Monday, June 21, 2010

အလွမ်းမိုင်လေးဆယ်



ကျွန်တော် ကဗျာတစ်ပုဒ်ရေးခဲ့ဖူးသည်။

အက်ဆေးတစ်ပုဒ်လည်းရေးခဲ့ဖူးသည်။ လွင့်နေတဲ့တောင်တွေကို မော့ကြည့်ရာက စတင် ကဗျာမှော်ရုံတောထဲ တိုးဝင်ခဲ့တဲ့ အကြောင်းပါပဲ..။ ကျွန်တော်တို့ ဆက်တင်က ၁၉၆၉-၇၀။ ရယ်သံတွေနဲ့ စတင်တယ်။ ငယ်သူတို့ သဘာဝအတိုင်း ကြယ်မစုံသူ တို့ညဆိုတာ အိပ်တန်းမ၀င်ဘူး။ ကဗျာကို လရောင်မှာ ချိတ်ဆွဲပြီး၊ သံလွင်မြစ်ရေပေါ်၊ ညစဉ်လမ်းလျှောက်တဲ့အရွယ်ပေါ့..။ ကျွန်တော် မော်လမြိုင်မှာ နေထိုင်ကြီးပြင်းခဲ့သည်.. ။

မဂ္ဂဇင်းတွေက လဆန်းပြတင်းပေါက်ကို ဆွဲဖွင့်တာနဲ့ ကျွန်တော်တို့ ခြေထောက်တွေက ကမ်းနားလမ်း၊ ဘုရင့်ရုပ်ရှင်ရုံရှေ့ ရှိ မြိုင်စာပေ ဘက်အလိုလို ခုတ်မောင်းမိကြတော့သည်..။ ဆိုင်ရှင် ဦးဂျိုးဇက်မျက်နှာပေါ်က ယာဉ်ကြောကို တစေ့တစောင်း အကဲခတ်ကြည့်ကာ ဆိပ်ကမ်းဟောင်းလို ဆိုက်ကပ်မိစမြဲ

ဒီနေ့ ဘာတွေရောက်သလဲ.. တိုင်းရင်းမေ၊ ယုဝတီ၊ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ၊ မိုးဝေ၊ သွေးသောက်၊ အဲဒီအချိန်တုန်းက မဂ္ဂဇင်းတွေ ကလည်း အဲသလောက်ပဲရှိသည်။ တော်ရုံတန်ရုံ အရပ်အမောင်းဖြင့် မျက်စောင်းထိုးဖို့ မလွယ်ပါပေ။ ကျွန်တော်တို့ လိုနယ်ကလောင်ရှင်များ အဖို့ ပိုလို့ပင် ဆွေးလောက်သည်။ မျက်စိသူငယ် နားသူငယ်နှင့် ဖြတ်လမ်းလည်း မရှိသလို၊ နတ်လမ်းလည်း မသိ။ လက်တစ်ဆုံးပြောရလျှင် ကိုယ့်ကဗျာ အယ်ဒီတာလက်ထဲ ရောက်မရောက် ဆိုတာကိုပင် သေချာမသိရ။ ၁၅ပြားတန် ငှက်ခါးလေးတစ်ကောင်နှင့် စာအိတ်ပေါ်လိပ်စာရေး ပို့လွှတ်လိုက်တာပါပဲ။ အောင်ရှုံး စာရင်း သိဖို့က လဆန်းရက်မှာ ထွက်လာကြမည့် မဂ္ဂဇင်းတွေကို အပြေးလှန်ကြည့်ရုံမှတစ်ပါး ၊ အခြားမရှိ

