Friday, September 11, 2009

အကြမ်းဖက်သမားဆိုတာ…ငါပဲ။

တစ်ကမ္ဘာလုံး လုံခြုံရေးတွေ
အုံးအုံးကျွတ်ကျွတ်နဲ့
အကြမ်းဖက်သမားကိုလိုက်ရှာနေကြတယ်
ငါလည်းအပြေးအလွှားစဉ်းစားတာပေါ့
အကြမ်းဖက်သမားဆိုတာ … ဘယ်သူလဲ



အဲဒီအချိန်မှာပဲ
ငါ့အိတ်ကပ်ထဲက ငွေကြေးက
ငါ့ကိုပြန်ပေးဆွဲတယ်…
ငါပတ်ထားတဲ့နာရီက ငါ့ကို
အကျဉ်းချတယ်….
ငါလွယ်ထားတဲ့အိတ်က ငါ့ကို
ပြန်ထည့်သယ်သွားတယ်…
ငါစီးထားတဲ့ဖိနပ်က
ငါ့ခရီးတွေကိုသတ်ပစ်တယ်…
အဲဒီလိုနဲ့
ငါသေသွားပြီဆိုပါစို့
ငါ့နာမည်တစ်လုံးနဲ့ အုတ်ဂူဟာ
သုဘရာဇာတွေအရက်သောက်ဖို့
အကြမ်းဖက်ခံရတုန်းပဲ…
ငါယုံလို့ ရေးခဲ့တာကော
ငါကြုံလို့ရေးခဲ့တာကော
ဟောဒီ ကလောင်တစ်ချောင်း
ငါ့စာတွေဖတ်မိတဲ့ လူတွေကို
ချောင်းမြောင်းလုပ်ကြံဖို့ကြိုစားဦးမှာ
ငါ့ မှငါတွေထပ်ပြီး…
ငါကိုယ်ငါကော အခြားအရာတွေကို
အကြမ်းဖက်ခဲ့တယ်
ငါ…ဆိုတာ အကြမ်းဖက်သမားပဲ….။



မိုးလှိုင်ည

Monday, September 7, 2009

ကဗျာ

အဲဒီကောင်က ရေးရတာခက်တယ်
အဲတော့လည်း လူတကာက လွယ်လွယ်ကူကူ ချရေးလိုက်ကြပေါ့
သူကလည်း ကဗျာ ငါကလည်းကဗျာ
အိုရွှေရောင်ကဗျာရယ်လို့
ဆရာဇော်ဂျီလို ရွတ်မိခဲ့ဖူးတယ်

လေးလုံးပဲစပ်စပ် မကျည်းရွက်ကိုပဲထပ်ထပ်
ဘီလူးပဲရယ်ရယ် တေးပဲထပ်ထပ်
ဘောပဲလည်လည် လွမ်းပဲချင်းချင်း
ကြေးကြိုးသရေလေလက်ခုပ်
ပါးစပ်က မှုတ်ထုတ်လိုက်တဲ့
လေပူဖောင်းတွေလို
ဟောဒီလောကကို အလှဆင်ဖို့ဆိုပြီး
ကဗျာတွေ ထွက်ကျလာတယ်

တစ်ခုတော့ ပြောခဲ့ပါ့မယ်
ဟောဒီလောကမှာ
ကဗျာတွေပေါတယ် ...
ကဗျာဆရာကတော့ ရှားတယ်။


ကိုဖြိုး

Sunday, September 6, 2009

ငါးခုံးမတွေနဲ့ အတူ (၂)

ငါးခုံးမတချို့က ရယ်ရတယ်
တချို့က ဒေါသထွက်စေတယ်
တချို့က သိပ်နာကျည်းဖို့ကောင်းတယ်
တချို့က သိပ်သနားဖို့ကောင်းတယ်

ဘာပဲပြောပြော ငါးခုံးမတွေက
ရသတွေတော့ ပေးနေတယ်
ဒါပေမယ့် တခါလာ မဲပြာဆိုးရသတွေ ခံစားမယ့်အစား
ငါးခုံးမတစ်လှေလုံးကို မှောက်ပစ်လိုက်ချင်တယ်

