Saturday, December 29, 2007
သူရဲဘောကြောင်တဲ့လက်နှက်ကိုင်ယောင်္ကျား
လက်တစ်ဖက်ကရဲရဲဝံ့ဝံ့ဆုပ်ကိုင်ထားတယ်
အမှန်တရား၊တရားမျှတမှု၊
တန်းတူရည်တူလူ့အခွင့်အရေး
သူရဲကောင်းတွေရဲ့သွေးတွေနဲ့ရေးခြစ်ထားတဲ့
ဒီမိုကရေစီကျမ်းစာအုပ်ကို...။
အဲဒီမိန်းမတစ်ယောက်အလောင်းဟာ
သေတာတောင်အပြုံးနဲ
ရှည်လျားတဲ့လူသမိုင်းမှာ
သူ့နာမည်ကိုသွေးကဗျည်းထိုးခဲ့ပြီ
သူ့ပြည်သူကဘယ်တော့မှမမေ့တော့ဘူး...။
မိန်းမတစ်ယောက်ဟာ
အတွေးအခေါ်ရဲရင့်တာနဲ့
အမှန်တရားအတွက်ခေါင်းမာတတ်တာနဲ့
သူ့ပြည်သူတွေရဲ့ချစ်ခင်မှုကိုရတာနဲ့
ဗုံးခွဲတိုက်ခိုက်သင့်ပြီလား...
လုပ်ကြံသတ်ဖြတ်သင့်ပြီလား...
နှစ်ရှည်လများထောင်ချထားသင့်ပြီလား...။
၂၀၀၇နောက်ဆုံးညတွေမှာ
အာရိုယိုဆီကစစ်တပ်ကအာဏာသိမ်းဖို့ကြိုးစားတယ်
ဘနာဇာဘူတိုကိုလုပ်ကြံသတ်ဖြတ်ပစ်လိုက်တယ်...။
သာမန်ပြည်သူတွေကတော့
ပုဂ္ဂိုလ်ရေးမုန်းတီးတာနဲ့
နိုင်ငံရေးအမြင်မတူတာနဲ့
လက်နှက်ကိုင်အကြမ်းဖက်မှာမဟုတ်ဘူး..။
စစ်ပွဲတိုင်းမှာလက်နှက်ကိုင်ယောင်္ကျားတွေပါသလို
အကြမ်းဖက်မှုတိုင်းမှာလည်းလက်နှက်ကိုင်ယောကျာင်္းတွေပါတယ်
စစ်ရူးတွေပါတယ်....။
ကမ္ဘာပေါ်မှာစစ်ဗိုလ်ချုပ်တွေရှိတာ
သွေးထွက်သံယိုတွေပိုများလာတာကလွဲလို့
ဘယ်အရာမှပိုမကောင်းလာဘူး...။
ဆရာကြီးလီယိုတော်စတွိုင်း
မအောင်မြင်ခဲ့ဘူး...
မက်ခရာဘယ်လီသာအောင်မြင်ခဲ့တယ်...
၂၁ရာစုကမ္ဘာကြီးမှာ
မဟတ္တမဂန္ဒီနဲ့မာတင်လူသာကင်း(ဂျူနီယာ)တွေပေါ်မလာဘဲ
ဟစ်တလာနဲ့အိုက်ခမန်းတွေသာပိုပိုများနေလို့
သွေးညီုနံ့လွှမ်းနေတဲ့၂၀၀၇လမ်းတွေမှာ
ကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်တဲ့
ကဗျာဆရာပိုမိုငိုရှိုက်ခဲ့ရတယ်....။
မိုးလှိုင်ည
(မစ္စဘူတိုအတွက်ကြေကွဲစွာရေးဖွဲ့ပါသည်)
Thursday, December 27, 2007
ကျွန်တော့်ရဲ့ပြန်မလာဖြစ်တဲ့ မိုးရာသီ
တိမ်တွေက စိမ်းလန်းမှုကိုမှ
ရွာသွန်းချင်သတဲ့လား…
သမိုင်းတစ်ခေတ်လုံး
မိုးခေါင်ခံထားရ….