သြော် အမှတ်ရအောင့်မေ့ဖွယ်

လွန်ခဲ့သော နှစ်လေးဆယ် အလွမ်းမိုင်လေးဆယ်..။

ဆရာမင်းချမ်းမွန်က သူ့ရဲ့ အလွမ်းမိုင်လေးဆယ် ရှေ့ဆုံးစာမျက်နှာတွေမှာ အခုလို့ လွမ်းလွမ်းဆွေးဆွေးပြောထားပါတယ် ကဗျာရေးသက် နှစ်လေးဆယ်.. ယုံယုံကြည်ကြည် နက်နက်ရှိုင်းရှိုင် ကဗျာနဲ့ ဖြတ်သန်းခဲ့တဲ့ သူ့ဘ၀ ပထမဆုံးလုံးချင်း ကဗျာစာအုပ်လည်းဖြစ်ပါတယ် အလွမ်းမိုင်လေးဆယ် ကဗျာပုဒ်ရေ ၇၂ နှစ်ပုဒ်.. မျက်နှာဖုံးပန်းချီ မုတ်သုန်နဲ့ အတွင်း သရုပ်ဖော်.. ကိုကိုနိုင်၊ မောင်နိုး၊ မောင်နေကြည်၊ မောင်ညီညီ၊ မိုးကျော်တို့က ပါဝင်ရေးဆွဲထားပြီး ရှင်မတောင် စာပေက ထုတ်ဝေပါတယ်..။ တန်ဖိုး ထောင့်ငါးရာကျပ် ဆရာမင်းချမ်းမွန်ရဲ့ ကဗျာတွေကိုနှစ်သက်မြတ်နိုးကြတဲ့ ကဗျာချစ်သူတွေအတွက်တော့ အမှတ်တရ ၀ယ်ယူ သိမ်းဆည်းထားသင့်တဲ့ တစ်ကိုယ်တော် ကဗျာပြပွဲလေးလည်းဖြစ်ပါတယ်။

မိုးလှိုင်ည


Sunday, June 20, 2010

စိုးရိမ်ဖွယ်ရာ ရန်ကုန်မှ ရေခဲများ

ရန်ကုန်လေးကို ၀ိုင်းဝန်းစောင့်ရှောက်ပေးပါ။


ရန်ကုန်ကို ကြည့်ရတာ စိတ်မချမ်းသာစရာပဲ။ ချွေးတဒီးဒီးနဲ့ တစ်ကိုယ်လုံးက မိတ်ဖုတွေကို တစ်နေကုန် ကုတ်ဖဲ့။ ကိုယ်ချင်းစာပါတယ် ရန်ကုန်။ ဒီအပူချိန်အောက်မှာ ခင်ဗျား ဘယ်လိုလူးလွန့်နေရတယ်ဆိုတာ ကိုယ်ချင်းစာပါတယ် ရန်ကုန်။ ဟိုတစ်နေ့က လမ်းထိပ်မှာ ယပ်တောင် တယမ်းယမ်းနဲ့ ခင်ဗျားကိုတွေ့တော့ “အပူချိန်သတိပေးချက်တွေ မပြတ်နားစွန့်ပြီး သတိထားနေဗျို့” လို့ ခင်ဗျားကို သတိပေးခဲ့တယ်။ “ဂရုမစိုက်နိုင်သေးပါဘူးဗျာ…. ရေကတင်မရ မီးကပျက်နဲ့ တစ်ညလုံး မီးနဲ့ရေလာမယ့် အချိန်စောင့်ရတာနဲ့ ကောင်းကောင်း အိပ်မရတာကြာပေါ့” လို့ ဆွေးဆွေးမြေ့မြေ့ပြန်ဖြေတဲ့ ခင်းဗျားပုံ မြင်ရတာ စိတ်မကောင်းလိုက်တာဗျာ။ ကိုယ့်မှာလည်း ကိုယ့်အပူနဲ့ကိုယ်ဆို တော့ ရန်ကုန်ရေ ဒီတစ်ခေါက်လည်း မင်းကို ဂရုမစိုက်နိုင်သေးတာ ခွင့်လွှတ်ပါ။


