Tuesday, August 18, 2009

မွေးနေ့လက်ဆောင် ကဗျာနှစ်ပုဒ်

မွေးနေ့လက်ဆောင် ကဗျာနှစ်ပုဒ် တစ်ပုဒ်က ညီမလေး ဆုငယ်

နောက်တစ်ပုဒ်က whitecrystal ဆိုတဲ့ သူငယ်ချင်းပါ…

သူလည်း အခုမှ ဘလော့အသစ်လုပ်ထားတာ … နှစ်ယောက်လုံးကို

ကျေးဇူးတင်လို့ ဒီဘလော့ပိုစ့်မှာ အမှတ်တရသိမ်းထားလိုက်တယ်…။










မျှော်လင့်ခြင်းအသစ်တွေနဲ့ ... နှစ်ဆယ့်ရှစ်

အသုံးမကျလို့.. ဆိုပြီး

ကိုယ့်ကိုယ်ကိုယ်တော့

ပြန်မမုန်းလိုက်ပါနဲ့ သူငယ်ချင်း...

ငါက မင်းထက်ပိုပြီး အသုံးမကျလို့
မင်းပေးတဲ့ စာအလင်းနဲ့
လောကအမှောင်ကို
ဖယ်ခွင်းကြည့်နေရတာပါ...

ဖြတ်သန်းခဲ့ပြီးတဲ့ ၂၇ နှစ်တာသက်တမ်းမှာ
မင်းရေးခဲ့တဲ့ ကဗျာတွေက
“မိုးလှိုင်ည”ဆိုတဲ့ ဖြစ်တည်မှုကို
ပီပီပြင်ပြင် ထုဆစ်ပြခဲ့ပြီ...

ဆုတ်ဖြဲခံထားရတဲ့
ငါတို့နိုင်ငံရဲ့ သမိုင်းစာမျက်နှာတွေကို
မင်းက မြင်သာအောင် ရေးပြခဲ့သလို
တမင်တကာ မေ့လျော့ထားကြတဲ့
အထင်ကရ ရက်စွဲတွေမှာလဲ
အမှန်တရားအတွက်
ကလောင်သွားတစ်လက်နဲ့
မင်း တာဝန်ကျေခဲ့တယ်...

မျှော်လင့်ချက်ကင်းမဲ့စွာ
စိတ်ဓါတ်ကျနေတဲ့ အချိန်တိုင်း
ပို့စ်မော်ဒန်ကဖေးမှာ မင်းကိုရှာခဲ့တယ်...

မင်းက ဓါတ်တိုင်ဝင်စားတဲ့သူဆိုရင်
နောင်လာမယ့်နှစ်တွေအထိ
နိုင်သလောက်စွမ်းအားနဲ့
လူတွေကို လမ်းပြပေါ့...

( တခါတရံ ) မင်းကိုယ်တိုင် မှောင်မိုက်ခဲ့ရင်လဲ
နားလည်စွာနဲ့ မငြူစူဘဲ
ငါတို့တွဲလက်တွေ မြဲစေမယ်...

သက်တမ်းရှည်ကြာလာတာနဲ့အမျှ
စွဲမက်ဖွယ် ပြင်းရှလာမယ့်
နှစ်ချို့ကော်ဖီတစ်ခွက်ရဲ့ အရသာကို
ယုံကြည်စွာ ခံစားရင်း...

မျှော်လင့်ခြင်းအသစ်တွေနဲ့
ရှစ်ရက် ရှစ်လပေါင်း များစွာကို
အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းခွင့်ရစေကြောင်း
ဆုတောင်းပေးတယ် သူငယ်ချင်း...။


whitecrystal



လွန်ခဲ့တဲ့ ငါးလခြောက်လ လောက်တုန်းက ၊ မော်ဒန် ကဗျာတွေရေးတာ တော်တယ်ဆိုလို့ သူငယ်ချင်းပြောပြလို့ ကော်ဖီးခါးခါးနဲ့ မြို့ပြညလေးထဲ ကို အလည်ရောက်ရင်း ခင်ခွင့်ရခဲ့တဲ့ အစ်ကို ကဗျာဆရာမိုးလှိုင်ည တွက် မွေးနေ့ အမှတ်တရ....

