ရန်ကုန်လေးကို ၀ိုင်းဝန်းစောင့်ရှောက်ပေးပါ။
ရန်ကုန်ကို ကြည့်ရတာ စိတ်မချမ်းသာစရာပဲ။ ချွေးတဒီးဒီးနဲ့ တစ်ကိုယ်လုံးက မိတ်ဖုတွေကို တစ်နေကုန် ကုတ်ဖဲ့။ ကိုယ်ချင်းစာပါတယ် ရန်ကုန်။ ဒီအပူချိန်အောက်မှာ ခင်ဗျား ဘယ်လိုလူးလွန့်နေရတယ်ဆိုတာ ကိုယ်ချင်းစာပါတယ် ရန်ကုန်။ ဟိုတစ်နေ့က လမ်းထိပ်မှာ ယပ်တောင် တယမ်းယမ်းနဲ့ ခင်ဗျားကိုတွေ့တော့ “အပူချိန်သတိပေးချက်တွေ မပြတ်နားစွန့်ပြီး သတိထားနေဗျို့” လို့ ခင်ဗျားကို သတိပေးခဲ့တယ်။ “ဂရုမစိုက်နိုင်သေးပါဘူးဗျာ…. ရေကတင်မရ မီးကပျက်နဲ့ တစ်ညလုံး မီးနဲ့ရေလာမယ့် အချိန်စောင့်ရတာနဲ့ ကောင်းကောင်း အိပ်မရတာကြာပေါ့” လို့ ဆွေးဆွေးမြေ့မြေ့ပြန်ဖြေတဲ့ ခင်းဗျားပုံ မြင်ရတာ စိတ်မကောင်းလိုက်တာဗျာ။ ကိုယ့်မှာလည်း ကိုယ့်အပူနဲ့ကိုယ်ဆို တော့ ရန်ကုန်ရေ ဒီတစ်ခေါက်လည်း မင်းကို ဂရုမစိုက်နိုင်သေးတာ ခွင့်လွှတ်ပါ။
အဲနောက်ပိုင်း ရန်ကုန်နဲ့ လုံးလုံးမတွေ့ ဖြစ်တော့ဘူး။ ဒါပေမဲ့ ရန်ကုန်ရဲ့ သတင်းတွေကိုတော့ ဆက်တိုက်ကြားနေရတယ်။ ဒီလောက်ပူရတဲ့ ကြားထဲ ရန်ကုန်ရဲ့ ကျောပေါ်ကို ယမ်းမှုန့်တွေ ကြဲသွားကြတယ်တဲ့။ သူ့ဂိုထောင်ကြီး မီးထဲပါသွားတယ်တဲ့။ သူ့ကို စွန့်ပစ်သွားတဲ့ သူ့ပထွေးက လည်း အခွင့်အရေးရရင် ရသလို အညှိုးကြီးကြီးနဲ့ နှိပ်စက်တယ်တဲ့။ သုံးရက်မှ တစ်ခါပဲ ရေးချိုးရလို့ အပူဒဏ် တော်တော်ခံနေရတယ်တဲ့။ သူ့အမျိုးတွေ တဖြုတ်ဖြုတ်ကြွေကုန်တာကိုတောင် လိုက်မပို့နိုင်တော့ဘူးတဲ့။ ၀မ်းနည်းမနေနိုင်တော့ဘူးတဲ့။ ပူပူလောင်လောင်နဲ့ အိပ်လို့လည်း မပျော်၊ အလုပ်လုပ်ဖို့လည်း စိတ်မပါနဲ၊ စာဖတ်လို့လည်းမရနဲ့ ရန်ကုန်တစ်ယောက်တော့ ဒီနွေမှာ တော်တော် ကျွတ်နေတယ်ဆိုပဲ။ ၀မ်းနည်းပါ၏။
ရန်ကုန်ရေ မင်းရဲ့ ရေခဲတောင်တွေကိုလည်း သတိထားဦး။ ဂရုစိုက်။ စဉ်ဆက်မပြတ် စောင့်ရှောက် ကြည့်ရှုပါ ရန်ကုန်ရေ။ မပြောကောင်း မဆိုကောင်း အရည်တွေ အကုန်ပျော်သွားရင်တော့ မြစ်ရေတွေတိုးလို့ အပေါ်ပူ အောက်မြုပ်နဲ့ မင်းရဲ့ဘ၀ကြီး ပေါ်လောမြောလို့ အခက်တွေ့ နေဦးမယ် ရန်ကုန်ရေ။ ။