Pages

Thursday, December 31, 2009

၂၀၁၀

နောက်ထပ်လာမယ့် နှစ်တစ်နှစ်
ငါတို့အသက်တွေ ပိုမိုကြီးရင့်လာတော့မယ်
ငါတို့ အတွေးတွေရင့်ကျက်ပြီလား..


နောက်ထပ်လာမယ့် နှစ်တနှစ်...
ငါတို့ နှလုံးသားနဲ့ အရာအားလုံးကိုချစ်နိုင်ပါ့မလား


နောက်ထပ်လာမယ့် နှစ်တစ်နှစ်
ကမ္ဘာကြီးပေါ်မှာ စစ်ပွဲတွေ ထပ်မဖြစ်ပါစေနဲ့


နောက်ထပ်လာမယ့် နှစ်တစ်နှစ်
အားနည်းသူတွေကို သဘာဝကပ်ဘေးတွေမဆိုက်ရောက်ပါစေနဲ


နောက်ထပ်လာမယ့် နှစ်တစ်နှစ်
ငါတို့ ခေတ်ပြိုင်လူသားတွေ ဘယ်လိုတရားနဲ့
မျှဝေနေထိုင်ကြမလည်း...


နောက်ထပ်လာမယ့် နှစ်တစ်နှစ်
ငါတို့အတွက်
ငါတို့အားလုံးအတွက်
ပျော်ရွှင်ဖွယ်ရာများ.. မျှဝေပိုင်ဆိုင်ခွင့်ရရှိနိုင်
ပါစေ...


နောက်ထပ်လာမယ့် နှစ်တစ်နှစ်...
ငါတို့ ပိုချစ်ကြရအောင်...။


မိုးလှိုင်ည

Monday, December 28, 2009

ဆုပ်လွယ် ဆူးလွယ် အရူး

တစ်ကိုယ်တော်ဆိုတော့လည်း
တစ်ယောက်တည်းဟုတ်သလိုလို
ဒါပေမယ့် မဟုတ်ပြန်ဘူး...
နံရံတွေ ငေးကြည့်
ငိုက်မြည်းမှုတွေကိုငေးကြည့်
အတွေးက ကိုယ့်ကိုယ်ပြန်မသိခင်
အရူးအနှမ်း ဆိုပေမယ့် လူတန်းစေ့တဲ့ကြေကွဲမှုနဲ့
တူတူတန်တန်မဟုတ်တောင်
အတန်တန်တားမြစ်ထားတဲ့အတူတူ
ဒီလေကိုရှုပြီး ဒီမြေပေါ်နေထိုင်တာပဲ
ဆုပ်လည်းဆူး စားလည်းရူးနဲ့
အစိမ်းရောင် ကြက်ခြေခတ်ဆိုရင်တော့
အဲဒီလက်ဝါးကပ်တိုင်မတက်ဘူး
အရူးပါးတော့နည်းနည်းဝတယ်
အရူးတစ်ယောက်ရေးတဲ့စကားလုံးက
ကိုယ်လည်ပင်းကိုယ့်အတွက် ကြိုးကွင်းကောင်းကောင်းဖြစ်နိုင်ရဲ့
နှစ်ပေါင်းများစွာနောက်အရူးတွေပြန်ပြောဖို့
ဆုပ်လွယ် ဆူးလွယ်အရူးလေ
ဆုပ်လည်းဆူးစားလည်းရူးခဲ့တယ်...။


မိုးလှိုင်ည


(Mirror ရဲ့ ဆူလွယ်နပ်လွယ် သားကောင်ကို မှီငြမ်းရေးသားပါသည်...)

Sunday, December 27, 2009

၂၀၀၉ ကို ဖိုင်အဟောင်းထဲမှာ တွဲထားလိုက်ပြီ…

၂၀၀၉
အခုတော့ ရက်ပိုင်းအတွင် မင်းဝေးလွင့်ရတော့မယ်
ဖိုင်တွဲအဟောင်းထဲမှာတွဲသိမ်းဖို့..