ကော်ဖီခါးခါးနဲ့ ငါ့မြို့ပြညလေးထဲ
အမှတ်တမဲ့ ရောက်ရင်
မှတ်မှတ်ရရ ရင်းနှီးကျွမ်းဝင်
လေးစားခဲ့ရတဲ့ အစ်ကိုကဗျာဆရာ

ကဗျာတွေရေးရင် သောကအမောတွေဖြေ
ကဗျာတွေက သူ့ဘ၀ရဲ့အဖော်ကောင်းပဲလေ
ကိုယ့်ဒူးကိုယ်ချွန် ကိုယ်လမ်းကိုယ်လျှောက်ရင်
အမှန်တရားကို မြတ်နိုးတဲ့အစ်ကို ကဗျာဆရာ

ခါးသီးတဲ့ ဘ၀ကြီးထဲမှာ
ကဗျာဆရာ ဖြစ်ရတာကိုဂုဏ်ယူဝင့်ကြွားတဲ့သူ
နေ့ရက်တွေက ဘာမှမပာုတ်သလိုခနလေးနဲ့
အစ်ကို့ အသက် ၂၇ နှစ် ပြည့်ခဲ့ပြီးပဲ
ဖြူစင်တဲ့ စိတ်ဓါတ်တဲ့
မာန်မာနတွေ ကင်းတဲ့
အစ်ကို တစ်ယောက်
အစ်ကို ချစ်တဲ့ ကဗျာတွေဆက်ရေးရင်
အစ်ကို ရောက်ချင်တဲ့ ပန်းတိုင်ကို
ဘေးရန် အနှောက်အယှက်ကင်းစွာ
လျှောက်လှမ်းနိုင်ပါစေလို့
ညီမလေး ဆုတောင်းပေးပါတယ်။

( ကိုယ်ကြိုက်တဲ့ ကဗျာ ဆရာလို့သာဆိုတယ် ၊ ကိုယ်က အစ်ကို့ မွေးနေ့ကိုတောင်နောက်ကျမှ သိခဲ့တဲ့အတွက် ဆော်ရီးပါ အစ်ကို )။


