အစက စပြောရင်
အစက စပြောတာပဲရှိမယ်
အခုငါ့ဆီမှာ မပြီးသေးဘူး
အားလုံးက စိုးရိမ်ရေမှတ်
ပြူတင်းပေါက်တွေက ဖွင့်လိုက်ပိတ်လိုက်
နေရောင်ခြည်မရဘူး
လေကောင်းလေသန့်မရဘူး
ပတ်ဝန်းကျင်က အမြဲတမ်း ရှုခင်းအတုတွေနဲ့
မွန်းကျပ်နေတုန်း
တံခါးကြီးရင် သော့ကြီးကြီးခတ်ရတယ်
ဘယ်တော့မှလည်း ဖွင့်လို့မပြီးဘူး
မနေ့ကချိန်းထားတဲ့ ကောင်မလေး
ဒီနေ့အထိ ရောက်မလာဘူး
အိုင်တီခေတ်တဲ့ (ဘာတွေဖြစ်ကုန်ပြီလဲ)
အဲဒီလိုပဲ
ကဗျာဆရာက ရေးချင်ရာရေးတယ်
အယ်ဒီတာတွေက ရွေးချင်ရာရွေးတယ်
အားလုံးပဲ တစ်လွဲတစ်ချော်
တကယ်ဆို ဖြစ်သင့်တာတွေဖြစ်…
ဖြစ်မလာတာကိုပဲ
လောကလို့ဆိုရမလား…။
မို:လှိုင်ည
၂၀၀ရ မေလတုန်းက ဘလော့ပေါ်တင်ထားတဲ့ကဗျာပါ...။ကြိုက်နှစ်သက်လို့
ပြန်လည်ဖော်ပြလိုက်ပါတယ် ကဗျာအသစ်ရေးဖို့ကလည်း ကိုယ့်ကိုယ်စိတ်အစာမကြေဖြစ်နေလို့ပါ...။
သူငယ်ချင်းများ ခွင့်လွှတ်နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ခင်မင်လေးစားလျှက်
မိုးလှိုင်ည
Friday, May 8, 2009
Tuesday, May 5, 2009
အမြင့်ကြိုက်သူ
ငါဟာ အမြင့်ကြိုက်သူတစ်ယောက်ပဲ
တိုက်ခန်းတွဲ အမြင့်ကြီးတွေ
မျှော်စင်ကြီးတွေ
ရေစင်ခပ်မြင့်မြင့်ကြီးတွေ
ငါတက်ခဲ့တယ်…။
အမြင့်ကြီးကနေ လွင်ပြင်ကျယ်ကြီးတွေ
မြို့တွေ၊ ရွာတွေ
ကမ်းနားတွေ၊ ဘုရားစေတီတွေ
ကောက်ကွေ့တဲ့ မြစ်တွေကို
ငေးနေရတာကို
ငါစိတ်ဝင်စားတယ်…
စိတ်လွတ်ကိုယ်လွတ်
အမြင့်ပေါ်ကနေခုန်ချရတာကိုလည်း
ငါကြိုက်နှစ်သက်တယ်…
အကြိမ်ကြိမ်ခုန်ချဖို့ကြိုးစားပြီး
အကြိမ်ကြိမ်မအောင်မြင်ခဲ့တာလည်းငါပဲ..။
ဘ၀အခြေနိမ့်ပါနေလည်း
စိတ်ဘ၀င်လေးတော့ ခပ်မြင့်မြင့်ထားတတ်သူ
အခု ၂၁ရာစု အ၀င်အ၀မှာ
ဆိုင်ဘာကဖေးတစ်ခုကို
တံမြက်စည်းလှည်းရင်း
ပါရီမြို့အခင်းအကျင်းကို
ပြန်ပြင်ဆင်ခဲ့ချင်ရဲ့…။
မိုးလှိုင်ည
တိုက်ခန်းတွဲ အမြင့်ကြီးတွေ
မျှော်စင်ကြီးတွေ
ရေစင်ခပ်မြင့်မြင့်ကြီးတွေ
ငါတက်ခဲ့တယ်…။
အမြင့်ကြီးကနေ လွင်ပြင်ကျယ်ကြီးတွေ
မြို့တွေ၊ ရွာတွေ
ကမ်းနားတွေ၊ ဘုရားစေတီတွေ
ကောက်ကွေ့တဲ့ မြစ်တွေကို
ငေးနေရတာကို
ငါစိတ်ဝင်စားတယ်…
စိတ်လွတ်ကိုယ်လွတ်
အမြင့်ပေါ်ကနေခုန်ချရတာကိုလည်း
ငါကြိုက်နှစ်သက်တယ်…
အကြိမ်ကြိမ်ခုန်ချဖို့ကြိုးစားပြီး
အကြိမ်ကြိမ်မအောင်မြင်ခဲ့တာလည်းငါပဲ..။
ဘ၀အခြေနိမ့်ပါနေလည်း
စိတ်ဘ၀င်လေးတော့ ခပ်မြင့်မြင့်ထားတတ်သူ
အခု ၂၁ရာစု အ၀င်အ၀မှာ
ဆိုင်ဘာကဖေးတစ်ခုကို
တံမြက်စည်းလှည်းရင်း
ပါရီမြို့အခင်းအကျင်းကို
ပြန်ပြင်ဆင်ခဲ့ချင်ရဲ့…။
မိုးလှိုင်ည
Friday, May 1, 2009
ဧရာဝတီ ရဲ့ ရင်သွေးများအတွက်
"ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်...ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်မှာ...ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်စေဖို အရေးဟာ...ငါတို့ အားလုံး ဖောင်ဖျက်ပြီး ဆင်နွှဲရမယ့် စစ်ပွဲ တစ်ပွဲ ဖြစ်တယ်
