ်နေ့ကတော့
ဝါကျတွေရဲ့နာရေးကို ဖတ်လိုက်ရသေးတယ်။

ဒီဘက်ခေတ်ထဲမှာ
စီးပွားပျက်လို့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့
ဝါကျတွေလည်း ရှိလာတယ်။

တချို့ဝါကျတွေကျတော့ အသံထွက်မမှန်ဘူး
တချို့ဝါကျတွေကျတော့ ကျပ်မပြည့်ဘူး
ပြန်ပေးဆွဲခံရတဲ့ ၀ါကျတွေရှိသလို
တော်လှန်ရေးလုပ်နေတဲ့ ၀ါကျတွေလည်းရှိလာတယ်
တချို့ဝါကျတွေက စစ်ယူနီဖောင်းနဲ့
ဦးခေါင်းက ဟောင်းလောင်းပေါက်နဲ့
လေးလံသိပ်သည်းတဲ့ ၀ါကျတွေကတော့
တရားစွဲခံထားရတယ်။

ဝါကျတွေ ဆွေးနွေးငြင်းခုန်နေတုန်း
ဝင်ရောက်စီးနင်းခံလိုက်ရတယ်
အဲဒီထဲက တချို့ဝါကျတွေလည်း ထောင်တန်းကျကုန်တယ်
ဆွဲဆောင်မှုအရှိဆုံး ၀ါကျတစ်ကြောင်းကတော့
ကြိုးစင်ပေါ်တက်သွားရတယ်…

သူ့နာမည်က " အမှန်တရားကို ချစ်ပါ '' တဲ့…။

မိုးလှိုင်ည

Friday, October 9, 2009

နွေလမ်းကလေး

အစိမ်းလိုက်ကြွေတဲ့ သစ်ရွက်တွေနဲ့
ခြောက်သွေ့ရှတ
ဝေးလွန်းတဲ့ ဘ၀အဓိပါယ်ထဲမှာ
ဆွေးရိပ်တွေသာ အထပ်ထပ်မိုးတယ်
နွေလမ်းကလေးရေ
ငါ့ကိုယ် အဝေးကနေ ညှို့ယူလိုက်စမ်းပါ...
သစ်ရွက်ကြွေတွေနဲ့ရှပ်တိုက်ပြေးနေတဲ့
လမ်းကလေးပေါ်က လေပွေလို့
ငါ့ရင်ဘတ်ကို တုန်ရီလှိုက်မော
လမ်းကလေးရေ
အဆွေးမြေ့ဆုံးတိမ်တွေကိုသာ
တိုင်တည်ရိုကျိုးပြောမိခဲ့ချင်တယ်...
နွေလမ်းကလေးပေါ်မှာ
ငါ့နှလုံးသားပျောက်ရှခဲ့တဲ့နေ့တွေအကြောင်း....။



မိုးလှိုင်ည



Friday, October 2, 2009

လွယ်အိတ်ထဲမှာ

ကမ္ဘာကြီးကို
လွယ်အိတ်တစ်လုံးနဲ့ တူတယ်လို့
တစ်ယောက်ယောက်က
ဘာဖြစ်လို့ ပြောမထားခဲ့ရတာလဲ…။

ဘာကိုမှထည့်မထားတဲ့လွယ်အိတ်
တစ်လုံးဟာချိတ်ဆွဲခံထားရပြီး
မဆန့်မပြဲထည့်ခံထားရတဲ့လွယ်အိတ်
တစ်လုံးက လမ်းသလားနေတယ်…။

လွယ်အိတ်တစ်လုံးက
ထည့်သမျှသာ ပြန်ထုတ်ပေးနိုင်တယ်တဲ့
မျက်လှည့်ဆရာက
ကျွန်တော့်အိတ်ထဲက ဘာမဆိုထုတ်ပေးနိုင်တယ်
ဒါပေမယ့် ထုတ်ပေးနိုင်တာကို
ကြိုထည့်ထားရမယ် တဲ့…။

ကျွန်တော် လွယ်အိတ်တစ်လုံး မဖြစ်ချင်ခဲ့ပါ…။

ကမ္ဘကြီးတောင် အိတ်တစ်လုံးနဲ့
တူနေတဲ့နောက်မှာ
ကျွန်တော်လည်း
လွယ်အိတ်တစ်လုံးနဲ့တူတဲ့လူ ဖြစ်နေတယ်…။

အဲဒီလူကပဲ အပိုတပ်ဆင်ရသမျှ
လွယ်အိတ်တစ်လုံးကို ထပ်လွယ်ထားရတယ်
ဘာမှထည့်မထားတဲ့အိတ်တစ်လုံးကို
လွယ်ထားသူတွေ မတ်မတ်လျှောက်နိုင်ပေမယ့်
လေးလံတဲ့ ကျွန်တော့်လွယ်အိတ်ကြောင့်
ကျွန်တော်ကိုင်းညွတ်နေလေ့ရှိပါတယ်…။

ကျွန်တော့်လွယ်အိတ်ထဲမှာ
ကြေးနီရောင်မီးခြစ်တစ်လုံး
ဘယ်တော့မှဖတ်လို့မပြီးသေးတဲ့
တီအက်စ်အဲလိယော့ရဲ့ ဖုန်းဆိုးမြေ
ကဗျာဆရာ မိုယ်းဇော်ရဲ့သေတမ်းစာ
တရုတ်နိုင်ငံလုပ် ဘောပင်အစုတ်လေးချောင်း
ကမ္ဘာ့အရေးအခင်းတွေကို
မြန်မာဘာသာနဲ့ရေးထားတဲ့
ဂျာနယ်နှစ်စောင်
စိတ်ဓါတ်ကျရင် ထုတ်ဖတ်ဖို့
ဆရာဇော်ဇော်အောင်ရဲ့ နွားကျောင်းသားကဗျာစု
ကစ်ပလင်ရဲ့ If ကို မြန်မာအင်္ဂလိပ်နှစ်ဘာသာ
ဒိုင်ယာရီစာအုပ်နှစ်အုပ်
တစ်ဖက်လွတ် A4 စက္ကူအချို့
ကျွန်တော့်ကို ကိုင်းညွတ်စေတဲ့
မိဆိုးလေးစနေရဲ့စကားပြေအချို့
အဲဒီအရာတွေအားလုံး
laptop တစ်လုံးလိုချင်တဲ့ကဗျာဆရာရဲ့
ပထမဆုံးစုဆောင်းမိတဲ့
laptop အိတ်အဟောင်းကြီးထဲမှာ ပါတယ်…။

ရန်ကုန်မြို့ပလက်ဖောင်းတွေပေါ်မှာ
laptop အိတ်အဟောင်းကြီးနဲ့
ကိုင်းကိုင်းလျှောက်သွားနေသူဟာ
မိုးလှိုင်ညသာဖြစ်ပါလိမ့်မယ်…။



မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...