Sunday, September 14, 2008

အသည်းမကွဲအောင်ဂရုတစိုက်နေထိုင်ခြင်း

ဒီနေ့

သာကေတကျောက်တိုင်က

ရွှေပုဇွန်ကဖေးမှာငါထိုင်နေတယ်

ကော်ဖီက

ကက်ပူချီနိုတဲ့

ငါ့လျှာနဲ့အရသာမတွေ့တဲ့ကိတ်တွေနဲ့


အချောအလှကောင်မလေးတွေ

ငါ့ရှေ့ကဖြတ်လျှောက်သွားကြတယ်

ငါဘယ်တစ်ယောက်ကိုမှမငေးဘူး…ဖေဖော်ဝါရီ


လွန်ခဲ့တဲ့ကာလတစ်ခုမှာ

ငါရဲ့အလုပ်သွားနေကျ

စတီးထမင်းချိုင့်လေးကိုရောင်းပြီး

မင်းနဲ့ငါ လက်ရွေးစင်ကဖေးမှာ

ကော်ဖီအတူသောက်ကြတာကို

သွားအမှတ်ရမိတယ်…


ငါနှလုံးသားတစ်ဝက်ဟာ

ပျော်ရွှင်မှုနဲ့ပြည့်လျှမ်းနေပြီး

ငါ့ရင်ဘတ်တစ်ခြမ်းက

တစစ်စစ်နာကျင်ကိုက်ခဲနေခဲ့


ငါတိုရဲ့ရှေ့ရေးဟာ

ရင်လေးစရာချည်းပါကွာလို့

မင်းဘယ်တော့မှမတွေးဘူး

မင်းဆီမှာဘယ်ကွေ့ရောက်ရောက်

လှော်စရာတက်ရှိတယ်လေ


ထိရှလွယ်တဲ့ငါကသာ

လောကဓံလှိုင်းတံပိုးအောက်

ချစ်ခြင်းနဲ့ မျော်လင့်ချက်တွေ

ပျောက်ရှခဲ့ရဖူးတယ်…


အခုတော့

ငါ့လက်ထဲမှာ

ဆရာကျော်ဝင်းရဲ့

ထွိုင်ယာလက်တစ်အယူအဆ

ကဗျာဆရာနေမျိုးရဲ့

လူဖြစ်ရတာကောင်းတယ်..ဆိုတဲ့

စာနှစ်အုပ်နဲ့

ခံစားချက်တွေကိုအလောင်းအစားမလုပ်တော့ဘူး


မင်းနဲ့ဝေးသွားတဲ့နောက်

ကာလတရားအပေါ်မှာ

အနှစ်သာရအပြည့် အဓိပါယ်မဲ့နေထိုင်လို့

အသည်းမကွဲအောင်နေထိုင်ခြင်းအတတ်

ငါချစ်ခြင်းတရားနဲ့ မပက်သက်တော့ပါ…။


မိုးလှိုင်ည

Saturday, September 13, 2008

ငါးခုံးမတွေနှင့် အတူ

ငါ့ကိုက မနေတတ် မထိုင်တတ်နဲ့
မာနကလည်း တစ်ခွဲသားတင်မဟုတ်
နှစ် .. သုံး .. လေး .. ငါး ခွဲသား ..
ပြီးတော့ စကားလည်း သောက်ကြီးသောက်ကျယ်ချည်းပဲ ပြောတတ်သူ
အနုပညာ ကိုယ်ခံအားကလည်း နေလေတော့
ခဏခဏဖျားတယ် …
လေတိုးသံ မခံနိုင်တဲ့ သစ်ရွက်တွေလို
ကိုယ့်ကိုယ်ကို ပြန်ပြန်မုန်းရတာလောက်
အရသာ ရှိတာ မရှိဘူး
သူငယ်ချင်းရေ … မင်း ချစ်တယ်ဆိုတဲ့ ကဗျာဆရာက
လူတကာလို မလိမ်မညာတတ်ပါဘူး
ဒါပေမယ့် လူသူတော်ကောင်းတွေထက်တော့ အများကြီး ညစ်ပတ်တယ်
အများကြီး ယုတ်မာတယ် …
ဟန်ဆောင်ပန်ဆောင် မာတိကာတွေ ဆွဲဆွဲချပြပြီးကာမှ
ဘာစာတစ်ပိုဒ်မှ ပါမလာတဲ့ စာအုပ်တွေလို
ငါ့ဘ၀ကို ငါမနေတော့ဘူးလေ …

ငါကတော့ ခပ်ယုတ်ယုတ်ပါပဲ
မကျေနပ်ရင် အော်ဆဲဖို့ကိုချည်း အားယူယူနေမိတယ်
မင်းကော … ကျေနပ်ပါတယ်လို့ ပြုံးပြီး ပြောချင်သေးတာလား
ဒီမယ် သူငယ်ချင်း ငါ့ဘ၀ကို ငါအရင်းအတိုင်းပဲ နေခဲ့တယ်
စာတစ်မျက်နှာအတွက်နဲ့တော့ ကိုယ့်စာလုံးကိုယ်ပြန်ပေါင်းမေ
နတော့ပါဘူး
ငါတို့အားလုံး အရူးတွေချည်းပါပဲလေ။

ကိုဖြိုး

Wednesday, September 10, 2008

ပြီးခဲ့တဲ့နှစ်

မနေ့ကအတိုင်းပဲ…

ဇာတ်လမ်းကရိုင်းလွန်းတော့

အသည်းတဆတ်ဆတ်ခါ…

သွေးဆာတဲ့လက်တွေအတွက်

သွေးထွက်များခဲ့ရတဲ့နေ့ရက်များ

လမ်းမပေါ်ပြုတ်ကျခဲ့ရတဲ့

ဦးမညွှတ်တတ်သူတို့ရဲ့ဦးခေါင်း

အမှန်တရားက

မတန်တဆတန်ဖိုးတွေကိုတောင်းဆိုတယ်

အသက်ရှင်လျှက်နာကျင်ခြင်းကိုပွေဖက်ပြီး

ပြီးခဲ့တဲ့နှစ်ကို ငါဖြတ်ခဲ့တယ်….

