ကျွန်တော် ကဗျာတစ်ပုဒ်ရေးခဲ့ဖူးသည်။
အက်ဆေးတစ်ပုဒ်လည်းရေးခဲ့ဖူးသည်။ လွင့်နေတဲ့တောင်တွေကို မော့ကြည့်ရာက စတင်… ကဗျာမှော်ရုံတောထဲ တိုးဝင်ခဲ့တဲ့ အကြောင်းပါပဲ..။ ကျွန်တော်တို့ ဆက်တင်က ၁၉၆၉-၇၀။ ရယ်သံတွေနဲ့ စတင်တယ်။ ငယ်သူတို့ သဘာဝအတိုင်း ကြယ်မစုံသူ တို့ညဆိုတာ အိပ်တန်းမ၀င်ဘူး။ ကဗျာကို လရောင်မှာ ချိတ်ဆွဲပြီး၊ သံလွင်မြစ်ရေပေါ်၊ ညစဉ်လမ်းလျှောက်တဲ့အရွယ်ပေါ့..။ ကျွန်တော် မော်လမြိုင်မှာ နေထိုင်ကြီးပြင်းခဲ့သည်.. ။
မဂ္ဂဇင်းတွေက လဆန်းပြတင်းပေါက်ကို ဆွဲဖွင့်တာနဲ့ ကျွန်တော်တို့ ခြေထောက်တွေက ကမ်းနားလမ်း၊ ဘုရင့်ရုပ်ရှင်ရုံရှေ့ ရှိ မြိုင်စာပေ ဘက်အလိုလို ခုတ်မောင်းမိကြတော့သည်..။ ဆိုင်ရှင် ဦးဂျိုးဇက်မျက်နှာပေါ်က ယာဉ်ကြောကို တစေ့တစောင်း အကဲခတ်ကြည့်ကာ ဆိပ်ကမ်းဟောင်းလို ဆိုက်ကပ်မိစမြဲ…။
ဒီနေ့ ဘာတွေရောက်သလဲ.. တိုင်းရင်းမေ၊ ယုဝတီ၊ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ၊ မိုးဝေ၊ သွေးသောက်၊ အဲဒီအချိန်တုန်းက မဂ္ဂဇင်းတွေ ကလည်း အဲသလောက်ပဲရှိသည်…။ တော်ရုံတန်ရုံ အရပ်အမောင်းဖြင့် မျက်စောင်းထိုးဖို့ မလွယ်ပါပေ။ ကျွန်တော်တို့ လိုနယ်ကလောင်ရှင်များ အဖို့ ပိုလို့ပင် ဆွေးလောက်သည်။ မျက်စိသူငယ် နားသူငယ်နှင့် ဖြတ်လမ်းလည်း မရှိသလို၊ နတ်လမ်းလည်း မသိ။ လက်တစ်ဆုံးပြောရလျှင် ကိုယ့်ကဗျာ အယ်ဒီတာလက်ထဲ ရောက်မရောက် ဆိုတာကိုပင် သေချာမသိရ။ ၁၅ပြားတန် ငှက်ခါးလေးတစ်ကောင်နှင့် စာအိတ်ပေါ်လိပ်စာရေး ပို့လွှတ်လိုက်တာပါပဲ။ အောင်ရှုံး စာရင်း သိဖို့က လဆန်းရက်မှာ ထွက်လာကြမည့် မဂ္ဂဇင်းတွေကို အပြေးလှန်ကြည့်ရုံမှတစ်ပါး ၊ အခြားမရှိ…။
သြော် အမှတ်ရအောင့်မေ့ဖွယ်
လွန်ခဲ့သော နှစ်လေးဆယ်… အလွမ်းမိုင်လေးဆယ်..။
ဆရာမင်းချမ်းမွန်က သူ့ရဲ့ အလွမ်းမိုင်လေးဆယ် ရှေ့ဆုံးစာမျက်နှာတွေမှာ အခုလို့ လွမ်းလွမ်းဆွေးဆွေးပြောထားပါတယ်… ကဗျာရေးသက် နှစ်လေးဆယ်.. ယုံယုံကြည်ကြည် နက်နက်ရှိုင်းရှိုင် ကဗျာနဲ့ ဖြတ်သန်းခဲ့တဲ့ သူ့ဘ၀ ပထမဆုံးလုံးချင်း ကဗျာစာအုပ်လည်းဖြစ်ပါတယ် အလွမ်းမိုင်လေးဆယ် … ကဗျာပုဒ်ရေ ၇၂ နှစ်ပုဒ်.. မျက်နှာဖုံးပန်းချီ မုတ်သုန်နဲ့ အတွင်း သရုပ်ဖော်.. ကိုကိုနိုင်၊ မောင်နိုး၊ မောင်နေကြည်၊ မောင်ညီညီ၊ မိုးကျော်တို့က ပါဝင်ရေးဆွဲထားပြီး… ရှင်မတောင် စာပေက ထုတ်ဝေပါတယ်..။ တန်ဖိုး ထောင့်ငါးရာကျပ် ဆရာမင်းချမ်းမွန်ရဲ့ ကဗျာတွေကိုနှစ်သက်မြတ်နိုးကြတဲ့ ကဗျာချစ်သူတွေအတွက်တော့ အမှတ်တရ ၀ယ်ယူ သိမ်းဆည်းထားသင့်တဲ့ တစ်ကိုယ်တော် ကဗျာပြပွဲလေးလည်းဖြစ်ပါတယ်။
မိုးလှိုင်ည