ဆုငယ်




Monday, August 17, 2009

ညီမလေးရေ ငါဖျားနေပြီ…

ညီမလေး ငါအမှန်တကယ်ဖျားနေတာပါ…

မင်းသိမ်းပိုက်ထားတဲ့ အိပ်မက်တစ်ခြမ်းထဲမှာ

ငါ့အပေါ် အမုန်းမိုးတွေ သိပ်သိပ်သည်းသည်း

ရက်စက်တယ်လို့မဆိုရက်ပါဘူး

ငါကိုယ်တိုင်က ရင်ဘတ်ထဲဒဏ်ခံနိုင်အားတွေ

သိပ်နည်းပါးလွန်းတာပါ…

ညီမလေးရေ အခုတော့ငါဖျားနေပြီး

ကိလေသာရဲ့ လေးညွှတ်ကိုင်းဖျားပေါ်က

သားရေပြားတစ်စလို့

ငါ့စိတ်တွေတဆတ်ဆတ်တုန်ခါလို့

အခု ဆယ်စုတွေအများကြီးထဲ

အလွမ်းနဲ့ ဖျစ်ဖျစ်တောက်လောင်ကျွမ်းလို့

တောမီးလို တအုံ့အုံ့နွေးနွေး

တလုံးတခဲကြီးကို လောင်ကျွမ်းလို့…

ညီမလေးရယ်…

ကဗျာဟာ ငါ့အတ္တပါ…

ပြီးတော့ ငါ့အနတ္တလည်းဖြစ်တယ်

ညီမလေး

အခုတော့ ငါဖျားနေပြီ…

ညီမလေးလည်း ငါ့ဆီမှာမရှိတော့ဘူး…။


မိုးလှိုင်ည

Sunday, August 16, 2009

စစ်ပွဲ

မနေ့ညကအထိ
ငါတို့ရဲ့နောက်ဆုံးခရီးစဉ်ကိုမသိရှိရသေးဘူး
မိုးလင်းတော့ ဆက်သွယ်ရေးတာဝါတိုင်တွေ
ပြိုလဲကျကုန်ပြီ...
ဖုန်းခေါ်ဆိုလို့မရနိုင်တော့ဘူး...
အီးမေးစ်ပို့ဖို့ မော်နီတာအပျက်တွေက
ကြမ်းပြင်ပေါ်မှောက်လျှက်လဲနေတယ်..
မြေအောက်ဘူတာရုံထဲမှာ
သောက်ရေတစ်ဗူးကိုလိုက်ရှာနေတာ
ကလေးငယ်တစ်သိုက်က အသံမထွက်အောင်ကြိတ်ရှိုက်နေတယ်
တစ်ယောက်ယောက်ဆီမှာ ပေါင်မုန့်အသိုးတွေရှိနိုင်သေးလား
ဒဏ်ရာရနေတဲ့လူတွေကိုမကြည့်မိအောင်
မျက်လုံးကို အတင်းလွှဲဖယ်နေရတယ်...
အဆက်မပြတ်ပေါက်ကွဲသံတွေကြားတယ်..
အဆက်သွယ်ပြတ်သွားတဲ့လူတွေဆီက ဆုတောင်းသံတွေကြားတယ်
အနီအောက် ရောင်ခြည်တန်းတွေကို သွားမထိနဲ့........
ကောင်လေးက ရူးရူးမိုက်မိုက်ပြေးထွက်သွားတယ်
စစ်ပွဲကို လက်နှက်ကိုင် မဟုတ်သူများကတည့်တည့်ရင်ဆိုင်လို့
လေကြောင်းတိုက်ခိုက်မှုတွေတိုးမြှင့်လိုက်ပြီ...
အဲဒီသတင်းကို အရပ်သားတွေတစ်ယောက်မှသိခွင့်မရဘူး...
ရေဆိုးပြစ်တဲ့မြောင်းထဲကို စစ်သားတစ်ယောက်က
လက်ပစ်ဗုံးတွေပစ်သွင်းတယ်...
အထဲမှာက ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတစ်ချို့
စစ်ပွဲကို အရပ်သားတွေကတည့်တည့်ရင်ဆိုင်လို့....။


မိုးလှိုင်ည


ပုံလေးက ဇာတိ ရှာပေးတာ...။


ညနေ

တစ်ညနေလုံးရေတွက်ကြည့်လိုက်တယ်

ပြိုမယ့် မိုး ကိုယ်တိုင်က

မိုးပြိုမှာကို ကြောက်လို့တဲ့

တစ်ညနေလုံး ရေတွက်ကြည့်မိတယ်

မိုးပြိုမယ့် ညနေတွေက

ငါ့ကို ဖြိုဖြိုချခဲ့ပေါ့

မင်းထားခဲ့တဲ့ နှစ်ကာလတွေထဲမှာ॥


MHN

Saturday, August 15, 2009

ကိုဖြိုးအကြောင်းမရေးတဲ့ ကဗျာ

15 Aug 09, 08:28

ကိုဖြိုး: အရောဝင်လို့ မကောင်းဆုံးသော လူသတ္တ၀ါ (သတ်တ၀ါဟုဖတ်ပါရန်) တွေအတွက် ...

ကဗျာဆရာတစ်ယောက်ရဲ့ လက်တွေ ... အို ... ဖြတ်သာထားလိုက်စမ်းပါ ဟေ့ကောင်ရာ ...

မင်းရင်ဘတ်ကြီးတစ်ခုလုံး ချကျွေးလို့တောင်ဘယ်ကောင်မှလာမစားဘူး



ငါတို့ လက်တွေကိုဖြတ်ထားသင့်တယ်

ငါတို့ ဘ၀တွေကို ဖြတ်ထားသင့်တယ်

ငါတို့ အိပ်မက်တွေကိုဖြတ်ထားသင့်တယ်

ငါတို့

ငါတို့

ငါ

ငါ

ငါတို့မဟုတ်သူများ

ငါမဟုတ်သူများ

အားလုံးအတူတူ လူ…လူ

ငါ့ရင်ဘတ်ကို ချမကျွေးတော့ဘူး

ငါ့နှလုံးသားကို ချမကျွေးတော့ဘူး…

မင်းရော ငါရော

ဟား တိုက်ရယ်မောစရာ…

လူလူ…လူတဲ့

တလူလူလွင့်နေကြတယ်… လေထဲ….။


မိုးလှိုင်ည

သားမြေးတို့အတွက် ကြိုးစားစို့

ငါသာလျှင်တော်၊ သူမတော်ဟု

လူတော်ထင်ပါ၊ တို့မြန်မာကို

ဘယ်ခါဆယ်၍ရမလဲ။

“ကြွားရင်းနှင့်နှစ်၊ ၀ါးရင်းနစ်သည်”