၂၀၀၉ ထဲမှာ
အဖေ့ဆီက အကူအညီတချို့ယူခဲ့ရတယ်..
၂၀၀၉ ထဲမှာ
အမေ့ဆီက ငြိုငြင်မှု အနည်းငယ်ရတယ်…
၂၀၀၉ ထဲမှာ
ချစ်သူဆီက လိမ်ညာမှုရယ် စော်ကားမှု
နားကျည်းမှုရယ် လက်ဆောင်ရတယ်
၂၀၀၉ ထဲမှာ
မဂ္ဂဇင်းမှာ ကဗျာသုံးပုဒ်ဖော်ပြခံရတယ်
၂၀၀၉ ထဲမှာ
မိသားစုထဲက တစ်ယောက်ဆုံးပါးတယ်
၂၀၀၉ ထဲမှာ
အစ်မသုံးယောက်က အင်္ကျီသုံးထည်လက်ဆောင်ပေးတယ်
၂၀၀၉ ထဲမှာ
အစ်မတစ်ယောက်က မုန့်ဖိုးတစ်သိန်းပေးတယ်..
၂၀၀၉ ထဲမှာ
ကဗျာစာမူခ ၂၅၀၀ကျပ် အမေ့ကိုကန်တော့နိုင်ခဲ့တယ်
၂၀၀၉ ထဲမှာ
မိတ်ဆွေတစ်ချို့က ခုတုံးလုပ်တယ်
၂၀၀၉ ထဲမှာ
သူငယ်ချင်းတစ်ချို့က နောက်ကျောကိုဓားနဲ့ထိုးတယ်
၂၀၀၉ ထဲမှာ
ကျောင်းတစ်ခုတက်ဖို့ အလုပ်နှစ်ခု ထွက်ရတယ်
၂၀၀၉ ထဲမှာ
အရင်ကအတိုင်းပဲ ဘာကိုမှမပိုင်ဆိုင်သေးဘူး
၂၀၀၉ ထဲမှာ
မနှစ်ကလိုပဲ ကဗျာတွေအများကြီးရေးဖြစ်တယ်
၂၀၀၉ ထဲမှာ
အပေါင်းအသင်းတစ်ချို့ရဲ့ စာနာမှုတွေလက်ဆောင်ရတယ်
၂၀၀၉ ထဲမှာ
သူငယ်ချင်းတစ်ချို့ ထောင်ကျသွားတယ်
၂၀၀၉ ထဲမှာ
သူငယ်ချင်းတစ်ချို့ ထောင်ကလွတ်တယ်
၂၀၀၉ ထဲမှာ
ကဗျာတစ်ချို့ရွတ်တယ်
၂၀၀၉ ထဲမှာ
အိပ်မက်တချို့ စွန့်လွှတ်ခဲ့တယ်


ဘာပဲဖြစ်ဖြစ် ၂၀၁၀မှာ မနှစ်ကထက်ပိုကောင်းအောင်နေမယ်
ဂွတ်ဘိုင် ၂၀၀၉ ရေ
ဖိုင်အဟောင်းထဲမှာတော့ မင်းသမိုင်းကိုသိမ်းထားလိုက်ပါပြီ
ငါတို့ ပြန်မတွေ့နိုင်ကြတော့ဘူ…။


မိုးလှိုင်ည

27.12.2009

Friday, December 25, 2009

ဒီဇင်ဘာ

ပြုစားခံရတဲ့ နှင်းတွေရှိတယ်..

ဒီဆောင်း

အယောင်ဆောင်အိပ်မက်ကို

ပိုးပုဝါနဲ့ပါတ်လို့

နေ့တွေနောက်ပြန်မသွားနိုင်ဘူး..

အတိတ်တွေက ယောင်အနေတဲ့အိမ်မက်တွေနဲ့အတူ

လွတ်ကျခဲ့ရတဲ့ ဆောင်းသက္ကရ်ဇ်တွေပြိုလဲ

စိတ်ကူးနဲ့သွန်ချခံလိုက်ရတဲ့ အဓိပ္ပါယ်

အတောင်ပံမဲ့ ပိတ်သိမ်း..

ပြုစားခံထားရတဲ့ နှင်းတွေက

ရင်ထဲမှာ တဖွဲဖွဲကျလို့…

လက်တစ်ကမ်းမှာတင် အလွမ်းတွေေ၀၀ါးသွားခဲ့ရတယ်…။


မိုးလှိုင်ည

Tuesday, December 22, 2009

ငါတို့ရဲ့လက်တွေ...




ငါတို့မှာ လက်တွေရှိတယ်
လက်တွေဟာ ဘာလုပ်ဖို့လည်း

ငါတို့မှာလက်တွေရှိတယ်
လက်တွေကို ဂရုစိုက်ပါ
လက်တွေကို သန့်သန့်စင်စင်ထားပါ
လက်တွေကို မကြမ်းတမ်းပါစေနဲ့
လက်တွေကို သွေးမစွန်းပါစေနဲ့....

လက်တွေက ကဗျာရေးတယ်
လက်တွေက ပန်းချီဆွဲတယ်
လက်တွေက ဂီတကို တီးခတ်တယ်
လက်တွေက လက်နှက်ကိုင်တယ်
လက်တွေက ပုခက်လွှဲတယ်...

လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်သတဲ့လေ
ငါတို့လက်တွေက မြို့ကို မဖျက်မိဖို့
လက်တွေကို ဂရုစိုက်ရမယ်....

လက်တွေက ငါတို့အတွက် အရေးတကြီး
လက်တွေဟာ အနုပညာဆန်ရဲ့
လက်တွေဟာ မေတ္တာ တန်ခိုးတော်ရှိရဲ့

ဒါကြောင့်
လက်တွေနဲ့ မျက်ရည်သုတ်ရမယ်
ငါ့တို့ပါးပြင်ပေါ်က
တခြားသူတွေရဲ့ ပါးပြင်ပေါ်က
လက်တွေက မျက်ရည်သုတ်ဖို့အတွက် အကောင်းဆုံးပဲ
ငါတို့ ချစ်ကြစို့
လက်တွေနဲ့ ပွေ့ဖက်ထားကြမယ်...
ကမ္ဘာကြီးကို....


မိုးလှိုင်ည

ဆူလွယ်နပ်လွယ်သားကောင်

ခေတ်ကိုက ဆူလွယ်နပ်လွယ်ရယ်...

