Monday, July 30, 2007

လူအဖြစ်ရဲ့အမှားအယွင်းများ

နှစ်ကာလများစွာကိုအလိုမတူပဲဖြတ်သန်းလာရတဲ့အခါ
ကျွန်တော့်အမှားအယွင်းတွေကိုမှတ်တမ်းတင်ဖို့
တစ်စုံတစ်ရာလိုအပ်တယ်လို့ကျွန်တော်ယူဆမိပါတယ်
အဲဒီလိုနဲ့ ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာမှာ
ဒိုင်ယာရီစရေးဖြစ်ခဲ့တယ်….။

စကြ၀ဠာရဲ့အချိန်ဇယားမှာက
ကျွန်တော်ကိုကျွန်တော်မှင်နီတားခဲ့ရတဲ့နှစ်ကာလတွေ
ရမှတ်ကသိပ်မကောင်းတော့
အမြဲတမ်းတန်းဆင်းဇုန်ထဲငြိနေတဲ့ခြေရည်ခြေသွေး
ကျွန်တော်အောင်မြင်မှုဆုဖလားနဲ့
ဝေးနေရတာမဆန်းပါဘူး…
ရာသီကုန်သက်ပြင်းမောတွေနဲ့ဒီနှစ်ပြီးနောက်တစ်နှစ်
မသေဖြစ်သေးဘူးဆိုရင်တော့
ဘလော့ဖြစ်ဦးမယ်ထင်ပါတယ်….

ဒီလိုနဲ့ ကော်ဖီမစ်တစ်ခွက်မှာပြီး
တစ်ညနေခင်းလုံးထိုင်နေတဲ့ကဗျာဆရာကို
ဆိုင်ရှင်ကခဏခဏလာမေးတယ်…
အစ်ကိုဘာလိုသေးလဲ…..ထမင်းသုပ်တစ်ပွဲပေးပါ

အမေ့ရဲ့အသုဘမှာမျက်ရည်မကျမိတာက
တရာရုံးစီရင်ချက်အရ
လူ့အဖွဲ့အစည်းကိုပျက်ရယ်ပြုရာကျပါတယ်
သဟဇာတမဖြစ်ခဲ့ရင်တောင်
ကျွန်တော့်ရဲ့ချစ်တတ်ခဲ့မှုများအပေါ်
တစ်စုံတစ်ယောက်မည်သူမဆို
လာရောက်လည်ပတ်နိုင်ဖို့အတွက်
moehlaingnya.blogspot.com
စည်းအပြင်ကကိုဖြိုးရေ…
ပုံမှန်ထက်နည်းနည်းပိုခါးသက်တဲ့
နှစ်ချို့ကော်ဖီတစ်ခွက်ရှိတယ်
သူငယ်ချင်းကြိုက်နှစ်သက်မယ်ထင်လို့

