၁
ဆယ်အိမ်ခေါင်းခြွှေအရံ၊
နှစ်လုံးပြူးသေနတ်ထမ်းပါလို့။
တောလမ်းကပြန်
လက်စွဲတဲ့ ဥပဒေလှန်
ဟန်ပန်နှင့်လေး။
“ကျေးရွာအက်” အမှုပွေတယ်၊
ဆယ့်နှစ်ထွေသံစုံတီးပါလို့
သူကြီးတဲ့လေး။ ။
၂
လူခွန်တော် အလွတ်ထားလို့၊
ဆယ်အိမ်စားအပိုင်ခြေ။
ကြက်ဝိုင်းဆိုလက်ကိုတို့ပါဗျာ့၊
မူးလို့ရယ်နေ။
ကွမ်းဖိုးငွေ
ဝေစုကွဲရအောင်တောင်း။
ဥပဒေဘာမတတ်သော်လည်း
မှု့ပွေအောင် ရွာကိုပတ်နိုင်ရဲ့
ဘယ်ဇာတ်ဘယ်လိုခင်းလိုက်မယ်၊
မင်းဆယ်အိမ့်ခေါင်း။ ။
၃
သတ္တိဆိုဘာမရှိသော်လည်း
မိုက်ပါဘိငါ့ကိုယ်။
ခွေးမှန်လျှင်လူမမှတ်ပါဘူ့
ရိုက်တတ်သူဗိုလ်၊
မူးတယ်ဟေ့ ရဲရင့်ဆို
“မအေ” ကိုကော်ဆဲ။
လက်ထိပ်ကို အဖော်ထားတယ်၊
တောသားတဲ့ဘဲ..။ ။
ယုံတမ်းစကား
ဤသို့လျှင် ဤသူကြီး၊ဤ ဆယ်အိမ်ခေါင်း ၊ ဤရွာသားတို့သည် စည်ဝါးအံကိုက်၍နေလေသောကြောင့် မြန်မာပြည်ကြီး သည် တစ်နေ့တခြား ကြီးပွား တိုးတက်၍ လာလေသတည်း…။
မောင်ထင်
( မြို့အုပ်မင်းဆို ဘုံရုံကဗျာများမှ) ကူးယူဖော်ပြသည်…။
No comments:
Post a Comment