***** ***** *****
ဧရာဝတီရဲ့ ရင်သွေးများအတွက်
ဧရာဝတီရဲ့  ရင်သွေးတစ်ယောက်
အဖေလည်းပျောက်
အမေလည်းပျောက်
သူခြေချခဲ့တဲ့ နေရာတွေလည်းပျောက်
သူ့ ရဲ့ အသိုင်းအဝိုင်းတစ်ခုလုံး နေ့ ချင်းညချင်း ပျောက်သွားတဲ့အခါ…
သူချစ်တဲ့ အစ်ကို ဘယ်မှာလဲ၊
သူချစ်တဲ့ ညီမလေး ဘယ်မှာလဲ၊
ဘာပဲဖြစ်ဖြစ် သူတို့ ရဲ့ ရုပ်ပျက်ဆင်းပျက် နောက်ဆုံးခရီးကိုတော့
သူ မမြင်လိုက်ရတာပဲ ကောင်းပါတယ်။
ဘဝရဲ့  ရေတို မျှော်လင့်ချက်တွေလည်း မုန်တိုင်းနဲ့ လွင့်ပါ
ဘဝရဲ့  ရေရှည် ရည်မှန်းချက်တွေလည်း ရေထဲမျောပါ
ဘဝမှာ ရှိသမျှအရာအားလုံးကို နာဂစ်ကယူသွားပြီ။
ကိုယ့်ပစ္စည်းလေး တစ်ခု ပျောက်ဆုံးပျက်စီးရင်တောင်
လူဆိုတာ ဝမ်းနည်းကြေကွဲတတ်ကြသေးတာ၊
တွယ်တာစရာ အကုန်လုံး ဆုံးရှုံး၊ ကမ္ဘာတစ်ခုလုံးပျောက်သွားတဲ့အခါ
ဘယ်လို အသက်ဆက်ရှင်ကြရ ရှာလေမလဲ။
နာဂစ်ရေ…
မင်းခဏလေး မွှေလိုက်တာ
ဘဝတွေ သန်းနဲ့ ချီပြီး သေတော့မယ်။
ဆွေမရှိ၊ မျိုးမရှိ
စားစရာ သောက်စရာ မရှိ၊
ကုစရာ ဆေးမရှိနဲ့ 
စေတနာတွေ မြင့်မိုရ်တောင်လောက်ရှိကြလည်း
ဒုက္ခတွေက မဟာစင်္ကြာဝဠာမို့ 
ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။
လူအုပ်က တစ်ရာနှစ်ရာ
စားစရာလေးတွေက တစ်ခုနှစ်ခုတည်း၊
ကြက်ကလေး၊ငှက်ကလေးတွေလို သူတို့ အစာလုနေကြရရှာတယ်။
ရခဲ့လှတဲ့ လူဘဝမှာ
ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား
အကြင်နာတရား ထွန်းကားခွင့်မပေးတဲ့ရပ်ဝန်းမှာ
ကံဆိုးစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား။
ကြားရမြင်ရတဲ့ သတင်းတွေက
ရင်ထဲမှာ မချိလိုက်တာ။
နာဂစ်ရေ
ဒဏ်ရာတွေအထပ်ထပ်နဲ့ အသားမာတက်နေတဲ့ မြန်မာပြည့်ရင်ဘတ်ကိုမှ တည့်တည့်ကြီး တက်ကြိတ်သွားရသလား
လူတွေကို အစာငတ်ရေငတ်ထားထားတဲ့ စစ်ဖိနပ်ထဲမှာမှ လာရောက်မွှေနှောက် သွားရသလား။
နဂိုကတည်းက ငတ်နေရတဲ့ မြန်မာပြည်ဟာ မျက်နှာငယ်လေးနဲ့  လက်ဝါးဖြန့် နေရပြီ။
နဂိုကတည်းက အရှက်မလုံတဲ့ မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ အဝတ်တောင် မကပ်တော့ဘူး။
လူခိုးရင် အစုတ်တော့ ကျန်သေးတယ်တဲ့
မီးလောင်ရင်တောင်ပြာပုံတော့ကျန်သေးတယ်
နာဂစ်ရေ…
မင်းလုပ်လိုက်မှ
ပုပ်ပွပြီး ပေါလောပေါ်နေတဲ့ အလောင်းတွေ
သင်္ချိုင်းပျက်လို ဖြစ်သွားတဲ့ မြို့ ရွာတွေ
ခိုကိုးရာမဲ့ဒုက္ခသည်တွေနဲ့ 
ကပ်မျိုးစုံ၊ ရောဂါမျိုးစုံပဲ ကျန်ခဲ့တယ်။
နာဂစ်ရေ
ပွဲချင်းပြီး လူသတ်တာ အားမရသေးလို့ 
ဒုက္ခပေါင်းစုံချန်ထားရစ်ခဲ့တာလား။
ဒီလိုနဲ့  …
အပြစ်မဲ့သူတွေ သေမင်းရှေ့ မှောက်
ကြက်ပျောက်ငှက်ပျောက် ထပ်ရောက်သွားကြဦးမှာလား။
သြော်..
