Pages

Monday, May 3, 2010

“မင်း အတွက် ငါတို့ ရှိနေတယ်”

လှမ်းခဲ့…
ငါတို့ရဲ့လက်တွေကမ်းထားတယ်
မင်းမသိလိုက်တဲ့ မနက်ဖြန်တစ်ခုက
မင်းမိသားစုလေးကို လုယူသွားတာ
မေ့ထားလိုက်
အဲဒီလို…
ငါတို့မပြောရက်ခဲ့ဘူး။

လွှတ်လိုက်ပါတော့… ကလေးရယ်
ခြစ်ကုတ်ထားတဲ့ မင်းရဲ့လက်တွေ
သစ်ခြောက်ပင်ကြီးတောင် ပွန်းပဲ့နေရော့မယ်
သွေ့အက်နေတဲ့ ရှိုက်သံသဲ့သဲ့
ဟင်းလင်းပြင်တစ်ခုပေါ် တယဲ့ယဲ့ဖိတ်လျှံကျ
မင်းရဲ့ အိမ်အပြန်လမ်းကလေးလဲ
အဓိပါယ်မဲ့ခဲ့ရပေါ့…။

စာနားလည်တတ်ခဲ့ပေမယ့်
မျှဝေခံစားဖို့ ခက်ခဲ့တယ်
အဲဒီလောက်တောင်…
မင်းရဲ့ဒဏ်ရာတွေပြင်းလွန်းပါတယ်။

မင်းရင်ထဲကို ၀င်ကြည့်အပြီးမှာ
ငါတို့ရဲ့ နှလုံးသားတွေ
အရောင်ပြောင်းသွားတယ်
မင်းကြောင့် ငါတို့ရဲရင့်ခဲ့တယ်
မင်ကြောင့် ငါတို့ရှက်တတ်ခဲ့တယ်
မင်းရဲ့ မတ်မတ်ခိုင်တဲ့ခြေထောက်တွေအောက်မှာ
ငါတို့ရဲ့ အတ္တတွေ ခွေယိုင်ပြိုလဲခဲ့ပါတယ်။

ကလေးရေ…
ဘာပဲဖြစ်ဖြစ်
တို့တွေဆက်လက်ရှင်သန်ရမှာပဲလေ
အလွမ်းတွေကို သတိရခြင်းတွေ အဖြစ်ထား
ရှိတဲ့အားနဲ့ ရှေ့ဆက်သွားကြမယ်။

မင်းမေမေလို..
လူကလေးရယ်ငို ခိုဖမ်းလို့ပေးဆိုတဲ့
သားချော့တေးကို မဆိုတတ်ပေမယ့်
ငါတို့ရဲ့ ဂစ်တာတွေအားလုံး
မင်းအတွက် ကြိုးညှိထားပါတယ်။

မင်းဖေဖေလို…
ထမင်းဆီဆမ်း ရွှေလင်ပန်းကို
ဖိုးလမင်းကြီးဆီက တောင်းမပေးနိုင်ပေမယ့်
ငါတို့ရဲ့ ရင်ဘတ်တွေအားလုံး
မင်းအတွက် တံခါးဖွင့်ထားပါတယ်။

မင်းညီမလေးလို…
မပီကလာပီကလာနဲ့
တီတီတာတာတွေ မပြောတတ်ပေမယ့်
ငါတို့ရဲ့ အပြုံးပန်းတွေအားလုံး
မင်းအတွက် သီကုံးပေးထားပါမယ်။

အိပ်မက်ဆိုးတွေနဲ့ လန့်နိုး
စိတ်ဒဏ်ရာတွေက
မင်းရဲ့ညတွေကို လာခိုးတဲ့အခါ
မင်းပါးအပ်ခဲ့ဖူးတဲ့
ငါတို့ရဲ့ ရင်ခွင်ကို သတိရကြည့်ပါ
တဆတ်ဆတ်တုန်နေတဲ့ ရင်ခုန်သံစည်းချက်တွေက
ကြည်မြတဲ့ ဂီတတစ်ခုအဖြစ်နဲ့
မင်းကိုချော့သိပ်ပါလိမ့်မယ်… ကလေးငယ်။

မင်းအားငယ်ရင်… ငါတို့ပွေ့ဖက်မယ်
မင်းဝမ်းနည်းရင်… ငါတို့နှစ်သိမ့်မယ်
မင်းငိုချင်လာတဲ့အခါ မင်းလက်ကလေးကို
ငါတို့ ဆုပ်ကိုင်ပေးထားပါ့မယ်…။

မင်းအငိုတိတ်အောင်ချော့ဖို့
စကားလုံးတွေ ငါတိုရှာမရခဲ့ဘူး
သုညကို ခါးလည်ကဖြတ်ပိုင်းလိုက်သလို
လောကဓံက မင်းဘ၀ကိုခုတ်ပိုင်းသွား
အစားထိုးမရနိုင်ခြင်းတွေကပဲ
အနာဂါတ်အတွက် ပေးထားချက်တွေဖြစ်ခဲ့
ကလေးရေ…
ဘ၀ပေး ပုစ္ဆာကို
အဖြေမှန်ထွက်အောင် မင်းကြိုးစားတွက်တဲ့အခါ
မင်းနောက်လှည့်ကြည့်ကြည့်ပါ
မင်းအတွက် …ငါတို့ရှိနေမှာပါ
မင်းအတွက် …ငါတို့ရှိနေမှာပါ


နေဘုန်းလတ်