ငါက ကန္တာရတစ်စင်းလေ…။
ကိုယ့်ကိုကိုယ်ထနောင်းပင်တွေလို
ချွှန်မြထားရတယ်….။
မရွာပဲထစ်ချုန်းဖူးတဲ့မိုးသားတွေကြောင့်တော့
တုန်လှုပ်ခဲ့မှာမဟုတ်ပါဘူး…။
အပူလှိုင်းတွေလောင်မြိုက်
အအေးဓါတ်တွေဖွဲ့သိုင်းလို့
အကြိမ်ကြိမ်ကွဲအက်ခဲ့ရတယ်
ငါ့ရဲ့ပြန်မလာဖြစ်တဲ့မိုးရာသီလေးရေ
မင်းကိုလွမ်းမိတဲ့ခဏပဲ
ငါ့ဆီမှာပန်းပွင့်ပါတယ်….။
မိုးလှိုင်ည
ငါးမျှားဖြစ်တဲ့နေ့
လိုချင်မှုက
ငါ့ခေါင်းထဲမှာအရင်နေရာယူထားတော့
လောလောဆယ်
တီတစ်ကောင်ရဲ့အသက်ကို ငါစသတ်လိုက်တယ်။
ရေထဲမှာ
ဖော့တံလေးငြိမ်လို့။
ငါက
နောက်ထပ်အမှာကို စောင့်နေသူလား
မာယာများတဲ့ ငါ့ ငါးမျှားချိတ်မှာ
အာခေါင်စူးပြီး ပါလာဦးမယ့်ငါးများ
ဒီအတွေးစ၀င်တော့
ကြောက်စိတ်နဲ့ တဆတ်ဆတ်တုန်လာတဲ့ငါ့လက်
ဝုန်းခနဲ ထရပ်လိုက်မိတဲ့ ငါ့ခန္ဒာ။
ပြီး
ရေထဲမှာရောက်နေတဲ့ငါ့အရိပ်က
ရေထဲမှာ ငါချထားတဲ့ ငါးမျှားချိတ်ကို ရှောင်လို့။
ဒုတိယအမှားကို မစခင်
ကိုင်ထားတဲ့ ငါးမျှားတံကို ရေထဲပစ်ချပြီး
ငါပြန်လာခဲ့တယ်….။
ထွဏ်းသွေးအိမ်
(၂၀၀၂၊ စက်တင်ဘာ၊ people)
Sunday, December 23, 2007
ငါ့ရင်ဘတ်မြို့ပျက်မှာ မင်းနေထိုင်တဲ့မနက်ခင်း
ကောင်းကင်တစ်ခုလုံးလင်းချင်းနေလိုက်တာ
တစ်ယောက်ယောက်ကစကားစရမှာလား..
ပြီးပြည့်စုံသွားပါပြီ…။
နှလုံးသားထဲစိုက်ဝင်နေတဲ့ အနုပညာနဲ့
ငါ…ကဗျာရှာခဲ့တယ်
အလှတရားကိုရှာခဲ့တယ်…သစ္စာကိုရှာခဲ့တယ်
တချို့ကတော့အရှုးတဲ့
တချို့ကတော့ထော်လော်ကန့်လန့်ကောင်တဲ့
တချို့ကတော့ ကလေကချေပါတဲ့
ထိုးကြတဲ့လက်ညှိုးတွေကြားမှာ
မင်းနဲ့ငါစူးစိုက်မိတဲ့မျက်ဝန်းချင်း
ဖေဖော်ဝါရီရယ်…
လက်ဘက်ရည်ကျစိမ့်နှစ်ခွက်အတူတူမှာသောက်မိတယ်
မင်းလည်းအပြောင်းအလဲတွေကြားမှာချောင်ပိတ်လို့
ငါလည်းမာနတွေနဲ့အထီးကျန်သွေ့ခြောက်လို့
ဒီမနက်ခင်းလေးကိုရောက်ခဲ့မိတာပဲ
ငါ့ရင်ဘတ်မြိုပျက်ထဲမှာ ခြေခင်းလက်ခင်းသာတဲ့နေ့ပေါ့…။
မိုးလှိုင်ည