ဧရာဝတီဟာ
အလောင်းပုံထဲကနေ တဖြည်းဖြည်းချင်း ပြန်နိုးထရပေဦးတော့မယ်။
ဧရာဝတီက ညီအစ်ကိုတို့ ။
သင်တို့ ရဲ့ ဒုက္ခတွေဟာ ငါတို့ ရဲ့ ဒုက္ခတွေပဲဖြစ်တယ်။
သင်တို့ ရဲ့ မျက်ရည်တွေဟာ ငါတို့ ရဲ့ မျက်ရည်တွေပဲဖြစ်တယ်။
သင်တို့ ရဲ့ ငိုသံဟာ ငါတို့ ရဲ့ ရင်ထဲမှာ အထပ်ထပ်ပဲ့တင်တယ်။
အို…စပါးကျီရဲ့ ရင်သွေးတို့ 
သင်တို့ ဟာ ငါတို့ ကို ထမင်းကျွေးခဲ့တဲ့ သူတွေဖြစ်တယ်။
သင်တို့ ကို ထမင်းပြန်ကျွေးဖို့ ငါတို့ မှာတာဝန်ရှိတယ်။
ဘာမှအားမငယ်နဲ့ ဧရာဝတီ
ကမ္ဘာကြီးရဲ့ နေရာ အနှံ့ မှာ
ကရုဏာတရားကို ဌာပနာထားတဲ့ ရင်ဘတ်တွေရှိတယ်။
ပိုက်ကွန် မကြောက်တဲ့ငှက်တွေ ရှိတယ်။
စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ငါတို့ အားထုတ်ပြီး
သင်တို့ ရှိရာဆီကို မရောက်ရောက်အောင် ငါတို့ လာခဲ့မယ်။
ညီအစ်ကိုတို့ …
ဒုက္ခပုဝါ ခြုံထားတဲ့ မြန်မာပြည်မြေပုံကြီးထဲက
အာခေါင်ခြစ် ငိုရှိုက်သံကို ကြားလိုက်ရဲ့ လား။
နာဂစ်ရဲ့ လက်သီးချက်နဲ့ 
ဧရာဝတီမှာ ငရဲပွက်နေတာကို မြင်ရဲ့ လား။
ညီအစ်ကိုတို့ …
ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်
ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်မှာ
ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်စေဖို အရေးဟာ
ငါတို့ အားလုံး ဖောင်ဖျက်ပြီး ဆင်နွှဲရမယ့် စစ်ပွဲ တစ်ပွဲ ဖြစ်တယ်။
လိုအပ်ရင် ကိုယ့်သွေးကိုယ်ဖောက်ပြီးတိုက်ကြ
မေတ္တာငတ်နေတဲ့ ဧရာဝတီ သောက်ဖို့ အတွက်။
ကောင်းကင်ကို

ဧရာဝတီမြစ်ရိုးမှာ ပျိုးသွားတဲ့ တန်ခူးလေ
မနှစ်က ဒဏ်ရာဟောင်းတွေကို သယ်ပိုးရင်း
မချိပြုံးပြုံးနေရှာတဲ့ ဧရာဝတီရဲ့ရင်ခွင်ကို
ညင်ညင်သာသာ တိုးဝင်လိုက်တယ်
မင်းစပါးကျီတွေ ပြည့်ရဲ့လား
ဆားကွင်းတွေ ကျုံးချိန်တန်ပြီလား
ရေလုပ်ငန်းတွေ အထိအမိကောင်းရဲ့လား
မုတ်သုန်အသစ်ကို ရင်ဆိုင်ဖို့
ဒိုင်းတစ်လက် ဓားတစ်ချောင်းနဲ့
အားကောင်းမောင်းသန်
နာလံထလာပြီလား ဧရာဝတီရယ်…
မြစ်ကြောင်းတလျှောက်က
မော်တော်တစ်စင်းရဲ့ ဥသြသံကလွဲလို့
တိတ်ဆိတ်မှုသာ အကြောင်းပြန်လာတယ်
ဧရာဝတီက မှိုင်းပြာမှုန်ဝေ