ဆူလွယ်နပ်လွယ်ဖြစ်ဖို့ပဲ တွေးတောကြံဆနေကြရ
ဘာကြောင့်လဲ..ဘာကြောင့်များလဲလို့
မှတ်မိအောင်
ကိုယ့်ကိုယ်ကို နှစ်ထပ်၊နှစ်ခါထပ်မေးကြည့်နေမိတယ်....။
ဆူလွယ်နပ်လွယ်ခေတ်ထဲမှာ
ကိုယ်တွေကပါ ဆူလွယ်နပ်လွယ်ဖြစ်လို့
ငါတို့မှာ
တစ်ယောက်ထဲနေရင်းကပဲ
ဟိုဘက်နဲနဲတိုးပါဦး လို့
ကြပ်တည်းနေကြရတာ...

မြေပထ၀ီအခွံပေါ်မှာ ဘာတွေကို စုပ်ယူဖို့၊
ဘာတွေ ပြောင်းလဲတပ်ဆင်ဖို့ ကြိုးစားနိုင်ဦးမလဲ......
ငါတို့တွေဟာ...
ကွဲလွဲတဲ့ကိုယ်ပိုင်ချဉ်းကပ်မှုေ တွနဲ့
ကိုယ့်ဘ၀ကိုချဉ်းကပ်ကြည့်ခြဲ့ကတယ်
ကိုယ့်ခရီးကိုယ်
ခြေလှမ်းတွေတစ်လှမ်းချင်းရေတွက်လျှောက်ခဲ့ကြတယ်။

ကုန်လွန်ခဲ့တာတွေက
အလကားမဖြစ်ဘူး။
သက္ကရာစ်ပေါင်းအခု ၂၀ ကျော်။
သို့ပေမယ့်
ခြေထောက်တွေက ခုထိမခိုင်သေးဘူး ..။
တဘုန်းဘုန်းလဲကျနေတုန်း..
တရုန်းရုန်းနဲ့ ပြန်ထနေရတုန်း...။

ဘ၀ဆိုတာ ခင်းထားပြီးသားလမ်းတစ်ခုဖြစ်တယ်
ကိုယ့်ဘာသာကိုယ်ထွင်ပြီးလျှောက်ရင်းက
အပေါ်ရောက်လိုက်၊အောက်ရောက်လိုက်လဲ ရှိမယ်..
ပြုခဲ့ဖူးတဲ့ ကောင်းမွေဆိုးမွေအရပေါ့...
အဲ့သလို အမေကတော့ပြောတော့
ကျမအသက် ၆၀ မဟုတ်ဘူး အမေ..
အဲ့ဒိလို....အဲ့ဒိလို..နဲ့
ကိုယ့်လမ်းကိုယ် စမ်းတ၀ါးဝါးနဲ့ခင်းနေခဲ့တာ..။


ဆင်းရဲမွဲတေမှု
ခေါင်းပုံဖြတ်မှု၊
မသာမာမှု၊လူသားမဆန်မှု
အာဏာတလွဲသုံးမှု
လောင်စာဆီမှု
အိုဇုန်းအလွှာပေါက်တဲ့အမှု
ပူလောင်အိုက်စပ်မှု၊
ဘာမှု၊ညာမှု...ဟိုအမှု၊ဒီအမှု
ဘ၀မှာ....
အဲ့ဒါတွေ
ခွဲခြမ်းစိတ်ဖြာ ကြည့်ဖူးပါရဲ့လား
ခွဲခြမ်းစိတ်ဖြာဖို့ရော အခွင့်အရေးတစ်ခု ရရှိဖူးပြီးခဲ့ပြီလား။
အဲ့ဒါတွေ ဘာအဓိပ္ပာယ်လဲဆိုတာ ငါလဲသေချာမသိသေးဘူး။
အဲ့ဒါတွေ ဘယ်လောက်အတိမ်အနက်ရှိလဲ ငါမသိသေးဘူး။
နေသာသလိုနေနေလို့တော့ တို့သမိုင်းကတောက်ပြောင်လာမှာ မဟုတ်ဘူး။

အစေ့ကျရာ အပင်ပေါက်တဲ့ ခေတ်ကလဲ ကုန်လွန်ခဲ့ပြီ..
အစေ့ကျရာအပင်ပေါက်ချင်တဲ့စိတ်နဲ
ငါတို့လိုချင်တပ်မက်တဲ့ အာသီသကို ဖြေဖျောက်ဖို့ရာ..မလွယ်ကူလှဘူးထင်ရဲ့..

