Sunday, January 22, 2012

ငါ့ ကိုယ် ငါ ငြီးငွေဖို့ မလွယ်ဘူး…။

ငါ့ကိုယ်ငါ ငြီးငွေ့ဖို့

ငါက.. ခွင့်မပြုဘူး

အဲဒီတော့ .. ငါ့မှာ

မငြီးငွေ့တတ်တော့တဲ့

ငြီးငွေ့ဖွယ် အစွဲအလန်း

လောကဟာ

ငြိတွယ်ဖွယ် အညစ်အထေးတွေနဲ့

ငါတွေက

နွံ့မှာလူးတဲ့ ကျွဲလို

ချေးမှာ ပျော်တဲ့ လောက်လို

ရေဆိုးရေညစ်မှာ ကူးတဲ့ပိုးလောက်လန်းလို

ငါ့မှာ ရန်သူတွေကိုစွဲလန်းရ

မိတ်ဆွေတွေကိုလည်း ငြိတွယ်ရ

ဒုက္ခကိုလည်း ခင်တွယ်

သုခကိုလည်း အယုံလွယ်နဲ့

ငါ့မှာ ငါတွေနဲ့ ငါ့ကိုမျှားတယ်

ငါ့ ကိုယ် ငါ ငြီးငွေဖို့ မလွယ်ဘူး…။


မိုးလှိုင်ည

Thursday, January 19, 2012

သံပြိုင်ဂီတ


မျက်လုံးပိတ်
သံပြိုင်ဆဲလည်း
အုပ်စုဆိုတဲ့စကားအရ အများဆန္ဒတော့ ဖြစ်မယ်။

ဒါပေမဲ့

ရိုင်းစိုင်းကြတာလား
ကိုင်းရှိုင်းကြတာလား
တို့ နိုင်ငံရေးမှာ
ထိလို့မရတဲ့ ဘုရားတွေရယ်
ညှိလို့မရတဲ့ ငဖားတွေရယ် များတယ်။

(ကောင်းကင်ကို)

http://kaungkinko.blogspot.com

Tuesday, January 10, 2012

လိပ်ပြာ ၂

ကျွန်တော့် အဆုတ်က

သူတစ်ပါးနှာခေါင်းနဲ့ အသက်ရှုမကောင်းချင်ဘူး။


ကျွန်တော့်ဦးနှောက်က

သူတစ်ပါး အတွေးအခေါ်နဲ့ လူလားမမြောက်ချင်ဘူး။


ကျွန်တော့်နှလုံးသားက

သူတစ်ပါးမျက်ရည်နဲ့ အသက်မရှည်ချင်ဘူး


ကျွန်တော့်နှုတ်ခမ်းက

သူတစ်ပါးသံစဉ်နဲ့ တေးမသီချင်ဘူး။


ကျွန်တော်မျက်နှာက

သူတစ်ပါးအေးရိပ်နဲ့ ချွေးမသိပ်ချင်ဘူး။

ကျွန်တော့်လက်ဖျံရိုးတွေက

သူတစ်ပါးပင်စည်နဲ့ မစည်ပင်ချင်ဘူး



ပြီးတော့…

အသက်တစ်ရာမနေရလည်း

အခက်တစ်ကုဋေမက ပွေရမယ့်ဘ၀မှာ

ဟောဒီ… ကျွန်တော့်လိပ်ပြာက

(ကိုယ်ကောင်းမှ ကိုယ်စံ ကိုယ်ညံ့ရင် ကိုယ်ခံ)

သူတစ်ပါး ကံကြမ္မာနဲ့ ဘယ်တော့မှ ကြွေအန်မကစားဘူး ။


မောင်ခင်မှိုင်း (ချောက်)

ဒီဇင်ဘာ၊ ၂၀၀၉၊ ရနံ့သစ်မဂ္ဂဇင်း

Saturday, January 7, 2012

ဆည်းဆာ

နေ၀င်ချိန်က လှတယ်

ဘေးနားက သူငယ်ချင်းစကားက

ဘာအဆင်တန်ဆာမှ မပါဘူး…

သောင်တင်နေတဲ့ လှေတစ်စီးရဲ့ ဦးမှာထိုင်ပြီး

နေ၀င်ချိန်ကို ထိုင်ငေးနေကြတာ…

ငါတို့ ပင်လယ်နဲ့ ဘယ်လောက်လိုသေးလည်း

ရေတက်ရေကျတွေ လဆုတ်လဆန်း….

ရေနွေးကြမ်းနဲ့ ခေါင်းထဲပေါ်လာတဲ့ အတွေးတွေကို

နှစ်သိမ့်လိုက်တယ်…

သောင်တင်နေချိန်မှာ နေ၀င်ချိန်လှတာကိုပဲ

ခံစားပေါ့…

အခုထက်ထိတော့ နေ၀င်ချိန်လှတာကိုပဲ

ယိုးမယ်ဖွဲ့လျှောက်တွေးနေတယ်…

ဘ၀မှာ လှတပတနေ၀င်ချိန်တွေနဲ့ ကိုယ်က

လုံလုံလောက်လောက် ကြုံဆုံဖူးလို့လား..

အခု စီးဆင်းသွားတဲ့ အချိန်အတိုင်းမျောချလိုက်တယ်..

စိတ်ရောင်စုံတိမ်တွေကြား…။


မိုးလှိုင်ည

Saturday, December 17, 2011

December 31


ကျွမ်းသွားတဲ့ မီးသီးတစ်လုံးလို့

၂၀၁၁ ဆိုတဲ့ ခရစ်နှစ်ပြက္ခဒိန်တွေလည်း

မလင်းလက်နိုင်တော့…

မနက်ဖြန် ပြောင်းသွားမယ့်နှစ်တစ်နှစ်

မနေ့ကတော့ကျန်ခဲ့တဲ့နှစ်တစ်နှစ်….