ငြိမ်သက်မှုတွေပဲ တလိပ်လိပ်အုံ့ဆိုင်းတက်လာတယ်
လှိုင်းဂယက်ကလေးတွေ ရှိုက်ကာ ရှိုက်ကာ
သူ့ခမျာ ပြောမထွက်ရှာဘူး
နှစ်သစ်ရဲ့ ဟိုမှာဘက်က
လှမ်းမြင်နေရတဲ့ မေဦးမိုးက
သူ့ကို ညည လန့်အော်နိုးစေတယ်
အဲဒီမှောင်မိုက်ညတွေထဲက
အသံတွေ သဏ္ဍန်တွေ အနံ့တွေ အတွေ့တွေဟာ
အခုထိ သွေးလေခြောက်ခြားနေစေတုန်းပဲ
တူးပို့တူးပို့က သူ့ရင်ခုန်သံတွေကို ဆောင့်တယ်
သင်္ကြန်ရေချိုတစ်ခွက်ဟာ သူ့အတွက်
မက်မက်စက်စက် သောက်မျိုချစရာ ၀မ်းစာ
လက်ဆေးမိုးဖွဲကလေးကိုတောင် မျက်တောင်မခတ်
မသင်္ကာမှုတွေနဲ့ အံတုနေမိတဲ့အဖြစ်
တန်ခူးရဲ့နွေခရီး ပြီးဆုံးသွားမှာ
ကြောက်လန့်တကြား စိုးရိမ်နေရတဲ့ဘ၀မှာ
ပွဲတော်ဟာ ပျော်စရာ ဟုတ်နိုင်ပါဦးမလား
ငါ့ရင်ဘတ်တွေ အောင့်လာတယ် ဧရာဝတီ …
နွေညရဲ့ချွေးစက်တွေ ခြောက်သွေ့သွားစေဖို့
ဒီရေကြောမှာ မျောရင်း မျက်တောင်စင်းလို့
တဒင်္ဂဖြစ်ဖြစ် အေးမြ သက်သာသွားရအောင်
တန်ခူးလေအေးသွေးလို့ မင်းကို ဖြည်းဖြည်းချော့သိပ်လိုက်ချင်ပါရဲ့ကွယ်။
ပန်ဒိုရာ

နာဂစ်
ပန်းပွင့်မုန်တိုင်းတဲ့
အရိုင်းဆန်လွန်းလှချည်ရဲ့...
ဘ၀တွေအစိတ်စိတ်ကြေခဲ့ရ...။
လပွတ္တာ၊ဘိုကလေး၊မြောင်းမြ၊
ကွမ်းခြံကုန်း၊ကော့မှုး
သန်လျင်၊ကျောက်တန်း၊ခရမ်း
တောမြို့လေးတွေကြေမွ
ရန်ကုန်လိုမြို့ကြီးတောင်
လဲပြိုခဲ့ရတယ်...
နာဂစ်တဲ့လား
လူနှစ်သိန်းကျော်ရဲ့အသက်ကို
မေလမနက်ခင်းတွေထဲမှာဆွတ်ယူသွားခဲ့တယ်။
လက်ကိုမြဲမြဲဆုပ်ထားကလေး
ဒီတစ်ခါလက်ဆုပ်ပြေရင်
ကမ္ဘာမှာအဖေတို့ပြန်တွေ့ကြရတော့မှာမဟုတ်ဘူး
ဒီရေက
၎ပေ၊ ၆ပေ၊ ၁၂ပေ...
ပထမလှိုင်း၊ဒုတိယလှိုင်း၊တတိယလှိုင်း
လှိုင်းလုံးတွေအဆင့်ဆင့်
ကျွန်တော့်အနာဂတ်တွေ
ပင်လယ်ထဲမျောပါသွားပြီဗျာ...
လပွတ္တာလယ်သမားကြီးကပြောတယ်...။
သူ့မျက်ရည်စက်တွေကို
မန်ယူတီရှပ်နဲ့သုတ်ရင်း
ကယ်ဆယ်ရေးစခန်းမှာခြောက်ရက်မြောက်ပြီ
ဆန်ပြုတ်နှစ်ခွက်နဲ့
တီရှပ်နှစ်ထည်ပဲရောက်လာသေးတယ်...
ယဉ်ကျေးတဲ့ကမ္ဘာက
အဲဒီလောက်ပဲစာနာသတဲ့လားခင်ဗျာ
သူတို့ဟာ
ရိုးသားတဲ့လယ်သမားတွေ
ကြိုးစားတဲ့တံငါလုပ်သားတွေ
ကွမ်းခြံစိုက်စားသူတွေ
ကမ္ဘာမြေကြီးကိုနှလုံးသားနဲ့
ချစ်ခင်သူဟာသူတို့ပဲ...