Mirror


မနက်နှစ်နာရီထိုးတဲ့ အထိ ဒီကဗျာလေးကိုရွတ်ဆိုဖို့ အလွတ်ကျက်နေမိပါတယ်.. တကယ်ရွတ်တဲ့အချိန်ထိ တည်ငြိမ်မှုမရခဲ့ပါဘူး... ကျွန်တော်ခံစားမှုတွေနဲ့ တုန်ခါနေမိတယ် ကဗျာကို ရွတ်ဆိုခွင့်ပေးတဲ့အတွက် မကြေးမုံရေ..
ကျေးဇူးပါ..။

မှောင်နေတဲ့ အလင်း

သူငယ်ချင်းရေ........................
ကျွန်တော် ဘာများမှားခဲ့လို့လဲ
မှောင်မိုက်တဲ့အခန်းကျဉ်းလေးထဲမှာ
အထီးကျန်မှုတွေ တစူတဝေးနဲ့ ရှင်သန်ရတယ်
ကျွန်တော် မသိလိုက်ခင်ပဲ ဒီရန်သူက
ကျွန်တော့်သွေးသားထဲ
လှည့်ပတ်စီးဆင်းနေခဲ့ပြီတဲ့
ဖေဖေ နဲ့ မေမေ ရေ...........
ဒီလို ကျွန်တော့်ရဲ့ တမ်းတမ်းမက်မက်ခေါ်သံကို
မကြားနိုင်တော့တဲ့ အရပ်ဆီ
သူတို့ စွန့် ခွာခဲ့ပြီ
သူငယ်ချင်းရေ..................................
ကျွန်တော် မင်းကို မနာကျင်စေရပါဘူးကွယ်
မင်းလက်လေး ငါ့ကိုကမ်းပါ
ကျွန်တော်တို့ အတူ ကစားပါရစေ
မင်းနဲ့ အတူ
ကော်ဖီတခွက် အတူသောက်ခွင့်ငါ့ကိုပေးပါ
နေ၀င်ချိန်ကို အတူကြည့်ခွင့်ငါ့ကိုပေးပါ
သူငယ်ချင်းရေ...................
နာကျင်မှုတဲ့................
ဒီအရာက ကျွန်တော့် နှလုံးအိမ် မှာလား
ကျွန်တော့ ခနာကိုယ်မှာလား
စစ်ခနဲ စစ်ခနဲ................
ဒီအရိပ်မဲကြီးက ရိုးခနဲ ရိပ်ခနဲ
ကျွန်တော့် မျက်ရည်တွေဟာလည်း
ပိုးခနဲ ပေါက်ခနဲ
သူငယ်ချင်းရေ........................
ကျွန်တော် ဘာများမှားခဲ့လို့ လဲ
ကျွန်တော် ဘာများ
မှားခဲ့
လို့ လဲ...
ကျွန်တော်
ဘာ
များ
................
.................၊၊


ကေး ( D O I )

အလင်းပျိုးမယ့်လက်များ ကဗျာရွတ်ပွဲမှာ ကျွန်တော်ရွတ်ဆိုခွင့်ရခဲ့တဲ့ ကဗျာလေးပါ.. အဲဒီအတွက် ကေးကိုအထူးကျေးဇူးတင်ပါတယ်.. ။

Friday, December 18, 2009

ရုပ်ရှင် ၂

တစ်ယောက်ကလမ်းဖြတ်ကူးလာတယ်
တစ်ယောက်က ဘရိတ်အုပ်လိုက်တယ်
တစ်ယောက်က ကော်ဖီခွက်ကိုမလိုက်တယ်
တစ်ယောက်က လှေကားပေါ်ကပြေးအဆင်း
တစ်ယောက်က လေပြည်တွေကို မျက်နှာမူလို့
တစ်ယောက်က မုန်တိုင်းထဲမှာရုန်းကန်လို့
တစ်ယောက်က မွေးခန်းထဲမှာ
တစ်ယောက်က မီးခိုးခေါင်းတိုင်ကိုလှမ်းအငေး
တစ်ယောက်က အဝေးကြီးကပြန်အလာ
တစ်ယောက်က နောက်ဆုံးကျောခိုင်းလိုက်တယ်
တစ်ယောက်က ပန်းစည်းတွေယူလာတယ်
တစ်ယောက်က ကျောင်းထွက်လိုက်ရတယ်
တစ်ယောက်က စီးပွားရေးလုပ်တာအရမ်းအောင်မြင်နေတယ်
တစ်ယောက်က စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံ
တစ်ယောက်က တစ်ယောက်ကိုမယုံဘူး
တစ်ယောက်က တစ်ယောက်အပေါ်ကောက်ကျစ်နေတယ်
တစ်ယောက်ချင်း စိန်ခေါ်ပစ်လို့
တစ်ကိုယ်တော် အရက်ပုလင်းနဲ့ကြေကွဲ
တစ်ယောက်နဲ့ တစ်ယောက်ပြေးဖက်လိုက်ကြတယ်
တစ်ယောက်နောက်ကျောကို တစ်ယောက်ဓားနဲ့ထိုးလို့...
တစ်ယောက်ယောက်က မီးခလုတ်ကိုထအဖွင့်
တစ်ယောက်တည်းထပြန်လာတယ်
တစ်ယောက်တည်းပဲ... ရုပ်ရှင်ထဲမှာ...။


