Wednesday, December 31, 2008

နှစ်ကူးသီချင်း


ငါတို့စီးဆင်းလာကြတယ်

ကမ္ဘာကြီးကလည်း ဘာမှန်းညာမှန်းမသိ

နှစ်သစ်တွေကူးလို့

ငါကလည်းနည်းနည်းပါးပါးမူးနေတယ်

ဆိုပါတော့

ကိုအောင်ပေါ်ထွန်း၊ ကိုသူရ၊

ဗညားကမ်းခြေ၊ မောင်လွင်ပြင်၊

ထက်ခေါင်လင်းနဲ့ ငါ

၁၉ လမ်းက တရုတ်ကြီးဆိုင်မှာထိုင်ရင်း

သူငယ်ချင်းတွေက

စကော့တလန်ကိုမသွားချင်ပဲ

ဝီစကီကိုသောက်ချင်ကြတယ်

ငါကလည်း မြန်မာဘီယာနဲ့ ၂၀၀၈ ကိုမျောချတယ်

ငါ့သူငယ်ချင်း ကိုဖြိုးကို

ရုံးပတီသီးလို့ခေါ်တဲ့သူငယ်ချင်းနဲ့တွေ့တော့

သူလည်း ငါလို့ပဲ

နှစ်တစ်နှစ်ကို

မြန်မာဘီယာနဲ့မျောချနေခဲ့

ငါတို့ရင်မောရတဲ့နေ့တွေအကြောင်းမပြောကြေး

အက်ဆေးကောင်းကောင်းတစ်ပုဒ်အတွက်

ငါ့ကို သူငယ်ချင်းတွေက ၂၀၀၉ကိုဆက်နေဖို့

တိုက်တွန်းတယ်…

ငါ့ အမူးသမားကဗျာကို

ဗညားကမ်းခြေကရွတ်လို့

နိုဝင်ဘာကဗျာကို ကိုသူရက၂၀၀၈လက်ဆောင်လို

အမှတ်တရယူသွားတယ်..

ကိုအောင်ပေါ်ထွန်းကို

အင်စတော်လေးရှင်းဝါကျများကို

ကိုအောင်ပေါ်ထွန်းကိုရွတ်ပြရင်း

နေခဲ့တော့ ၂၀၀၈ ရေ

မုန်တိုင်း၊ ငလျင်နဲ့ အကြမ်းဖက်ဝါဒကို

ငါ့တို့ ကမ္ဘာက အပြီးတိုင်သယ်ပြီး

မင်းထွက်သွားပါတော့…

၂၀၀၉ မှာ စီးပွားမဖြစ်တောင်

ငါတို့ငြိမ်းငြိမ်းချမ်းချမ်းနေရစ်မယ်….။

မိုးလှိုင်ည

7 comments:

  1. နှစ်ကူးသီချင်းကို တူတူဆိုသွားတယ် ကိုမိုးလှိုင်ရေ… ၂၀၀၉ မှာ တကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပါတယ်…
    ဒါနဲ့ နှစ်ကူးမှာ နည်းနည်းပဲ မူးနော် :P

    ReplyDelete
  2. နှစ်ကူးသီချင်းကို အကျယ်ကြီး အော်ဆိုသွားတယ် ကိုမိုးလှိုင်ရေ

    ၂၀၀၉ မှာ စီးပွားမဖြစ်ရင်တောင်
    ငါတို့ ငြိမ်းငြိမ်းချမ်းချမ်းနေပါရစေလို့ ...

    နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

    ReplyDelete
  3. နှစ်ကူးသီချင်းကို အတူတူဆိုပြီး ကခုန်သွားတယ်
    ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ မိုးလှိုင်ည

    ReplyDelete
  4. "When you're lonely, I wish you Love!
    When you're down, I wish you Joy!
    When you're troubled, I wish you Peace!
    When things seem empty, I wish you Hope!
    Have a Happy New Year!"

    ReplyDelete
  5. နှစ်ကူးကဗျာလေး ဖတ်သွားတယ်ညီရေ။ နောက်ဆုံးအပိုဒ်လေးကို အခိုက်ဆုံးပဲ။

    ReplyDelete
  6. နေခဲ့တော့ ၂၀၀၈ ရေ

    မုန်တိုင်း၊ ငလျင်နဲ့ အကြမ်းဖက်ဝါဒကို

    ငါ့တို့ ကမ္ဘာက အပြီးတိုင်သယ်ပြီး

    မင်းထွက်သွားပါတော့…

    ၂၀၀၉ မှာ စီးပွားမဖြစ်တောင်

    ငါတို့ငြိမ်းငြိမ်းချမ်းချမ်းနေရစ်မယ်….။



    ဒီအပုဒ်လေးက အမိုက်ဆုံးနော်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...