သူတို့က
နိုင်ငံတစ်နိုင်ငံကိုအုပ်ချုပ်သူတွေမဟုတ်ဘူး
တရားမဲ့ဥပဒေတွေကို
ရေးဆွဲပြဌါန်းသူတွေမဟုတ်ဘူး
စစ်ပွဲပြုလုပ်သူတွေမဟုတ်ဘူး
သူတို့ဟာရိုသားတဲ့ပြည်သူတွေပါ
သူတို့ကအပြစ်ကင်းတဲ့ကမ္ဘာသူ၊ကမ္ဘာသားတွေပါ
အမှန်တကယ်အတိဒုက္ခရောက်သူ
လူသားတွေအတွက်
လူသားခြင်းစာနာတဲ့အကူအညီပေးဖို့
လူမဆန်တဲ့သူတွေနဲ့အခြေတင်ငြင်းခုံနေရတာ
ယဉ်ကျေးတဲ့ကမ္ဘာဟာ
သိပ်ကိုနုံအလွန်းတယ်...
တစ်နေ့ချင်းတစ်ရက်ချင်း
သေခြင်းကဆွဲယူနေတဲ့
ဘ၀မုန်တိုင်းထဲ
နာဂစ်ရေ
ပန်းပွင့်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ငါတို့ဆီထပ်မလာပါနဲ့
ကဗျာဆရာရဲ့ဒိုင်ယာရီမှာ
နာကျင်ဖွယ်နေ့ရက်များ
ထပ်မံမရေးခြစ်လိုတော့......။

“နာဂစ်ရေ မင်းလာလို့မဖြစ်ဘူး”
ဟောဟိုနားက လွင့်ဝဲလာလေတဲ့ သစ်သီးသေတ္တာဟာ
ငါ့ကို လာနှုတ်ဆက်တယ်
"ဒီည မုန်တိုင်းလာမယ်တဲ့လေ"
လေတွေတိုးလာတော့ ငါကလည်း ကိုးလိုးကန့်လန့်ပါပဲ
လမ်းပေါ်မှာ ယိမ်းထိုးယိုင်တိုင်နဲ့ သွားနေခဲ့တယ်
ထီးတွေတောင် ဖွင့်မရခဲ့ဘူးကွယ်
မေဦးရဲ့ မိုးစက်တွေက ပါးပြင်ပေါ် ဆင်းသက်ကျကြွေကြ
အား … အေးမြလှချည်ရဲ့ကွယ်
တကယ်ဆို ငါက မုန်တိုင်းကို မုန်းတယ်
မိုးတွေဆက်တိုက်ရွာနေရင် ငါ့မြင်ကွင်းတွေက မကောင်းလွန်းလို့ပါကွယ်
အခုတော့ မိုးထဲလေထဲမှာ ဒိထက်ဆိုးမယ်ဆိုတာတွေကို
မျှော်ကာစောင့်စားရဦးမယ်လေ
လာစမ်းလေ လာစမ်းပါဆိုပြီး တချို့တွေ အော်နေကြပေါ့
ငါ့စိတ်ထဲမှာ ကြက်သီးတွေဖြန်းခနဲထမိတယ်
ဆိုးရွားသောင်းကျန်းဦးမှာလားရယ်လို့
လက်ဖက်ရည်တစ်ခွက်ရဲ့ ကံကြမ္မာမှာ လှည့်ဖျားတာ ဘယ်လောက်ပါမှာလဲ
အဲဒီ ဗာဒံပင်အောက်မှာ မိုးထဲလေထဲ ထီးတစ်ချောင်းနဲ့ သောက်ခဲ့တယ်
ရောက်တတ်ရာရာ စကားတွေကိုလည်း စိတ်တွေက မရောက်တော့ပြန်ဘူး
တဟူးဟူးမြည်ကာစ မုန်တိုင်းရဲ့ အကိုင်းဖျားနားမှာ
အိမ်ကို အပြေးအလွှားသွားနေကြသူတွေချည်းပါပဲ
လမ်းမီးဝါ၀ါတွေကလည်း မှုန်မှိုင်းလွန်းလှတယ်
အဲဒီ မေလ နှစ်ရက်ရဲ့ ညဥ့်ဘက်မှာ
ညရဲ့ မွန်းတည့်ချိန်မှာ ရန်ကုန်မြို့ရဲ့ လမ်းတွေက ဟူးဟူးထနေကြပေါ့
အဲဒါ မုန်တိုင်းကျတာတဲ့လေ
ငါ့စိတ်ထဲထင်နေတာက The Hulk ဆိုတဲ့ ငတိကြီး သောင်းကျန်းနေတာပေါ့
လမ်းတွေကို သူ့စိတ်တိုင်းကျ လျှောက်သွားနေတယ်လေ
ကမောက်ကမတွေချည်းဖြစ်နေပေါ့
မနက်ကျမှပဲ ကျိုးကျပျက်စီးတာတွေကို သွားကြည့်ရဦးမယ်
မိုးသာ စင်စင်လင်းသွားတယ်
ဘုရားဘုရားဆိုတဲ့ အာမေဋိတ်တွေကလည်း တိတ်မသွားကြဘူး
မုန်တိုင်းဆိုတဲ့ ငနဲက ကြမ်းထလာတယ်