မိုးလှိုင်ည

၁ဝ.၁၂.၂ဝဝ၉

ရုပ်ရှင်

ခေတ်ကြီးကိုအနှေးပြကွက်ထဲ
ထည့်ခလောက်တော့
အရင်တုန်းကကြောက်စိတ်တွေ
အခုထိမပြေသေးဘူး...။
ဇာတ်သိမ်းခန်းမပါတဲ့ သမိုင်းမှာ
အမှန်တရားကဗီလိန်ဖြစ်နေတုန်း
ကိုယ့်ကိုယ်ကို မုန်းဖူးသလား...။
နွေရာသီကို မာတိကာစီဖို့
ငါတို့တွေလမ်းလျှောက်လာတော့..။
ပရမ်းပတာဖြတ်မောင်းသွားတဲ့
ထူးမခြားနားကိုတွေ့တယ်...
မျှော်လင့်ချက်တစ်ခုကိုပဲ လွတ်မြောက်ခွင့်
ပေးပါ...လို့
ငါတို့တောင်းဆိုထားတယ်...
ဇတ်ညွှန်းနဲ့ ဇာတ်ကွက်ကတလွဲ..
မနက်ဖြန်ဟာရက်စွဲမရှိဘူးတဲ့....



မိုးလှိုင်ည

(ပြိုင်တူလင်းတဲ့ကောင်းကင် ကဗျာစာအုပ်မှ)

Thursday, December 17, 2009

တောင်စဉ်ရေမရ .... ရန်ကုန်

မီးပွိုင့်တွေ နီတယ်၊
စိမ်းတယ် ၊ ၀ါတယ် ။
လမ်းမီးလေးတွေ မှုန်ပျပျနဲ့
မုန့်ဟင်းခါးအလွတ် တစ်ပွဲ ၅၀၀ ဖြစ်သွားတယ်...။


မြို့လည်ခေါင်က တိုက်တွေ ပိုဟောင်းလာတယ်
တည်းခိုခန်းတွေ များလာတယ်၊
ဘက်စ်ကားခတွေ ဈေးတက်သွားတယ်
ရေသန့် တစ်ဗူး ၃၀၀ ဖြစ်သွားတယ်
စာရေးဆရာနီကိုရဲ သေသွားတယ်၊
သြော်...
အရင်အတိုင်းပဲ နင့်ကို ချစ်တယ်။


လဘ္ဘက်ရည် ပေါ့ဆိမ့်သောက်ပြီး
ရိုးရိုးတစ်ခွက်ကို ဘေးမှာထားတယ်
အဲဒီလိုပဲ ခပ်ကြောင်ကြောင်နဲ့
နင့်ကို ငါလွမ်းတယ်။
မြေနီလမ်းမှာမှ ကြွေခဲ့တဲ့
ခရေပန်းတွေမရှိတော့ပေမယ့်
နင်ရှိခဲ့တဲ့ နေရာလေးမှာ
ငါတစ်ညနေလုံး ထိုင်ပြီး ငိုင်တယ်..
အလင်းပြပြနဲ့ မိုးရွာတဲ့ မနက်မှာ
နင်ထွက်သွားတော့
ငါ့မျက်နှာတစ်ခုလုံး ရွဲရွဲစိုအောင်သည်းတဲ့မိုးရယ်၊
စကားလေးတစ်ခုရယ် ရှိုက်သံသဲ့သဲ့ရယ်၊
ဒါပါပဲ နင့်ကို သိပ်ချစ်တယ်...။


မျှော်လင့်ချက်တွေ နင်းခြေခံရတဲ့နေ့
အဲဒီနေ့က မန်ယူရှုံးသွားတယ်...
ဂစ်တာကြိုးလေးလည်း ဖရိုဖရဲ၊
ကြယ်လေးတွေ ဟိုတစ်စ ဒီတစ်စနဲ့
လမ်းမကြီးဘေးမှာ....
မူးတူးတူးရီဝေေ၀နဲ့ အိမ်အပြန် မိုးလင်းခဲ့တယ်..။


တစ်ချက်တစ်ချက်ပေါ်လာတတ်တဲ့ အနီရဲရဲသွားတွေရယ်၊
ပါးချိုင့်လေးရယ်၊
လမ်းကူးတိုင်း ကမ်းတဲ့လက်တွေရယ်၊
တောင်ပြော မြောက်ပြောပေမယ့်
ခပ်ပြင်းပြင်း ရင်ခုန်စေတဲ့ စကားတစ်ချို့ရယ်၊
ရောင်စုံမီးတွေနဲ့လှတဲ့ ညရယ်၊
မောင်မောင်ဇော်လတ် သီချင်းရယ်၊
အညိုရောင်သန်းတယ်ဆိုတဲ့ ဗိုလ်တစ်ထောင်ကမ်းနားရယ်၊
အိမ်ပြန်ချိန် ပဋိပက္ခတွေရယ်...
အ ရာ အား လုံး တိတ် ဆိတ် ငြိမ် သက် စွာ ….
ကွဲအက်နာကျင်စွာ...
ထားခဲ့လိုက်တယ်...
ထားလိုက်ပါတော့လေ....