" ကြွက်ချေးထဲသွားရောမိတာ ခင်ဗျားအပြစ်
ဆွမ်းဆန်က ဆွမ်းဆန်လို နေပါလား "
ဆိုရင်လည်း ခင်ဗျားကတော့
ဟုတ်ကဲ့ပဲ လုပ်နေမှာဦးမှာပဲမလား။

မျက်လုံး
:)



ကိုမျက်လုံးရေ ခင်ဗျားကွန်မန့်က ကျွန်တော်ကဗျာထက်ကောင်းနေလို့

ကဗျာအဖြစ်တင်လိုက်တယ် ခွင့်လွှတ်ပါဗျာ….:)….။

Saturday, September 5, 2009

ကိုချောနွယ်


တောင်ပေါ်လမ်းကွေ့ကနေ

သရေခေတ္တရာ မနက်ခင်းထဲ

ခင်ဗျားကို ဖန်ဆင်းခဲ့တာ

ဘယ်အရာပါလည်း






ကဗျာကိုဖန်ဆင်းခဲ့တာ

ဘယ်အရာပါလည်း






ကျွန်တော်သိချင်လှပါရဲ့




ပရိုင်းမိတ်လူအံသွားတစ်ချောင်းရဲ့

ပဟေဠိကို သိနှင့်ရသလို




ကဗျာရဲ့ကျောရိုးမတစ်ချောင်းဟာ

ခင်ဗျားရဲ့ နာကျင်မှုဖြစ်ကြောင်း ကျွန်တော်တို့သိတယ်




ကဗျာရေးတဲ့ လက်ဖျံရိုးတစ်ချောင်းဟာ

လောကဓံကို ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မလဲ






ရာစုနှစ်အဆက်ဆက်တိုင်အောင်

ကျွန်တော်တို့ မှတ်မိနေတဲ့

ကဗျာရေးတဲ့ လက်ဖျံရိုးတွေရှိတယ်

အဲဒီအထဲမှာ ခင်ဗျားနာမည်ပါတယ်… ကိုချောနွယ်..။




ခင်ဗျားကိုယုံလို့

ကျွန်တော့်ကိုယ်ကျွန်တော်သေချာခဲ့တယ်




ဒီလမ်းမှာ




ကျွန်တော်တို့ လူချင်းမဆုံပေမယ့်လည်း

ဝိညာဉ်ချင်း အထုံကူးတယ်

ကိုချောနွယ်




ကျွန်တော်တို့ ယုံယုံကြည်ကြည်

ကိုက်လမ်းလေးအတိုင်းပြန်လာခဲ့တာပဲ

ကျွန်တော်တို့သစ္စာတရားဟာ

ကျွန်တော်တို့အသက်ကို နှုတ်ယူသည်အထိပေါ့




ဆတ်သွားကို

ရထားဖြတ်တုန်း

ခင်ဗျားက ကျွန်တော်တို့ကို

လက်ပြထားခဲ့တယ်….