အဲနောက်ပိုင်း ရန်ကုန်နဲ့ လုံးလုံးမတွေ့ ဖြစ်တော့ဘူး။ ဒါပေမဲ့ ရန်ကုန်ရဲ့ သတင်းတွေကိုတော့ ဆက်တိုက်ကြားနေရတယ်။ ဒီလောက်ပူရတဲ့ ကြားထဲ ရန်ကုန်ရဲ့ ကျောပေါ်ကို ယမ်းမှုန့်တွေ ကြဲသွားကြတယ်တဲ့။ သူ့ဂိုထောင်ကြီး မီးထဲပါသွားတယ်တဲ့။ သူ့ကို စွန့်ပစ်သွားတဲ့ သူ့ပထွေးက လည်း အခွင့်အရေးရရင် ရသလို အညှိုးကြီးကြီးနဲ့ နှိပ်စက်တယ်တဲ့။ သုံးရက်မှ တစ်ခါပဲ ရေးချိုးရလို့ အပူဒဏ် တော်တော်ခံနေရတယ်တဲ့။ သူ့အမျိုးတွေ တဖြုတ်ဖြုတ်ကြွေကုန်တာကိုတောင် လိုက်မပို့နိုင်တော့ဘူးတဲ့။ ၀မ်းနည်းမနေနိုင်တော့ဘူးတဲ့။ ပူပူလောင်လောင်နဲ့ အိပ်လို့လည်း မပျော်၊ အလုပ်လုပ်ဖို့လည်း စိတ်မပါနဲ၊ စာဖတ်လို့လည်းမရနဲ့ ရန်ကုန်တစ်ယောက်တော့ ဒီနွေမှာ တော်တော် ကျွတ်နေတယ်ဆိုပဲ။ ၀မ်းနည်းပါ၏။


ရန်ကုန်ရေ မင်းရဲ့ ရေခဲတောင်တွေကိုလည်း သတိထားဦး။ ဂရုစိုက်။ စဉ်ဆက်မပြတ် စောင့်ရှောက် ကြည့်ရှုပါ ရန်ကုန်ရေ။ မပြောကောင်း မဆိုကောင်း အရည်တွေ အကုန်ပျော်သွားရင်တော့ မြစ်ရေတွေတိုးလို့ အပေါ်ပူ အောက်မြုပ်နဲ့ မင်းရဲ့ဘ၀ကြီး ပေါ်လောမြောလို့ အခက်တွေ့ နေဦးမယ် ရန်ကုန်ရေ။


မြေမှုန်လွင်

Thursday, June 17, 2010

မိုး

ပေတစ်ရာပေါ်စွေစောင်းနေတဲ့

ငါ့အရိပ်ထဲလောင်းထည့်

သံယောဇဉ်…

ဘယ်လိုသွေးတိတ်မှုမျိုးနဲ့

မအေးခဲနိုင်ခဲ့…

တစိမ့်စိမ့်နာကျင်မြတ်နိုးမိအောင်

နေ့စွဲမပါတဲ့ပြက္ခဒိန်ထဲမှာ

အမှတ်ရမှုကသေရာပါလေရဲ့…။


မိုးလှိုင်ည

Sunday, June 13, 2010

Green Men Tall (Trees)

Sensing each breath of gratitude
As they breeze us through…
Serving each drop of salvation
As they shed us upon …
Standing each inch of space
As they grant us with …
Safeguarding our planet out in this very universe
Their loves and blessings are well beyond defined
Imaging the livings and beings
With the lack of their essence
Congested breath is ensued
Contaminated water is inevitable
Summoning to undeniable presence and unavoidable necessity
Out of owing gratitude and appreciation…
With our very own hands
Let us cease their falling
Let us preserve their standing
To the ever long lasting
Just to witness and embrace their loves
In the generations to come…


Mekozura




သစ်ပင်များ..

