Saturday, September 4, 2010

တစ်အိမ်လုံးအိပ်နေတဲ့အိမ်

အပေါ်ထပ် ထပ်ခိုးကျဉ်းကျဉ်းလေးမှာ အမေနဲ့ညီမလေး၊ အောက်ထပ်အိပ်ခန်းထဲမှာ စောင်ကိုခြင်ထောင်အပြင်ကန်ထုတ် ထားတဲ့ မောင်လေး၊ ဧည့်ခန်းထဲမှာ အစ်မအကြီးဆုံးပြန်လာချိန်ကိုစောင့်နေရင်းနဲ့ ပက်လက်ကုလားထိုင်ပေါ် သွားရည်တွေ ကျနေတဲ့ အဖေကြီး၊ ပက်လက်ကုလားထိုင်အောက်မှာ အမြီးမှန်းခေါင်းမှန်းမသိအောင်ခွေနေတဲ့ ရွှေဝါ။

ခြေရင်းအိမ်က ကုလားလင်မယားက အာခေါင်ခြစ်ပြီး ရန်ဖြစ်နေတယ်။ ခေါင်းရင်းအိမ်က ၁၀တန်း သုံးခါကျထားတဲ့ ကောင်မလေးက အသံတိမ်ဝင်သွားတဲ့အထိ အော်ကြီးဟစ်ကျယ်စာကျက်နေတယ်။ အဖိုးကြီး အဖွားကြီး ပြန်မလာသေးတဲ့ အပေါ်ထပ်ကကလေးနှစ်ယောက်ကတော့ တဒုန်းဒုန်းနဲ့ မီးကုန်ယမ်းကုန် ပြေးလွှားသောင်းကျန်းနေတယ်။ ရေမော်တာတွေ ဖွင့်ထားတယ်။ လမ်းထိပ်လက်ဖက်ရည်ဆိုင်က အေသင်ချိုဆွေကို ၃၆ ခေါက်ထပ်ဖွင့်တယ်။ လမ်းပေါ်မှာ ကိုးလိုးကန့်လန့် ရပ်ပြီး Taxi တစ်စီးက ကားတံခါးကိုဖွင့်လိုက်တယ်။ လမ်းပိတ်သွားလို့ မကျေနပ်တဲ့ Taxi နောက်ကဆိုက်ကားဆရာက တဂင်ဂင်နဲ့ Bell တီးတယ်။ ဆိုက်ကားနောက်က ၄၃ ဘတ်စ်ကားဆရာက ဒေါသနဲ့ ဟွန်းကိုဖိချလိုက်တယ်။ “ပွမ် ပွမ်”။ ကားကြီးဟွန်းသံကြောင့် မုဒ်အောက်သွားတဲ့ အပေါ်ထပ်ရဲ့အပေါ်ထပ်မှ ဂစ်တာတီးနေတဲ့ ကောင်လေးက တောက်ခေါက်လိုက်တယ်။ ဂစ်တာတီးနေတဲ့ ကောင်လေးရဲ့ခြေရင်းခန်းက အဖွားကြီးက ကားဟွန်းသံကြောင့် ဘာရယ်မဟုတ်ပဲ လမ်းထိပ်ကိုခေါင်းထုတ်ပြီးစပ်စုတယ်။ ကားကြီးရဲ့ဟွန်းသံကြောင့်ပဲ ရန်ဖြစ်နေတဲ့လင်မယားအပေါ်ထပ် က ညားကာစဇနီးမောင်နှံတို့ မွေ့ယာပေါ်မှာ ခန္ဓာကိုယ်တွေ ခေတ္တခဏကွာသွားကြတယ်။ ကားဟွန်းသံရပ်သွားပြီး ဘယ်အခန်းကလဲမသိဘူး မော်တာထပ်မောင်းတယ်။ အေသင်ချိုဆွေ ၃၇၊ စာကျက်နေတဲ့ ကောင်မလေးအိမ်ပေါ်ထပ်က ရေမွှေးနံ့ပြင်းပြင်းနဲ့ ကောင်မလေးသုံးယောက်က တံခါးကို ဂျိုင်းကနဲပိတ်လိုက်ပြီး ဒေါက်ဖိနပ်သံတဒေါက်ဒေါက်နဲ့ အောက်ကိုဆင်းလာကြတယ်။ အရက်နံ့ချဉ်ချဉ်စူးစူးနဲ့ သူတို့အပေါ်ထပ်ကိုတက်သွားကြတဲ့ သူတို့နားမလည်တဲ့စာတွေကို ရေးတဲ့ကောင်နှစ်ကောင်ကို နှာခေါင်းရှုံ့လိုက်ကြတယ်။ စာကျက်နေတဲ့ ကောင်မလေးအပေါ်ထပ်ရဲ့ အပေါ်ထပ်က တယ်ရီလာခွေးလေးဟာ သခင်နံ့ကိုရလိုက်လို့ထင်ရဲ့ အသံသေးသေးလေးနဲ့ တဂစ်ဂစ်ဟောင်နေတယ်။

ထပ်ခိုးခန်းလေးထဲမှာ အငယ်မက သူ့အမေကိုခွလိုက်တယ်။ အိပ်ဆဲ။ ခြင်ထောင်ထဲက ကောင်လေးက စောင်တင်မကဘူး လက်ရောခြေထောက်ပါ အပြင်ကိုထွက်နေပြီ။ အိပ်ဆဲ။ “ဖုတ်” ကနဲ အဖေကြီးရဲ့လက်က ပက်လက်ကုလားထိုင်ပေါ်မှ ပြုတ်ကျတယ်။ အိပ်ဆဲ။ ရွှေဝါလေးကတော့ ပုံစံမပျက်ခွေခွေလေး။ အိပ်ဆဲ။ အိပ်မြဲ။ အိပ်လျှက်။

မြေမှုန်လွင်

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...