စစ်ပွဲပြီးစ မြို့ပျက်ကြီးလိုဆိုတဲ့ သီချင်းစာသားက
ခေါင်းထဲမှာ လှည့်ပတ်ပြေးလွှားနေတယ်
သဘာဝတရားဆိုပေမယ့်လည်း
နည်းနည်းမကတော့ဘူးကွယ် ရက်စက်လွန်းလှတယ်
ကိုယ့်ခေါင်မိုး ကိုယ်ပြန်ကာကြတဲ့ နေ့လည်ညနေခင်းတွေပြီးမှပဲ
မီးပျက်ညတွေထဲ ဖယောင်းတိုင်ငယ်ကလေးတွေက
လင်းလိုက် မှိန်လိုက်ကြ စားပွဲတွေပေါ်မှာ ကနေကြတယ်
ဧရာဝတီရဲ့ ညတွေဆို ပိုများ အမှောင်ကျနေကြရော့လေမလား
ဘယ်လမ်းကိုမှ ငါသွားမရတော့ဘူးကွယ်
သစ်ပင်သစ်ကိုင်းတွေ ဓါတ်တိုင်ကျိုးတွေ အုတ်တံတိုင်းကျိုးတွေက
ငါ့ကို ကာရံတားဆီးနေကြတယ်
ငါ့ရင်ထဲက မျက်ရည်တွေကတောင် ခမ်းခြောက်ကုန်ကြပြီ
ငါ ငိုလို့မရတော့ဘူးကွယ်
လမ်းတွေလမ်းတွေမှာ ငါတို့ကို တားဆီးထားတဲ့ အမှိုက်စုတ်တွေကို
မုန်တိုင်းက ထားရစ်ချေပြီ
ရတနာက အမှိုက်ဖြစ် အဲဒါဟာ ဘယ်သူ့မိုက်ပြစ်လို့ လက်ညှိုးထိုးရမှာလဲ
ကမ္ဘာကြီးပူနွေးလာတာလား အိုဇုန်းလွှာကြီး ပေါက်ပြဲသွားတာလား
သူသူကိုယ်ကိုယ် ငါတို့လူသားတွေရဲ့ ကြမ္မာဆိုးတရားလေလား
ဝမ်းနည်းတယ်ဆိုတဲ့ အသုံးမကျတဲ့ စကားတွေကချည်း
လှိမ့်ချ ခုန်ဆင်းလာကြမှာလား
ဆွေဆုံးမျိုးပြုတ် အရိုးကိုထုတ် ပြန်ကုတ်ရမတတ်
သူတို့တွေ ငတ်ပြတ်နေရှာရော့မယ်
ဘာလုပ်နေတာလဲ ထကြပါရော့လားလို့ အော်နေဟစ်နေကြ
မျက်ရည်တွေနဲ့ ဘာလုပ်ရမလဲ တွေးနေသူတွေကလည်း ဆွေးနေကြ
အော် .. သူသူ ကိုယ်ကိုယ်ရဲ့ ဒုက္ခတွေချည်းပါလားကွယ်
မီးပျက်ရေပျက်မှာ ခရီးဆက်ဖို့ ခက်နေတယ်တဲ့လားကွယ်
သူများတွေက သေသွားခဲ့ကြပြီ
ငါတို့ ရေတစ်ပုံးအတွက် လုယက်နေကြတာ ရှက်ဖွယ်လိလိ
ဆန်တစ်အိတ်အတွက် အလုအယက် ၀ယ်နေကြတာ ရှက်ဖွယ်လိလိ
ထမင်းတစ်နပ်အတွက် ဈေးနှစ်ဆတက်တာ ရှက်ဖွယ်လိလိ
လက်ဖက်ရည်တစ်ခွက်ကို ချွေတာရုံနဲ့ ငတ်နေသူတွေ ထမင်းတစ်နပ်ရမယ်
မင်းတို့ငါတို့ကော လုပ်နိုင်လို့လားကွယ်
စေတနာရှင်တွေ နေရာအနှံ့ ခုန်ဆင်းချသွားတယ်
ဒုက္ခတွင်းတွေအနား တရပ်စပ်ဆိုသလို မရပ်မနားသွားနေကြတယ်
ခုတော့လည်း တစ်လကျော်ကာလအတွင်းမှာ
ရန်ကုန်မြို့ကလည်း သနပ်ခါးကလေး လူးထားရှာပေါ့
သဘာဝဘေးအန္တရာယ်ဆိုပေမယ့်လည်း
လူသားရဲ့ ခြေနှစ်ဖက် လက်နှစ်ဖက်ကြားက ဦးခေါင်းတစ်လုံးထဲမှာ
အဲဒီ ဥာဏ်ပညာထဲမှာ နလံထစ လူမမာလို
ဖြူကာပြာကာနဲ့ပေမယ့် သေမယ့်ဘေးတွေ လွတ်ခဲ့တယ်
ကျန်ရှိနေသူတွေရဲ့ မျက်ရည်တွေ ခွန်အားဖြစ်
နောင် သင်္ခန်းစာဖြစ်ရစ်အောင် ဆောင်ကျဉ်း
အော် .. ရင်ထဲက ငိုချည်းရှည်တွေကို
သက်ပြင်းတွေလိုပဲ မှုတ်ထုတ်လိုက်ကြပေါ့
လာပါနဲ့တော နာဂစ်ရေ ..