နစ်လျက်နေပါ၊ တို့မြန်မာကို

ဘယ်ခါ ဆယ်၍ရမလဲ။

“အကောင်းဆိုးထင်၊ ဆိုးကောင်းထင်နှင့်”

အထင်လွဲပါ၊ တို့မြန်မာတို့

ဘယ်ခါဆယ်၍ရမလဲ။

“သူ့ကိုငါညှိုး၊ ငါ့သူညှိုးနှင့်”

အညှိုးကြီးပါ၊ တို့မြန်မာကို

ဘယ်ခါဆယ်၍ ရမလဲ။

“ညီး၍မပြီး၊ ညူမပြီးဘူး”

အပြီးထကာ၊ လုပ်နိုင်ပါမှ

တော်ရာရောက်လိမ့် နောင်အဖို့။

နိုးကြ ထကြ မြန်မာတို့။

သားမြေးတို့အတွက် ကြိုးစားစို့။


မင်းသုဝဏ်


ဆရာမင်းသုဝဏ်ရဲ့ အထက်ပါကဗျာကို ဆရာမောင်ဝံသရေးသားသည့်

ဆရာမင်းသုဝဏ်သို့ အမှတ်ရချက်များ ဆောင်းပါးမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ထိုဆောင်းပါးကို အမှတ်(၃) အောက်တိုဘာ ၂၀၀၄ ခုနှစ် စပယ်ဖြူ မဂ္ဂဇင်းတွင်

ဖော်ပြထားခြင်းဖြစ်ပါသည်…။ ကူးယူဖော်ပြခြင်းအတွက် ခွင့်ပြုချက်တောင်းခံခြင်း

မပြုနိုင်ခဲ့သည့်အတွက်ဆရာမောင်ဝံသနှင့်စပယ်ဖြူ မဂ္ဂဇင်းအပေါ်အနူးအညွတ်တောင်းပန်အပ်ပါသည်… ။

Friday, August 14, 2009

ရပ်နားထားရတဲ့ ဂီတ

ကိုငှက်

ကမ္ဘာကြီးထဲမှာ အဆိုတော်တွေများတယ်

ဂီတပညာရှင်တော့ ရှားနေတုန်း

ကမ္ဘာကြီးထဲမှာ

စာရေးဆရာတွေများတယ်

ကဗျာဆရာတွေရှားပါးတုန်းပဲ…

အဲဒီ ကမ္ဘာထဲမှာ

ကိုငှက်ရဲ့ အသံဟာ

ကိုငှက်မရှိတဲ့ ငါးနှစ်မှာလည်း

ကျွန်တော်တို့နားထောင်ဖြစ်နေတုန်းပါ…



“ကျွန်တော့် အတ္တရဲ့ ၀န်ထုပ်ဝန်ပိုးကို

သမီးလေးမိကွန်ထောအပေါ်ကိုတင်ပေးမချင်ဘူးလို့”

ကိုငှက်ပြောခဲ့ဖူးတယ်…။



ကျွန်တော်ကတော့အတ္တများကြီးနေမိမလား..!



သံသရာမှ အလဲအထပ်လုပ်လို့ရရင်

ကျွန်တော့်ရဲ့ လူအဖြစ်ဆယ်ဘ၀နဲ့

ကိုငှက် လူအဖြစ်တစ်ဘ၀ကို လဲပေးလိုက်ချင်တယ်

ကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ ကိုယ်ပိုင်အသံကို

ရပ်နားမထားခဲ့ချင်ဘူး…။



မိုးလှိုင်ည


ကိုငှက်ပုံတူကို ကိုအောင်သာငယ် ဘလော့မှ ကူးယူတင်ပြပါသည်။



“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...