ရှုသွင်းတဲ့လေထဲမှာလည်း သူ့ကျေးဇူးတရား
သောက်သုံးလိုက်တဲ့ရေမှာလည်း သူ့မေတ္တာ
နေထိုင်တဲ့မြေကြီးမှာလည်း သူခြေကုတ်ပေးထားသမျှ
စားသောက်တဲ့ အစားအစာမှာလည်း သူအသားသူ့အခက်
သူနဲ့မပက်သက်ပဲ ဘယ်သူအသက်ရှိမလည်း…
အဲဒီကျေးဇူးကိုမငဲ့ အတ္တနဲ့ချေမှုန်းခဲ့သမျှ
အခုတော့ အတုံးအရုန်း.. ကိုယ်တိုင်သေဆုံးခဲ့ရတယ်…
သူမရှိတော့ ရှုလိုက်တဲ့လေက အသက်ရှုကျပ်တယ်
သောက်ဖို့ရေက သန့်စင်မှုငတ်တယ်
စားဖို့အစာက ခွန်အားမဲ့တယ်…
ဒီဂြိုလ်ဝါကြီးပေါ်မှာ သူမပါပဲ ဘယ်သူအသက်ရှိမလည်း
သစ်ပင်များ
လူနဲ့သက်ရှိတွေအတွက် ကမ္ဘာမြေကိုစောင့်ရှောက်ဖန်တီးသူ
ငါတို့နှလုံးသားနဲ့ပျိုးထားခဲ့ရင် ငါတို့မျိုးဆက်ကို
မေတ္တာတရားနဲ့စောင့်ရှောက်မယ်…
အနာဂါတ်မျိုးဆက်တွေ အေးချမ်းဖို့…
ငါတို့လက်တွေ သစ်ပင်စိုက်စို့…။


မိုးလှိုင်ည

Wednesday, June 2, 2010

လွင့်

စာအုပ်ဖွင့်မိတော့မှ သင်ရိုးညွှန်းရှာမတွေ့တဲ့အဖြစ်တွေ၊
မှင်ရည်ကျဲလွန်းလို အရောင်မှိန်ခဲ့တဲ့ ဘ၀တွေ၊
ခေါ်သံကြားပေမယ့် ပြန်မလာနိုင်တဲ့ နေ့ရက်တွေ၊
ကိုယ်တိုင်ယှဉ်မပြိုင်ဘှဲုံးခဲ့ရတဲ့ ပြိုင်ပွဲတွေ၊
ရှိစေတော့ကွယ်
အဖြူရောင်ဟာ တကယ်တော့ ဆေးဆိုးထားတာပါ။

အခိုးအငွေ့တွေကြားမှာ ရိုးသားမှုကိုရှာကြည့်၊
အမှတ်မထင်ပဲ ပျောက်ပျောက်သွားတတ်လို့၊
အဓိပ္ပါယ်ရှိတာတွေလည်း အဓိပ္ပါယ်မရှိသလို၊
အတိအကျဆိုတာကလည်း မတင်မကျနဲ
စာမျက်နှာတွေသာ တစ်ရွက်ပြီးတစ်ရွက်ကုန်သွားတယ်၊
ငါ့အတွက် သင်ရိုးညွှန်းတန်းဘယ်မှာလဲကွယ်....
ဟင့်အင်း....အမှားတွေဖြေပြီးတော့ ဂုဏ်ထူးမလိုချင်ပါဘူး၊
အရီအပြုံးများလွန်းတဲ့ မျက်နှာဖုံးတွေနဲ့လည်း ပရောပရီမနေချင်ဘူး၊
အိပ်မက်ထဲမှာလမ်းလျှောက်တာလည်း ခရီးမရောက်ဘူး၊
လေမတိုက်ပဲလည်း လမ်းပျောက်လွန်းလို
ဟိုးညနေက မိုးပျံပူဖောင်းအပြာလေးလိုပဲ လွင့်၊
လွင့်သွားခဲ့တယ်
ကြာပါပြီ......