လာပါနဲ့တော့လေ ..
မိဘရင်ခွင်ထဲ ခေါင်းသွင်း ညအိပ်ယာဝင်သီချင်းလည်း မကြားရရှာတော့တဲ့
သားငယ်သမီးငယ်တွေ ငိုသံယိုသံတွေ ရင်နာနာနဲ့ပဲ ကျောခိုင်း
အနာဂတ်တံတိုင်းတစ်ခုအတွက် သူတို့ရင်ထဲ အသိဖြစ်စေသား
အိပ်မက်ဆိုးမက်တဲ့ ညတစ်ညကို အမှတ်မရတော့ဘဲ ပျောက်ပျက်သွားပါစေသား
ငါတို့ ဘ၀ရဲ့ မုန်တိုင်းတွေလည်း ငြိမ်သက် ပျောက်ကွယ်သွားပါစေသား။
မိခင်စကားသံ မကြားနိုင်တော့တဲ့ သားငယ်
မျှော်နေတဲ့ မိသားစုဆီ ပြန်မသွားနိုင်တော့တဲ့ ဖခင်
ကြားချင်တဲ့ စကားသံချိုချိုတွေ ဆဲဆိုကြိမ်းမောင်းသံတွေကိုတောင် မကြားရတော့ဘူး
အားရပါးရသာ ငိုချလိုက်ကြပါပေါ့
မိခင်တို့ရေ ဖခင်တို့ရေ မိဖရင်ခွင်မဲ့သူ သားငယ်သမီးငယ်တို့ရေ
အနိဌာရုံတို့ကို မင်းတို့ မျက်ဝန်းတွေထဲက ခွာချလိုက်ကြ
လာလာ သွားကြဦးစို့လေ သွားကြဦးစို့လေ
ဟိုးခပ်လှမ်းလှမ်းနားမှာ ငါတို့ မမြင်မကန်းနေရာမှာ
အနာဂတ်ဆိုတာ ရှိတယ် (ရှိမယ်)
လာခဲ့ပါလေ လာခဲ့ပါ
သွားမယ်ဆိုလည်း သွားကြတာပေါ့လေ
ငိုမနေကြပါနဲ့တော့လို့တော့
မပြောရက်ခဲ့ပါဘူး ပြောမထွက်ခဲ့ပါဘူး
ငါ ဘယ်လိုမှကို မတတ်နိုင်တော့ဘူး
ဘယ်လိုမှကို မဆက်နိုင်တော့ဘူး
နှုတ်ဖျားမှာပဲ ဆွံ့အနေတဲ့ စကားသံတွေက
ဘယ်ကိုမှ ထွက်မကျလာတော့ဘူး
ငါ့ နားတွေ ပင်းစေသား
ငါ့ မျက်ဝန်းတွေ ကန်းစေသား
ငါ့ နှုတ်ခမ်းတွေ ဆွံ့အသွားစေသား
မမြင်၊ မကြား၊ မပြောနိုင်တဲ့ ကမ္ဘာတစ်ခုမှာ
ငါဟာ ငါအတုအဖြစ်နဲ့ပဲ နေရနေရ
ဒီလို သဘာဝဆိုတာကြီးကို ထပ်ရင် မဆိုင်ပါရစေနဲ့
ထပ်ထပ်ပြီး ရင်မဆိုင်ပါရစေနဲ့
၁၃ နာရီဆိုတာလည်း မလာပါနဲ့
မိုင် ၂၀၀ ဆိုတာလည်း မလာပါနဲ့
ဘာဆိုဘာမှ ထပ်မလာပါနဲ့
နေခြည်ဖြာတဲ့ ရွှေအိုရောင် မနက်ခင်းတွေချည်းပဲ လွှတ်လိုက်ပါ
သဘာဝတရားကြီးရေ …
ငါ ထပ်ပြီး မခံစားနိုင်တော့လို့ပါလေ။
ကိုဖြိုး

လူဆယ်ယောက်
မယုံကြည်ရတဲ့အချစ်ကို
ဂန္တ၀င်တွင်အောင်ဖွဲ့ထားရစ်ခဲ့တဲ့အတွက်
မစ္စတာဝီလျှံရှိတ်စပီးယားရေ
ခင်ဗျားကို ကျွန်တော်အခုလာတွေ့မယ်…
လူတစ်ယောက်မှာ
မြေဘယ်လောက်လိုမှာလဲ…
တောဘူတာရုံလေးထဲမှာအေးခဲနေတဲ့
ဆရာကြီးလီယိုတော်စတွိုင်းရေ…
ကျွန်တော်ကို ကောင်းကင်ဘုံမှာ
ခြေချဖို့တစ်နေရာပဲပေးပါ…
ဆရာကြီးကို ဦးညွှတ်ပြီးပြန်ပါ့မယ်…
ပါရီကဖေးက အ၀ါရောင်ဟာ
ငါ့ရင်ဘတ်ထဲမှာလောင်နေတယ်…
ဗင်းဆင့် သတိထားပါ ..