နွေဦးပုံပြင်

Tuesday, December 15, 2009

ငါ့ ဆံပင်တွေရှည်နေပြီ

ငါ့ ဆံပင်တွေရှည်နေပြီ …
ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား
စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်…


ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း
ငါ ကတော့ ညတာတိုတိုတွေပဲလိုချင်တော့ တာ
မိုးလင်းလို့ မျက်နှာသစ်ရင်
ငါ ဘာလို့ အသက်ရှင်နေသေးတာလဲ ….?
မေးခွန်းက မရေရာပါ..(ထို့ ကြောင့် ဖြေဆိုရန်မလိုအပ်)


ကဗျာရှည်တွေဖတ်မိနေတယ်
ဝတ္ထုအရှည်ကြီးတွေဖတ်မိနေတယ်…
အခန်းဆက်ဘ၀တွေမှာ
အဓိပ္ပါယ်က မရှိခြင်းသက်သက်…..။


ငါ့ ဆံပင်တွေရှည်လာပြီ
ငါ့ မျှော်လင့် ချက်တွေရှည်လျားလာပြီ
ငါ့ အသက်ကိုတော့ ခပ်တိုတိုပဲနေချင်တော့ တယ်….။


ငါ့ခြေထောက်တွေ ရှည်လျားလာပြီ
ငါ့ခရီးလမ်းတွေ ပိုရှည်လျားလာပြီ
ငါကတော့ အတိုဆုံးလမ်းကိုပဲ ရွေးသွားချင်နေမိ…


ငါညှပ်ချလိုက်တဲ့ ဆံပင်တွေလို
ငါ့မာန…
ငါ့ အတ္တတွေ အထွေးလိုက် ပြုတ်ကျသွားတဲ့နေ့


ငါ ….
သံသရာ….

ရှည်မနေချင်တော့…



မိုးလှိုင်ည

Monday, December 14, 2009

Sexy ကဗျာဆရာ မိုးလှိုင်ည

ချစ်ခြင်းမေတ္တာကို..
ကိုယ့်ဘာသာစကားနဲ့ကိုယ်ယဉ်ကျေး/အရိုင်းဆန်…
ညီမလေးကို
ဘောင်းဘီတိုတိုဝတ်ပါလို့
ခဏခဏဂျီကျ…
အိမ်ထောင်ကျချင်တဲ့ ရက်သားတွေလည်းများတယ်
မိန်းမလိုချင်တဲ့ရောဂါရနေတယ်လို့
သူငယ်ချင်းတွေက အမြဲတမ်းစခံရတယ်…
မချိုမချဉ်နဲ့ နှလုံးသားကို ချိုချဉ်လိုလုံးပါးပါးခံရ
အနုပညာမရတော့ရင်
ကိုယ့်ကိုယ်သတ်သေမယ်လို့..
ဘ၀ကိုရည်ရွည်ချက်ထားတယ်…
အခုကော အနုပညာရလားလို့ ကိုယ့်ကိုယ်မေးရင်
မရေရာနဲ့ တွေဝေသွားတတ်ကောင်
ကိုယ့်ကိုယ်မှောင်လို့ မှောင်မှန်းမသိ
ကိုယ့်ကိုယ်ကြောင်လို့ ကြောင်မှန်းမသိ…
လိင်စိတ်ကြွကဗျာဆရာလို့… ကိုဖုန်းမြင့်စခံရတတ်တယ်…
ချစ်တယ်လို့ပြောဖို့ဝန်လေးတတ်ပြီး..
အသေအကြေချစ်တတ်ခဲ့တယ်…
ကိလေသာကို ၀ဋ်ကြွေးလို့သဘောထားတဲ့ကောင်…
အခုတော့သံသရာ ထောင် sexy ကဗျာဆိုပြီးနှစ်ကြီးကျခဲ့ပေါ့…။

မိုးလှိုင်ည

Friday, December 11, 2009

ချစ်ခြင်းဖွဲ့ (၁)

ဝေးနေရတာက ငရဲ
နီးနေရတာက နတ်ဘုံတမျှ
ခေါင်းလှုပ်ခြေလှုပ်ကအစ
လက်သန်းဖျားလေးက လက်သည်းချွန်လေး
အရောင်ခြယ်ထားတာကအဆုံး
မင်းနဲ့ ပက်သက်တဲ့အရာအားလုံးဟာ
ငါ့အတွက်တော့ အနုပညာပါ …
မင်္ဂလာပါလို့ နှုတ်ခမ်းဖျားလေးက အချ
ငါဆယ်ဘ၀စာသေလို့ရပြီ….


မကြီးမငယ် ဒီအရွယ်ကျကာမှ
ချစ်ခြင်းဖွဲ့ကဗျာတွေရေးနေရ
သလားလို့
ငါ့ကို လူတွေ ဟားချင်ဟားကြပါစေ..
မင်းနဲ့မတွေ့ခင်က ဒုက္ခသစ္စာတစ်ခုကိုပဲ
ယုံကြည်ဖူးတာ
အခု ချစ်ခြင်းမေတ္တာကိုပါ ယုံကြည်လာတယ်..
ညီမလေးရယ်
မင်းသာစီရင်ချက်ချမယ်ဆို
ငါ့မြို့ပျက်ထဲမှာ ပုန်းအောင်းနေတဲ့ သေခြင်းတရားတောင်
အနုပညာဆန်ဆန်လှတယ်
ငါ့ကို သံသရာတစ်ခုစာလက်ထပ်ခွင့်ပြုပါ…
နောင်ဘယ်တော့မှ လမ်းမခွဲဘူး
ငါတို့လွဲခဲ့တဲ့ ဘ၀တွေအတွက်
နောင်လာမယ့် သံသရာတစ်ခုစာ
ငါ့ကို ချစ်နေခွင့်ပြုပါ … ညီမလေးရယ်.။။