ငယ်ငယ်ကဆို

မျှော်လင့်ချက်တွေ အသစ်ဖြစ်မိတယ်

နောက်လာမယ့်နှစ်မှာ ပိုကောင်းအောင်နေမယ်

တကယ်တော့ အဲလိုတစ်နှစ်ပြီးတစ်နှစ်ပေါ့

ဘယ်မှာ ပိုကောင်းလာလို့လည်း…

ကိုယ့်အကြောင်းနဲ့ကိုယ်မှ…

နှစ်ကာလတွေ ခေတ်စနစ်တွေမကောင်းတာလို့

တရားခံရှာမိတယ်…

ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး ဒြပ်မဲ့ အရာတွေပေါ်

အပြစ်တင်မိတာ ကိုယ့်အတ္တအတွက်တော့ ထွက်ပေါက်ပဲပေါ့

အခုတော့ နှစ်သစ်ကူးလေညှင်းမှာ

ဘီယာချမ်းတွေ ဈေးကျနေတာကို ၀မ်းသာမိတယ်

နောက်မနက်မှာ ရောက်မယ့် နောက်တစ်နှစ်အတွက်

စိတ်ထဲမှာ ဘာမှမပြင်ဆင်ဖြစ်ဘူး….

လာမယ့်နှစ်လည်း အရင်းအတိုင်းပဲလား…

လွန်ခဲ့တဲ့နှစ်နှစ်ကတော့ ဆိုနီကုမဏီလုပ်လို့

၂၀၁၂ မှာ ကမ္ဘာပျက်မဲ့အကြောင်း စိတ်ဝင်စားမိသေးတယ်

အခုတော့ ပျက်ပျက် မပျက်ပျက်

အားလုံးလည်း စိတ်အေးလက်အေး…

ဒီဇင်ဘာ နောက်ဆုံးညမှ မီးလင်းဖိုနဲ့ နွေးထွေးနေမယ့် လူတွေ

ဝိုင်အရက်တွေနဲ့ ပျော်မြူးနေမယ့် လူတွေ

မီးတွေ လင်းထိန်အောင်ထွန်းပြီး

ကားဟွန်းတွေ အကျယ်ကြီးတီးနေမယ့် လူတွေ

တချို့ကပျော်ကြမှာပါ

တချို့က အော်ကြမှာပါ..

ငယ်ငယ်က ဆို နှစ်တစ်နှစ်စတိုင်း ရွှေတိဂုံကိုတက်ဖူးဖြစ်တယ်

အခုတော့ မရောက်ဖြစ်တာ နှစ်တွေလည်းကြာပြီ

ဒီဇင်ဘာည တွေဟာ တခြားညတွေထက်

နည်းနည်းတော့ ပိုအသက်ဝင်တယ်…

ကောင်းချီးတေးသံတွေ

ဆုတောင်းရေရွတ်သံတွေ

ကျေးဇူးတော်ညစာစားပွဲတွေ

ဖန်ခွက်သံဇွန်းသံ ရယ်သံချိုချိုတွေ

ကမ္ဘာသစ်ကိုကြိုဆိုမယ့်လူတွေနဲ့

နောက်ထပ်လာမယ့် ၂၀၁၂

ကမ္ဘာကြီးက လူဦးရေ သန်း ၇၀၀၀

အဟာရပြည့်ဝတဲ့ အစားအသောက်မရနိုင်တဲ့

လူသန်းတစ်ထောင်…

တစ်နှစ်ကူးလို့မှ မထူးတဲ့ဘ၀တွေနဲ့

ကမ္ဘာကြီးပေါ်မှာ အပျော်အတွေ မုန်းတိုင်းထဲက

ဖယောင်းတိုင်သာသာပေါ့…။

မိုးလှိုင်ည

Thursday, December 8, 2011

ဆောင်းရာသီစောတဲ့ မြို့လေးမှာ နေသာရဲ့လား ဒီဇင်ဘာ…။


ဒီဇင်ဘာ…

မင်းအိမ်ရှေ့လမ်းတွေမှာ နှင်းခဲတွေကြွေနေလား

နှင်းပွင့်တွေဝေနေလား…

ဒီဇင်ဘာ…

လက်ဖ၀ါးတွေအချင်းချင်း

နွေးနွေးထွေးထွေးနှုတ်ဆက်…

ဒီဇင်ဘာ….

တောင်ကုန်းမြင့်မြင့်

ထင်းရူးပင်လွင့်လွင့်…

မွေးမြေက တောင်ခိုးတွေလွင့်လွင့်ဝေေ၀

ဒီဇင်ဘာ…

ကမ္ဘာခြားတဲ့နှလုံးသားတွေကို

ကမ္ဘာပြားတဲ့မေတ္တာတရားဖြစ်အောင်ရေးခြစ်တတ်သူ

ဒီဇင်ဘာ

မေတ္တာတရားရဲ့ အလျားအနံ့ကို

လတ္တီတွစ်၊ လောင်ဂျီတွစ်.. မလွတ်စေတဲ့သူ…

ဒီဇင်ဘာ…

အသက်ရူလိုက်တိုင်း..

နှလုံးခုန်တိုင်း..

ကမ္ဘာကြီးတိမ်းစောင်းတိုင်း

အနူမြူစီမံကိန်းတစ်ခုလို… စိုးရိမ်နေမိတယ်…

ဆောင်းရာသီစောတဲ့မြို့မှာ

နေသာပါ့ရဲ့လား … ဒီဇင်ဘာ…။

မိုးလှိုင်ည


မနိုင်းနိုင်းစနေ မွေးနေ့ အမှတ်တရ..။

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...