မာယာကော့ဖ်စကီးနဲ့တင်မလုံလောက်လို့


ဘုရားသခင်က မောင်ချောနွယ်ကို ထပ်လွှတ်လိုက်တယ်လို့

ခင်ဗျားမိတ်ဆွေ ကဗျာဆရာတစ်ယောက်ပြောဖူးတယ်…






ဟုတ်တယ်

ကမ္ဘာကြီးက ကဗျာဆရာအလုံအလောက်မရရှိသေးဘူး

ကဗျာတွေအလုံအလောက် မရရှိသေးဘူး




ခင်ဗျားက ထွက်ခွာသွားနှင့်ပြီ




ဂျက်လေယာဉ်စီးကြောင်းလို

အလင်းဖန်မျှင်တွေတန်းလို့

တစ်လောကလုံးကို ထစ်ချူန်းမြည်လို့




ကိုချောနွယ်

တစ်ကြောင်းထဲ စာချွှန်လွှာရေးရရင်

ခင်ဗျားချစ်မက်ခဲတဲ့ကမ္ဘာကြီးက ခင်ဗျားကိုပြန်လည်လွမ်းဆွတ်လို့…




မြို့သစ်မိုးထဲမှာ ကျွန်တော်တို့တစ်တွေ စိုရွှဲနေတုန်းလေ…။


မိုးလှိုင်ည



အဝေးရောက်ပင်လယ်မှ ကူးယူဖော်ပြသည်....။

Friday, September 4, 2009

တစ်ယောက်တစ်ခွန်းနဲ့ချောက်တွန်းခံရသူနှစ်ယောက်


တစ်လှေလုံးလည်း ငါခုံးမတွေချည်းပါလား
ကိုဖြိုးရေ မင်းကောဘယ်လိုနေလည်း
ပြုံးပြနှုတ်ဆက်
အဲဒီလက်တွေကို ဖြတ်လိုက်ကြပါစို့
မိုးလှိုင်ညရေ ..
ကဗျာရေးမိတာ တစ်ခုနဲ့
ငါ့တိုက အပြစ်ကြီးကြီးတွေကျူးလွန်မိသလို
ပြောကြဆိုကြတဲ့ လူတွေကလည်း မနည်းမနောပေါ့
ဟားတိုက်မိပြန်တော့လည်း ငါတို့ပဲ ထပ်မှားကြဦးမယ်
မိုးလှိုင်ညဆိုတဲ့ကောင်လေးတစ်ယောက်
ကဗျာဆရာဖြစ်ခဲ့ရတာကလည်း ခင်ဗျားတို့ကြောင့်ပါပဲ
ခင်ဗျားတို့ အနေအထိုင်မတတ်မှုကြောင့်
သူဟာ လောကကြီးကို စတင်ဖတ်ကြားခဲ့တယ်
ကိုယ့်ကိုယ်မပြုံးတတ်အောင် လေ့ကျင်ထားရတယ်ကိုဖြိုးရေ
ရိုးသားတယ်ဆိုတာ နွားကျမှုတစ်မျိုးလို့
ဟားတိုက်နေတဲ့ လူတွေကြားမှာ
ငါတို့တွေ ခဏခဏနွားကျခံနေရပေါ့ မိုးလှိုင်ည
အဲဒီပုခုံးနဲ့ပဲ ငါ ခေတ်ကာလကို တင်းရုန်းချင်ခဲ့တာ ကိုဖြိုး
နောက်ဆုံးတော့လည်း ပုခုံးလဲပြဲ
ငါတို့တွေလည်း ဗုန်းဗုန်းလဲကျ
မိုးလှိုင်ညနဲ့ကိုဖြိုးဆိုတဲ့
လူ့မရိုးမသားနှစ်ကောင့်အသုဘကို
ဘယ်သူတွေလိုက်ခဲ့ကြမှာတုန်း
ကိုယ့်သေတွင်းကိုယ်တူးရဲခဲ့ပါတယ်
ကိုယ့်နဖူးကိုယ် သိုက်တူးရဲခဲ့ပါတယ်
ရာစုနှစ်ကို ရိုက်စစ်လိုက်တော့
မဖြစ်ညစ်ကျယ်တွေက သိပ်ကိုများလွန်းနေတယ်
မဖြစ်ညစ်ကျယ်တွေထဲကမှ
အဖြစ်ရှိအောင်မှောင်ခဲ့ဖူးတယ်
ကိုယ့်ဒဏ်ရာတွေနဲ့ကိုယ် ရောင်ခဲ့ဖူးတယ်
အဲဒီလိုနဲ့ပဲ
မှောင်လိုက် ရောင်လိုက်နဲ့
အဲဒီလူတွေကို ငါတို့ မပစ်ရက်နိုင်ခဲ့ပြန်ဘူး
ချစ်တတ်ခဲ့လွန်းတော့
အသားမှဆေးမှင်ထိုးသလို
အရိုးကိုပန်းပုထုသလို
စုဆောင်းခဲ့မိတဲ့ အနုပညာနဲ့ ဘ၀က
နာနာကျင်ကျင်လှတယ်
ငါတို့ရဲ့ အသေခံပြဇာတ်ကြီးလည်း
ကန့်လန့်ကာချသင့်ပေါ့
နောက်ဆုံးတော့
ဒဏ်ရာတွေကျန်ခဲ့တဲ့
ခံတပ်ဟောင်းတစ်ခုလို
တိတ်ဆိတ်အေးစက်လို့
ငါတို့ဟာ ကိုယ့်ဈာပနကိုယ်တော့
သရဏဂုံတင်ပေးနိုင်ခဲ့တယ်….