မိုးလှိုင်ည

Monday, December 7, 2009

အဝေးရောက် မြို့သားများ

“ ငါတို့မြို့ကို ကျောခိုင်းသွားခဲ့တယ်ဆိုတာ

ငါတို့မြို့ချစ်စိတ်ကို ကျောခိုင်းသွားခဲ့တာ မဟုတ်ဘူး”


ငါတို့ မြို့ကို ငါတို့ချစ်တယ်…

အဲဒီ

ဇာတိမြေကို ငတ်မွတ်တဲ့ စိတ်နဲ့

Google Earth ထဲမှာ အကြိမ်ကြိမ် Click နှိပ်ကြည့်ဖူးတယ်…


ငါတို့ မြို့ထဲက ငါတိုရဲ့ သမိုင်း

ငါတို့ မြို့ထဲက ငါတိုရဲ့ ခေတ်

ငါတို့ မြို့ထဲက ငါတိုရဲ့ ကဗျာရွတ်သံ

ဘ၀ရဲ့ ဘယ်လို နံရံတွေမှာ ချိတ်ဆွဲဖြစ်ခဲ့လည်း…


ငါတို့ မြို့ထဲမှာ ငါတို့ လမ်းတွေလျှောက်ခဲ့တယ်

ငါတို့ မြို့ထဲမှာ ငါတို့ သပိတ်တွေမှောက်ခဲ့တယ်

ငါတို့ မြို့ထဲမှာ …

ဖဲသုံးချပ် ၀င်ဆွဲသူက ဆွဲ

မျက်လှည့်ပွဲ ၀င်ငေးသူကငေး

အသည်းကွဲသူက ကွဲ

အရက်သောက်သူက သောက်

ဒါပေမယ့်

ငါတို့မြို့ကိုငါတို့ ချစ်တယ်ဆိုတာက အမှန်ပဲ…


ငါတို့ မြို့ထဲမှာ ငါတို့ သွေးနဲ့ရေးတဲ့သမိုင်းရှိတယ်

ငါတို့ မြို့ထဲမှာ ငါတို့ အသက်နဲ့ဖောက်တဲ့လမ်းရှိတယ်


ငါတို့ မြို့ထဲမှာ ငါတို့က ဆိုးသွမ်းလူငယ်

ငါတို့ မြို့ထဲမှာ ငါတို့က လမ်းသရဲ

ငါတို့ မြို့ထဲမှာ ငါတို့က လူဆိုးဂိုဏ်း

ပြီးတော့ ငါတို့ကပဲ အနုပညာသမား…


ငါတို့ ရိုင်းခဲ့တယ်ဆိုတာ အနုပညာဆန်ရုံသက်သက်

ရွှေတိဂုံ ခြေတော်ရင်းရောက်ရင် ငါတို့ အကုန်ယဉ်ကျေးခဲ့တာပဲ…။


“ ငါတို့ မြို့ကို ကျောခိုင်းသွားခဲ့တယ် ဆိုတာ

ငါတို့ မြို့ချစ်စိတ်ကို ကျောခိုင်းသွားခဲ့တာ မဟုတ်ဘူး”


ငါတို့ မြို့ကို ငါတို့ နှလုံးသားနဲ့ထူဖို့

ငါတို့ မြို့ကို ငါတို့ လက်ရပြန်သိမ်းပိုက်ဖို့

ငါတို့ မြို့ကို ငါတို့ ရှင်လျှက်နဲ့ ကယ်တင်နိုင်ဖို့

ငါတို့ ပြန်လာမယ်

ငါတို့ ဆက်ဆက်ပြန်လာမယ်…

ငါတို့ ရဲ့ မြို့ချစ်စိတ်ကိုတော့

ငါတို့ ဘယ်တော့မှ ကျောခိုင်းပစ်မှာ မဟုတ်ဘူး….။



မိုးလှိုင်ည

Saturday, December 5, 2009

မယုံကြည်မှုများ…

ယောကျာင်္းတွေက အချစ်ကိုယုံတယ်

မိန်းမတွေက ပိုက်ဆံကိုယုံတယ်…

မိန်းမတွေ ယုံတဲ့ ပိုက်ဆံကို ယောကျာင်္းတွေ

လိုက်ယုံရင်းက…

ယောကျာင်္းတွေက …

အချစ်ကို မယုံတော့ဘူး

မိန်းမတွေကို မယုံတော့ဘူး

နောက်ဆုံး ပိုက်ဆံတွေကိုလည်း မယုံတော့ဘူး

ဘာကိုမှ မယုံလို့ ယောကျာင်္းတွေ

ဘ၀ပျက်သွားတတ်တယ်…

မိန်းမတွေကတော့ ဘယ်တော့မှဘ၀မပျက်ဘူး

သူတို့က ပိုက်ဆံကို အမြဲယုံတယ်လေ…။



မိုးလှိုင်ည

စာကြွင်း..