မိုးလှိုင်ည

Sunday, July 29, 2007

မောင်ချောနွယ်ခင်ဗျားမသေဘူး…

လောကဓံကျည်ဆံတွေကို

ကဗျာဆိုတဲ့ရင်ဘတ်ကြီးနဲ့ထိုးထိုးခံ

သူပြန်အန်ထွက်လာတာက

အတွင်းစိတ်ကရတနာအစစ်တွေ

အဲဒါအနုပညာဖြစ်ရဲ့

သူ့စိုက်ခင်းကဘ၀နဲ့ရင်းရပေမယ့်

သီးထွက်ကောင်းတော့

ဟောဒီခေတ်ဆိုးခေတ်ပျက်ကြီး

တစ်ခုလုံးကိုတင်ကျွေးထားနိုင်ရဲ့

သူအမေပြောတော့အသည်းကခပ်ငယ်ငယ်တဲ့

အဲဒီမောင်ချောနွယ်ပေါ့

မျှားမယ့်မျှားတော့စကြာဝဠာကိုမှမျှားတယ်

ငှက်ဆိတ်တဲ့သစ်စည်းမှာတောင်

အဓိပါယ်တွေသိပ်သည်းနေရင်

ရာစုသစ်တစ်ခုလောင်းတောင်မှ

မောင်ချောနွယ်ကိုဖွင့်ဆိုလို့မရဘူး

သေချာတယ်

တစ်ကယ်သေသွားတာကမောင်ချောနွယ်မဟုတ်ဘူး

ဟောဒီအပုပ်အသိုးရာစုနှစ်ကြီး

မိုးလှိုင်ည

Saturday, July 28, 2007

ကျွန်တော်ရဲ့ဆင်ခြေများ

လူ့လောကတောနက်နက်မှာ

အဖေကကျွန်တော့်ကိုရင်ကျက်ဖို့လိုပြီတဲ့

ရင်ကျက်တယ်ဆိုတာဘယ်လိုတရားလဲ

ရှင်သန်ရပ်တည်မှုအတွက်

ဘ၀ကိုခေါင်းငုံ့ထားရရင်း

ရုတ်တရက်မော့အကြည့်

ကောင်းကင်မှာကြယ်တွေရှိသေးကြောင်းသိရတော့

ဘုရားရှီခိုးကျောင်းကခေါင်းလောင်းထိုးသံကြားလိုက်ရရဲ့

ဒါပေမယ့်ကျွန်တော်ဆုမတောင်းချင်ဘူး

နွေဦးပေါက်တိုင်းပါရီကိုရောက်ဖူးချင်တဲ့စိတ်နဲ့

ဗင်းဆင့်ဗန်ဂိုးရဲ့နေကြာပန်းကို

လွမ်းနေတတ်တာကြောင့်

ရင့်ကျက်တယ်ဆိုတာ

ကျွန်တော့်အတွက်မလိုအပ်ဘူးထင်တယ်…အဖေ..။

မိုးလှိုင်ည

သုဘရာဇာ

သူခေါင်းတလားတစ်လုံးလုပ်တယ်
သူ့ဘ၀တစ်သက်တာမှာ
အခန့်ညာဆုံးခေါင်းတလားတစ်လုံးကို
အကောင်းဆုံးသစ်သားတွေနဲ့သူလုပ်တယ်။
သူကျင်းတစ်ကျင်းတူးတယ်
သချိုင်းတစ်ခုလုံးရဲ့အကောင်းဆုံး
အမြင့်မြတ်ဆုံးအလှပဆုံးတောင်ကုန်းပေါ်မှာ
ပြီးတော့
သူခေါင်းတလားကိုကျင်းထဲထည့်ပြီး
သူကခေါင်းထဲဝင်သေပစ်လိုက်တယ်…..။
ထူဆန်းစွာပဲ
ငိုမယ့်လူတွေတစ်ယောက်မှမရှိကြဘူး
အပြစ်လွှတ်ပေးမယ့်သင်းအုပ်ဆရာလည်း
ရောက်မလာဘူး…။
အလာလ်ရှင်မြတ်ရဲ့အမိန့်တော်ကိုပြန်ကြားပေးမယ့်
ဗလီဆရာလည်းရောက်မလာဘူး
သရဏဂုံတင်ပေးမယ့်
ရဟန်းတပါးလည်းမရောက်လာဘူး…..
သုဘရာဇာတစ်ယောက်တော့ထပ်ရောက်လာတယ်
သူ့အလောင်းကိုမြေဖို့ပေးဖို့………………

မိုးလှိုင်ည

Tuesday, July 24, 2007

သို့ဖေဖော်ဝါရီ..၃

ဖေဖော်ဝါရီရေ
ဆူးလေမီးပွိုင့်မှာရပ်ပြီးငါငေးတယ်
၂၀၇တစ်စီး ၃၇ဘီအမ်တစ်စီး
ပါရာဒိုတစ်စီး ဟိုင်းလတ်တစ်စီး
စူပါရုဖ်တစ်စီးငါ့ရှေ့ကဖြတ်သွားကြတယ်
ငါကဘယ်ကိုဖြတ်ကူးရမှာလဲ
လမ်းတစ်ဖက်မှာအရင်လို
မင်းမှရပ်စောင့်မနေတာ
ရုပ်ရှင်ရုံမှတ်တိုင်မှာက
မဟာမြိုင်တစ်ယောက်နှစ်ရာလို့
ကြားကားစပယ်ယာတွေအော်နေတုန်းပဲ
အဲဒီအသံတွေပေါ့ ငါ့ဆီကမင်းကို
စိမ်းစိမ်းကားကားဆွဲခေါ်သွားခဲ့ဖူးတာ
လူတွေရှုပ်နေတဲ့ကြားကငါလွမ်းတယ်
၃၅မီနီဘတ်စ်တွေငါ့ဘေးကဖြတ်သွားရင်ငါလွမ်းတယ်
မန်းမြို့တော်ပေါက်စီဆိုင်တွေကို
မမြင်ချင်ယောင်ဆောင်သွားမိတယ်
မင်းမရှိတော့လက်ရွေးစင်မှာ
ကော်ဖီမသောက်ဖြစ်တာကြာခဲ့ပြီပေါ့
၄၈ လမ်း၅၀ သဘောင်္ကျင်း ရန်အောင်
ဝက်စု ဗန္ဓုလကသွားမှာ အနီရောင် အနီရောင်
ငါ့ကိုမလှောင်ပါနဲ့ကုန်ဈေးတန်းမှတ်တိုင်ရယ်
ပလက်ဖောင်းကဖီးမှာက
အသက်မဲ့နေတဲ့ကော်ဖီမစ်တစ်ခွက်နဲ့ငါ
ညနေကိုအလွမ်းနဲ့ထုပ်ပိုးပြီးပြန်လာခဲ့တယ်
ဘုရားသခင်ဆီကအိမ်ကလေးတစ်လုံးလောက်
လက်ဆောင်ရခဲ့ရင် ငါမင်းကိုဆက်ဆက်လာခေါ်ပါ့မယ်
အဲဒီအလွမ်းတွေနဲ့ငါညဉ့်နက်နေရဆဲပေါ့
ဖေဖော်ဝါရီ…….။