ကိုဖြိုး/ မိုးလှိုင်ည

Wednesday, September 2, 2009

မောင်ချောနွယ်ခင်ဗျားမသေဘူး…

လောကဓံကျည်ဆံတွေကို

ကဗျာဆိုတဲ့ရင်ဘတ်ကြီးနဲ့ထိုးထိုးခံ

သူပြန်အန်ထွက်လာတာက

အတွင်းစိတ်ကရတနာအစစ်တွေ

အဲဒါအနုပညာဖြစ်ရဲ့

သူ့စိုက်ခင်းကဘ၀နဲ့ရင်းရပေမယ့်

သီးထွက်ကောင်းတော့

ဟောဒီခေတ်ဆိုးခေတ်ပျက်ကြီး

တစ်ခုလုံးကိုတင်ကျွေးထားနိုင်ရဲ့

သူအမေပြောတော့အသည်းကခပ်ငယ်ငယ်တဲ့

အဲဒီမောင်ချောနွယ်ပေါ့

မျှားမယ့်မျှားတော့စကြာဝဠာကိုမှမျှားတယ်

ငှက်ဆိတ်တဲ့သစ်စည်းမှာတောင်

အဓိပါယ်တွေသိပ်သည်းနေရင်

ရာစုသစ်တစ်ခုလောင်းတောင်မှ

မောင်ချောနွယ်ကိုဖွင့်ဆိုလို့မရဘူး

သေချာတယ်

တစ်ကယ်သေသွားတာကမောင်ချောနွယ်မဟုတ်ဘူး

ဟောဒီအပုပ်အသိုးရာစုနှစ်ကြီး


မိုးလှိုင်ည

Tuesday, September 1, 2009

သေတမ်းကစားနည်း…။

အမြည်းရမယ်ဆိုရင်တောင်

ဒါဟာ ချစ်စရာကောင်းတဲ့ အနုပညာ

ဝင်စို့ ထွက်စို့ လုပ်လို့မရပေမယ့်

ဝင်သက်ထွက်သက်မှာ

အဖိုးအနဂ္ဂထိုက်အောင်မှတ်လို့ရတယ်

အဖြစ်အပျက်မှာ

အဖြစ်ရှိအောင်နေထိုင်နည်းအတတ်

သေတမ်းကစားနည်းမှာ ဗျူဟာရှိတယ်

ကံစိတ်ဥတုအာဟာရပါတယ်

ဓမ္မ၊ အဓမ္မပါတယ်

ပေးလို့ရတယ် လှုလို့ရတယ်

ယူလို့ရတယ် ကူလို့ရတယ်

ပူလို့ရတယ် မူလို့ရတယ်

ဘေးထိုင်လို့မရဘူး ဘုကျလို့မရဘူး

မာန်ဝင့်လို့မရဘူး ကံမြှင့်လို့မရဘူး

သေတမ်းကစားနည်းမှာ အားလုံးဟာလက်ရည်တူ

တစ်ဘ၀ယူမလား နှစ်ဘ၀ယူမလား

ခုနှစ်ဘ၀ယူမလား ဆယ်ဘ၀ယူမလား

တစ်ကမ္ဘာယူမလား အသေင်္ချေယူမလား

ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်

စိတ်ပါရင် အိပ်ချိန်မယူပဲလည်းကစားလို့ရတယ်

သေတမ်းကစားနည်း

အားလပ်ချိန်နဲ့ အချိန်ပိုမပေးဘူး…

အသက်ရှိရင် မပါမဖြစ်…။




မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...