မမသီရိ..၊ မအားငိုင် ခင်ဗျာ ကျွန်တော်ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကို

ရေးကြည့်မိတာပါ… လေးစားရတဲ့ အမျိုးသမီးထု တစ်ရပ်လုံးကို မရည်ရွယ်ပါဘူးခင်ဗျာ..။

တစ်ကိုယ်ရည်နာကျင်မှုကို ခံစားမှုတူသူတွေအတွက်ပဲ ရည်ရွယ်ပါတယ်ခင်ဗျာ..


ခင်မင်လေးစားလျှက်

မိုးလှိုင်ည

Friday, December 4, 2009

အမှန်တရားကလွဲပြီး မှန်တဲ့အရာဘာမှမရှိ*

အမှန်တရားက ပြောတယ်
ကျောသားရင်သားမှန်း နားမလည်တော့
သူလည်း မခွဲတတ်ဘူးပေါ့တဲ့
ကျောကလည်းသား ရင်ကလည်းသားဆိုရင်
သူနားနားနေနေနေချင်တယ်တဲ့လေ

အမှားတွေက ပြောတယ်
လူ့အန္ဓတွေအများကြီးကြားမှာ
သူနေတယ်တဲ့
ကြိုက်တဲ့လူ ခေါင်းခေါက်ကြည့်လိုက်
သူဦးအောင် ခေါင်းထောင်ပြမယ်တဲ့

ငါဘယ်သူ့ဘက်သွားနေရမှာလဲ

အမှန်တရားက
... အမှန်တရားဘက်လိုက်တယ်
... အမှားက အမှားဘက်လိုက်တယ်
မမှားသို့သော်မမှန်တွေက အလယ်မှာ...
တကယ်ဆိုရှုပ်ရှုပ်ထွေးထွေးတွေနဲ့
ရှုပ်ထွေးနေတာလောကကြီးပဲ
အရှုပ်ထဲမှာရှင်းအောင်နေနည်း
ဘယ်သူတွေသင်ကြားတတ်မြောက်ပြီးပြီလည်း
.. အမှန်တော့လည်း မှားနေတယ်
အမှားတွေလည်း မှန်နေတယ်
.. တဒင်္ဂတွေပြင်မရတာ
မထူးတဲ့ဇာတ်နဲ့ မိုက်ဘက်လိုက်တတ်သူတွေနဲ့
... တစ်ကိုယ်တော်လွတ်မြောက်ဖို့အရေး
... တစ်ကမ္ဘာစာပေးချင်ပေးရလိမ့်မယ်
.. ဘ၀ဆိုတာ ကိုယ်ပိုင်အခွင့်အရေး
ဘယ်သူနဲ့မှ ဆွေးနွေးနေစရာမလိုဘူး
... မမှန်ဘူးဆိုရင် ကိုယ့်ကိုယ်ပြန်တော်လှန်ရဲလား
... ကိုယ်ဘက်ကိုယ်လိုက် ကိုယ့်ကိုယ်ပြန်ဆန့်ကျင်
... ဆင်ခြင်မယ်ဆိုရင် စိတ်နဲ့ခန္ဒာပါ
အဲဒီနှစ်ခုတောင် အညီအညွတ် မဖြစ်ခဲ့ဖူးဘူး...


မိုးလှိုင်ည/ ကိုဖြိုး

* လူထုစိန်ဝင်း

Thursday, December 3, 2009

ရန်ကုန်မိုး

ပင်လယ်တစ်ခုလုံးချပြပေမယ့်
ရေချည်းပဲမြင်ကြတဲ့သူတွေက
များတယ်

ငါတို့ဇွဲတွေက
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုပြီး သတ္တိကောင်းတတ်
ငါတို့ဆုံးဖြတ်ချက်တွေက
အရေးအကြောင်းဆို အပေါင်းအသင်းလည်းမှားတတ်
ငါတို့အသဲကလည်း
ပပ ထူမှ ထတတ်ရတော့တယ်

ကမ္ဘာကြီးလုံးနေတော့
အနောက်ကိုသွားလည်း အရှေ့ကိုတစ်နေ့ရောက်ရသလို
ပင်လယ်ထဲမှာ သဘောင်္ချင်း ခေါင်းတိုင်ကို စမြင်ရစမြဲ
အလံတလူလူလွှင့်ထားပေမယ့်
ဒါးဆိုတာ
ဒဏ်ရာနဲ့ အဝေးဆုံးမှာ နေရတာကောင်းတယ်...။

အဖြစ်က
မီးပြတိုက်ကို သဘောင်္ဝင်ဆောင့်မိသွားတာ
ဆာလောင်တဲ့မြွေမို့
ကိုယ်အမြှီးပြန် အစာလုပ်မြိုချလိုက်တယ်

ရန်ကုန်ဆိုတာ
အမြဲတမ်း အိမ်ရှင်နိုင်ငံတွေ ခြေစစ်ပွဲရှုံးတယ်
ချစ်ကြည်ရေးဖိတ်ခေါ်ပွဲဆို တစ်ဘက်အသင်းကမလာဘူး
အဝေးကွင်းမှာ ခြေစွာရတာ
ဘယ်လောက် အသဲနာဖို့ကောင်းလိုက်သလဲလို့....။...။

ကျော်ထူး