မိုးလှိုင်ည

အထီးကျန်

မင်းအတွေးအခေါ်က
အရောင်မထွက်ဖူးတဲ့
ဒီလိုထိမိစမ်းမိဖို့
ကျွန်တော်ချီတက်လာတာမှမဟုတ်တာ
လျှပ်စီးရောင်တလက်လက်
ပန်းခင်းထဲကရနံ့တွေရောင်ကိုင်းလာတဲ့အထိ
လောကဓံငါ့အပေါ်ထစ်ခြုန်းပုံစောင်းနင်းတယ်
အရွယ်အစားအမျိုးအမျိုး
အရောင်အသွေးအမျိုးမျိုးနဲ့
ပင်လယ်ခရုတွေအာရုံကိုစူးစေတာကလွဲပြီး
ဘာမှအဆန်းတကြယ်ခူးခပ်မပေးဘူး
တမျော်တခေါ်ငေးကြည့်မိသမျှ
ရှုခင်းတွေကလည်းအရွယ်မတင်ဘူး
ခင်ဗျားတို့ပြောသလောက်မကွေ့ကောက်ဘဲ
ကျွန်တော်ထင်သလောက်
ဖြောင့်တန်းလှပတဲ့မြစ်ဆီပြန်လာခဲ့တယ်
သဘာဝတရားဟာစိမ်းစိမ်းစိုစို
နေလုံးနီနီကကန်သင်းရိုးအစပ်မှာဖူးလို့ပွင့်လို့
ကျွန်တော်လွှတ်တင်လိုက်တဲ့သီချင်းကလေး
ပျံလွှားငှက်ကလေးနဲ့တိုက်ပြီးပြန်ကျလာခဲ့
ကြီးကောင်ဝင်စဆည်းဆာကိုမော့ကြည့်ရင်း
ကျွန်တော်တစ်ယောက်တည်းလည်းလဲပျော်ပါတယ်။ ။

မောင်ဖီလာ

Sunday, July 22, 2007

မငြိမ်းသောဖန်မီးအိမ်..သို့

သွေးမကြောင်ဘူး
ဘေးမရှောင်ဘူး
ကဗျာဆရာစစ်ရင်
အမှန်တရားကိုချစ်တယ်
ငါ့သွေးတွေက
ကဗျာအတွက် ကမ္ဘာအတွက်
ငါ့ပြည်သူအတွက်
အမြဲတမ်းလတ်ဆတ်နေတယ်
ပြည်သူ့အတွက်အမှန်တရားကို
ကမ္ဘာဦးကျမ်းစာလို
ငါရွတ်ဖတ်နေတုန်း
သေနတ်ချင်းယှဉ်ပစ်နေစရာမလိုဘူး
သမိုင်းကအမှန်တရားကို
မှတ်ကျောက်ထားတယ်…
အခုငါကဗျာနဲ့သတ်လိုက်တယ်
လူယုတ်မာတွေစင်းစင်းလဲသေပေါ့
ဆေးလိပ်တိုကြီးကမီးမသေတော့ဘူး

မိုးလှိုင်ည
(ကဗျာဆရာကြီးတင်မိုးသို့ရည်စူးဂုဏ်ပြုပါသည်)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...