နွဦးပုံပြင်

ဟာသပဲ..။

မရယ်ရတဲ့ ကိုယ့်ပြက်လုံးတွေနဲ့ကိုယ်
မီးပွိုင့်တွေ နီလိုက်စိမ်းလိုက်ဝါလိုက်
အဲဒီလိုမဟုတ်မှန်းသိသိနဲ့
အချိုးပြေပြေငါကလမ်းဖြတ်ကူးလာတာပါ…
နင်ကရော.. ဘယ်လိုဇာတ်လမ်းတွေနဲ့
လွဲချော်နေမှာပဲ…
ပြန်မလာမှန်းသိသိချည်းနဲ့
ဒီလမ်းမကြီးကိုငါငေးနေတာ ကြာပြီ
ပျင်းပျင်းရိရိ တွေတွေဝေေ၀
အခုနေနေတဲ့ အခိုက်အတန့်လေး
နင့်စိမ်းစိမ်းကားကားမျက်ဝန်တွေကြား
ငါ က အစိမ်းလိုက်ကြီးသေနေတဲ့ အစိမ်းသေ…
ပင်လယ်တွေ အထပ်ထပ်ခြားလည်း
မနက်ခင်းတွေက အတူတူ
အခုတော့ နင်ကနွေဦးရာသီထဲမှာ
ငါက ညဆယ့်တစ်နာရီအထိ စာထိုင်ဖတ်လို့
အပြင်သိပ်မထွက်ဖြစ်ဘူး
မရယ်ရတဲ့ပြက်လုံးတွေကို ငါမငေးမိတော့
ဒီတစ်ခါတော့ တစ်ယောက်ရယ်သံ တစ်ယောက်ကြားအောင်
ဂျီတော့ပ်က ကော်နက်ရှင်ရလို့
ငါကတော့ ထုံပေပေ.. နဲ့ရယ်တယ်
ဟာသတွေပါပဲ.. မရယ်ရတဲ့အပြင်
နင်နဲ့ငါ အဝေးကြီးမှာ.. တစ်ယောက်နဲ့တစ်ရယ်မောပစ်လိုက်ကြတယ်..
ဟာသပဲ…
နှလုံးသားကိုယ်စီငိုကြွေးလို့


မိုးလှိုင်ည

Tuesday, June 1, 2010

လူလတ်တန်းစား မနက်ခင်း

ပြတင်းပေါက်ကို ရှုခင်းပေါ်မှာတပ်လိုက်တယ်
ဒါနောက်ဆုံးဈေးပဲ
ဒီထက်ပိုမပေးနိုင်ဘူး..
ဘတ်ဂျက်လျာထားချက်တွေထဲချောင်ပိတ်မိ
ရေနံဈေးရုတ်တရက်ထိုးတက်သွားပေမယ့်
ရုပ်ရှင်လက်မှတ်ခတွေကိုအခွန်ကင်းလွတ်ခွင့်
ပေးသင့်ပါတယ်..
သတင်းစာ မျက်နှာဖုံးပေါ်က ပေါ်လစီကို
အရေးတကြီး ငြင်းခုန်ရင်း
နာမည်ကြီးတွေအကြောင်းကို မယုံမကြည်ဖတ်ကြည့်
မမြင်ဖူးတဲ့ ဒီဇိုင်းအသစ်အကြောင်းကို ဝေဖန်
မနက်ဖြန်အကြောင်းကိုမယုံကြည်ဘူးလို့
ဇွတ်တရွတ်ငြင်း…
ရေဒီယိုကလာတဲ့သတင်းမှ
အသိတစ်ယောက်နာမည်ကြားလိုက်မိလိုလို
နေထိုင်တဲ့ကမ္ဘာကြီးကို၌ကဇဝေဇ၀ါ…
မော့ချလိုက်တဲ့ မနက်ခင်းမှာ
လူခေါ်ဘဲလ်မြည်သံက အဆက်မပြတ်…။


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...