မင်းအနားမှာငါရှိနေတယ်…
တကယ်လို့သွေးမြေကျရရင်
ကျွန်တော်တို့သွေးတွေပဲဖြစ်ပါစေ
လူဦးရေအများဆုံး အဆင်းရဲဆုံး
ယဉ်ကျေးမှုအမြင့်မားဆုံး
တိုင်းပြည်ကြီးအတွက်အသက်ပေးခဲ့တဲ့
မဟတ္တမဂန္ဒီကြီးကိုတွေဆုံဖို့…
ကမ္ဘာပေါ်မှာ ပေါင်မုန့်တစ်ဖဲ့ကြောင့်
သေဆုံးရသူတွေရှိသလို
မေတ္တာငတ်မွတ်လို့
သေဆုံးနေရတဲ့သူတွေလည်း
ရှိနေတယ်ဆိုတဲ့ မာသာထရီဇာဆီက
မေတ္တာခံယူဖို့ ကျွန်တော်အိန္ဒိယကိုသွားမယ်…
ကျုပ်အိပ်မက်မက်တယ်…
ဘုရားသခင်က လူမျိုးရေးခွဲခြားမှုကို
အားပေးသမှုမပြုဘူး…
ဒီကနေ့ အိုဘားမားအတွက်
ဒီကနေ့ အမေရိကားအတွက်
သူဦးခေါင်းထဲကို ရိုင်ဖယ်ကျည်ဆံ
ဖောက်အ၀င်ခံရဲတဲ့
မာတင်လူသာကင်း(ဂျူနီယာ)နဲ့တွေ့ချင်တယ်…
မင်းကိုယ်တိုင်လူကောင်းဖြစ်အောင်နေထိုင်ရင်
ကမ္ဘာပေါ်မှာ လူဆိုးတစ်ယောက်လျော့သွားမှာပေါ့လို့ပြောတဲ့
ဆမ္မားဆက်မွန်ဆီမှာ ၀ထ္တုတိုရေးနည်းသွားသင်မယ်
နိုဘယ်ဆုကိုငြင်းပစ်ချင်တဲ့နေရာမှာ
စိတ်ချင်းတူတဲ့ ယန်းပေါဆတ်နဲ့
ပါရီမှာကော်ဖီသောက်မယ်…
သူပြောတာတွေတော့နားမထောင်ဘူး
ရိုဒင်ရောက်လာတာနဲ့ ငရဲပြည်တံခါးဝမှာ
ရှပ်ကီသွားသောက်မယ်…
မင်းအခုထက်ထိ ကျူးဘားကမ်းခြေကို မသွားသေးဘူးလား
အဘိုးကြီးဆန်တီယာဂိုကလာပြောတယ်
အားနက်စ်ဟဲမင်းဝေးက
သူအိမ်မှာတစ်ယောက်တည်းစာရေးနေရတာ
အဘိုးကြီးက မင်းကိုတွေ့ချင်နေတာ
ဟုတ်ကဲ့
ကျွန်တော်အပြန်ဝင်ခဲ့မယ်လို့
အားနက်စ်ကိုပြောလိုက်ပါ…
အဲဒီအချိန် ဂေါ်ဂင်နဲ့ ကျွန်တော် ပနာမားမှာ
တူးမြောင်းအလုပ်သမားဝင်လုပ်ခဲ့တာ
အမှတ်ရနေမိတယ်….။
မိုးလှိုင်ည
ညီမလေးဆုငယ်ရေ ဆယ်ရောက်ထဲဆိုမလောက်ဘူး နောက်တစ်ခါ များများတက်ခ်
Subscribe to:
Posts (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
-
ငါ့ဆီမှာ ခြောက်လုံးပြူးတစ်လက်ရှိတယ် … ။ အနုပညာတစ်တောင့်ထည့် လွတ်လပ်မှု တစ်တောင့်ထည့် ဒီမိုကရေစီ တစ်တောင့်ထည့် ချစ်ခြင်းမေတ္တာတစ...