Saturday, December 22, 2007
ပြန်ပေးဆွဲခံရတဲ့အလောင်း
ငါ့ကိုအုတ်ဂူထဲက
ထုတ်ယူလာကြတယ် … ။
ခွဲစိတ်ကုသဖို့လား
ဓါတ်ရောင်ခြည်ကုထုံးနဲ့
ငါ့ကိုသတ်တဲ့ဆဲလ်တွေကို ဖယ်ရှားဖို့လား
ကလုံးနင်းနဲ့ပျက်စီးသွားတဲ့
အတွင်းကလီဇာတွေကို တပ်ဆင်ကြတယ်
နံရိုးတွေကို အသားအစားထိုးတယ်
အကြောတွေနဲ့ ပတ်တယ် …
အရေပြားတွေ ကပ်တယ် …
ပြီးတော့ ငါ့ကို ငါလို့ အတ္တတစ်ခု တပ်တယ် …
အောင်မြင်သွားပြီ …
လူသေကို ပြန်သေခိုင်းချင်လို့ကြိုးစားတဲ့
အင်ဂျင်နီယာတစ်ဖွဲ့လုံး လက်ခုပ်လက်ဝါးတီးတယ်
ဝိုင်ပုလင်းတွေကို ခွဲစိတ်ခန်းထဲမှာတင် ဖောက်သောက်ကြတယ်
အဖွဲ့ခေါင်းဆောင်က ငါ့ကို လက်ဆွဲနှုတ်ဆက်တယ်
ခင်ဗျားက သိပ်ချမ်းသာတဲ့လူဗျာ
အခု ခင်ဗျားအသက်ပြန်ရှင်ခွင့်ရပြီ
ကျွန်တော်တို့သုတေသန ကုန်ကျစရိတ်တွေကို
လူကြီးမင်းထောက်ပံ့ပေးမယ်လို့
မျှော်လင့်တယ် … လို့ ပြောတယ်
သေစမ်း နန္ဒိယ
ငါ့ခံတွင်းထဲမှာ
ဆင့်ငါးဆယ်တန် အကြွေတစ်ပြားပဲ ပါတယ်
ငါက နှစ်ဆယ်ရာစုမှာ
စားပွဲထိုးတစ်ယောက်အနေနဲ့
အလုပ်အကျွေး ပြုခဲ့သူတစ်ယောက်ပါ
ခင်ဗျားတို့ လူမှားသွားပြီ …
ခင်ဗျားတို့ပြောတဲ့ လူချမ်းသာအတွက်
ကိုယ်စားသေပေးခဲ့တာ
အဲဒီလူက ကျွန်တော့်ကျန်ရှိတဲ့အသက်ကို
ယူပြီး
အင်္ဂါဂြိုလ်ကို ပြောင်းရွှေ့သွားပြီ …
ခင်ဗျားတို့ ကျွန်တော့်ကို ပြန်ပေးမဆွဲနဲ့တော့
အခုပြန်သေပေးတော့ … ။
မိုးလှိုင်ည
Tuesday, December 18, 2007
စိတ်နဲ့ငြိတဲ့ပုစ္ဆာ
သံသရာသောင်ကမ်းတစ်လျှောက်
ဘယ်လောက်တောင်ရေမျောသီး
ဖြစ်ခဲ့ရလည်း………
ကိုယ့်ကိုထုထောင်းတဲ့လောကဓံကိုမှ
တပ်မက်စိတ်နဲ့မျော်မိတယ်…
ပုစ္ဆာတစ်ပုဒ်ပါ
အဖြေမှန်မရခင်စပ်ကြားမှာ
အမှားတွေဖြေနေကြ
မေးခွန်းကဖြေဆိုစရာမလိုဘူးတဲ့
ကိုယ်မသိလို့ငြိမ်နေမိတာမရှိဘူး
ရေမျောသီးရဲ့ကမ်းကခဏခဏခွာခဲ့တယ်
ဒါပေမယ့်ဘယ်ကိုမှမရောက်ခဲ့ပါ…။
မိုးလှိုင်ည
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...