မေ့ပျောက်လွယ်တဲ့ရက်စွဲတွေရဲ့

အသည်းနှလုံးကို

အမှန်တရားဓားနဲ့မွှန်းဖို့

ပြီးခဲ့တဲ့နှစ်က

ဘယ်တော့မှမသေတဲ့

လူသေတွေ

အခုငါတို့လမ်းမပေါ်မှာနေနေတယ်….။


မိုးလှိုင်ည


(ကဗျာဆရာအိုအောင်ရေးဖွဲ့နေကျ ပြီးခဲ့တဲ့နှစခေါင်းစဉ်အသုံးပြုထားပါသည်)

Monday, September 8, 2008

အ၀ါရောင်အိပ်မက်

မက်မက်စက်စက်အလွမ်းတွေနဲ့
မြစ်ကျဉ်းတစ်ခုထဲကငါ့ညနေ
ကမ္ဘာမြေကိုနှုတ်ဆက်ဖို့တေးစာသားတွေကို
ငါအလွတ်မရသေးပါ….
ဗေဒါရောင်ဆည်းဆာထဲမှာ
ငါ့အင်္ဂလိပ်စာဆရာမလေး…
သူ့မျက်မှန်လေးအောက်က
လျော့နေတဲ့ကျောင်းသားဆိုးလေးတစ်ယောက်ကို
သတိထားမိမှာလား…
လက်ဘက်ရည်ဆိုင်ခုံပုလေးကနေ
လမ်းမကိုငေးငေးနေတတ်တဲ့
ခပ်ဆိုးဆိုးကောင်လေးရဲ့
အ၀ါရောင်အိပ်မက်ဟာ
အင်္ဂလိပ်စာဆရာမလေး
ဖြစ်နေလိမ့်မယ်လို့…
ဘယ်သူမှမသိလိုက်မိခင်…
ကောင်ဆိုးလေးက
အ၀ါရောင်မြစ်တစ်စင်းကို
ကျောပိုးထွက်ခွာသွားခဲ့ပြီ…..။



မိုးလှိုင်ည

Thursday, September 4, 2008

မွေးရပ်မြေရဲ့ အကြောင်း

ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။

ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။

ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်

ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား

ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။

“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။

ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ကောင်းကင်ကို

Tuesday, September 2, 2008

မိုးလှိုင်ညနဲ့ရန်ဖြစ်ခြင်း

သရော်တော်တော်

နောက်တောက်တောက်နဲ့

ခင်ဗျားအတည်ပေါက်တွေ

လျှောက်လုပ်နေတယ်

လူဘ၀ဆိုတာ

တရားရှာရင်တရားရမယ်

မယားရှာရင်မယားရမယ်

အဲဒီလောက်ပါပဲ

သိပ်လည်းတွေးခေါ်ချင်စရာမကောင်းပါဘူး

ကံကြမ္မာကို

အိပ်ကပ်ထဲအထပ်လိုက်ထည့်ဖြုန်း

အချိန်ကာလကိုမုန်းတယ်ဆိုလည်း

သံသရာဘီလ်စာရင်းကို

အကြွေးဝယ်ကဒ်နဲ့ရှင်းလိုက်ယုံပဲ…

မတတ်နိုင်တွေကိုအချိန်ကုန်ခံသယ်မလာနဲ့

အနုပညာလို့ပြောလည်း

ဆာနေတဲ့ဝမ်းဗိုက်တွေက

စွပ်ပြုတ်တစ်ခွက်လောက်မရနိုင်ဘူးလားတဲ့

ကိုယ့်ကိုယ်ကို သစ္စာရှင်ကြီးလို့

အမွှန်းတင်လည်း…

ခင်းဗျားဦးခေါင်းက နံရံမှာကျွှဲချိုလို

ချိတ်လို့မကောင်းဘူး…။

မိုးလှိုင်ည

Monday, September 1, 2008

ချိုးငှက်များ

ကိုက်ချီသွားတဲ့… အလွမ်းကို

စစ်ပွဲကို ကျောခိုင်းသွားတဲ့ လူငယ်လို

နာကျင်မှုကလွဲပြီး

စစ်ပွဲဟာ ငါတို့ကို ဘာမှမပေးဘူး….

သေချာတဲ့သေခြင်းကို

ဆောင်ယူသွားနိုင်သူတွေက

အောင်မြင်ကြတယ်ပေါ့….

ကျန်ရစ်ခဲ့ရသူတွေက

ငြိမ်းချမ်းရေးကိုတည်ဆောက်ရင်း

နောက်ထပ်စစ်ပွဲတစ်ခုကို ထပ်စောင့်ကြတယ်။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...