Pages

Monday, October 29, 2012

(၃၁) ဘုံအတွင်းမှ . . . (၁၃) သို့

တစ်ယောက်ရဲ့
အရေပြား ကို တစ်ယောက်က
ချည်နှောင်ကြရင်း
( အရေပြား တစ်ခြား ၊ လူ တစ်ခြား )
အရေပြားတွေ ကျွတ်ကျကုန်တတ်တာလဲ
သိခဲ့တယ် .. .. .. ၊၊
နှုတ်ခမ်းတွေက အန်နေကြတာ
တရားနဲ့ ဖြေမှ ရမယ့်
မေးခွန်းတွေမှန်းလဲ သိတယ် .. .. .. ၊၊ ၊၊

လွမ်း လို့
သေ သွား ခဲ့ ရင် တောင်
ပျော် မှာ ပဲ တဲ့
အဲ့ဒီ .. .. .. ..
ရေခဲတုံးလေး
ကန္တာရ ဆီ ခရီးထွက်သွားခဲ့တယ် ၊၊ ၊၊




ဇာတိ (Doi)

Sunday, October 28, 2012

မိုက်ရူးရဲ



အဆင်မပြေခဲ့တဲ့ တိမ်စား ရွှေသောက် မိုက်ရူးရဲ
ဝေးသွားတော့မှာ သိလို့ ကြိုပြေးထားတယ် အမှောင်တွေထဲ
သူတို့ငိုမယ်ဆိုရင်တောင် ငါကမသိနိုင်ခဲ့တော့
အတွေးအငွေ့ အတွေ့တွေထဲမှာမွပ်သိပ်ပိတ်နေမိခဲ့ပေါ့
သိတယ် သိတယ် အေးသွေးစက်အေးစက်လမ်းများ
ကျောရိုးထဲကိုထိုးစိုက် ရက်စက်ခဲ့တဲ့ဓါးသွား
တားမြစ်ခြင်းထားရစ်ခြင်း တွေဝေရီဝေစည်းချက်
ထက်မြက်ခဲ့တဲ့ အမျက်ထွက် ပညာရှိရဲ့ လှည့်ကွက်
အဆိပ်တုံးစားမိခဲ့တဲ့ လမ်းဘေးမြောင်းအောက် ခွေးများ
အရင်တုန်းကဦးလှထွတ်ရဲ့ သီးချင်းလေးတစ်ပုဒ်လိုပါပဲ
စိတ္တဇညများကုန်ဆုံးလွန်မြောက်ပါစေကွယ်

၁- ၂- ၃
၎ ဆိုတဲ့ နံပါတ်တစ်ခုဦးခေါင်းခွံထဲမှာလိပ်ပြာတစ်ကောင်လို
တောင်ပံတွေတဖျတ်ဖျတ်ခပ် တံလျှပ်လိုဒဏ်ရာတွေပြို
ကျဆုံးခြင်းတွေမျိုချ အလိုမကျတဲ့ ပန်းခင်းထဲမှာ
စနစ်တကျဖြစ်တည်နေတာကွက်လပ်အပွင့်တွေသန်းပေါင်းများစွာ
ရွှေမင်းသားလေးချီးပန်းတဲ့အထာအိညောင်အိညောင် မနေတတ်တော့
နားလည်မှုတွေ လွဲခွင့်ရှိကြောင်းနားမလည်ဘူးလို့ ငြင်းလိုက်ဦးပေါ့
လာမရှုပ်နဲ့ လုပ်မိလိမ့်မယ် ၃- ၀ - ၂
ကောင်းကင်ထက်က ငါ့အတွက် ကြွေဆင်းလာမယ့်ကြယ်တွေ ဘေးဖယ်
ရန်ကုန် ရန်ကုန် ဟေးးး ပြန်ဆုံချင်ပါသေးတယ်
ငယ်ငယ်တုန်းက ကြားဖူးတဲ့ သီချင်းလေးတစ်ပုဒ်လိုပါပဲ
စိတ္တဇညများကုန်ဆုံးလွန်မြောက်ပါစေကွယ်….


ငါ့ကို ငါ လိမ်ပြောနောက်ရက်ကျရင် ကောင်းသွားလိမ့်မယ်
ငါ့ကို ငါ သစ္စာဖောက် နောက်ဆုံးတစ်ခေါက်ရောက်ရင် သတ္တိရှိမယ်

သန္ဒေသားလေးဘ၀ အမိုးဗိုက်ထဲမှာနေခဲ့တုန်းက
ကြည်နူးမိတယ် ကမ္ဘာကြီးရယ် နွေးထွေးခြင်းတွေ စောင့်ကြိုနေမယ်
ကောင်းလိုက်တဲ့ ငါ့ရဲ့ကံမိုးပေါ်အပ် မြေကြီးအပ်
ထိပ်ချင်းထပ်ခဲ့တာထက် ပိုခက်ခဲ့ရတယ် ဆိုပဲ
ရင်ခုန်လို့မှ မဆုံးသေးခင် လည်ပင်းထက်ကိုရစ်ပတ်
အင်ဘီလစ်ကယ် ကောဒ့်ရဲ့ နှုတ်ဆက်အသက်ရူခပ်ကြပ်ကြပ်
ပထမဆုံးဝင်သက် မတိုင်မီထဲကရုန်းခဲ့ရပြီး
ထွန်းညှိကျွမ်းညှော်ပေါက်ထွက်ခဲ့တ့ စိတ်ဓါတ်လျှပ်စစ်မီးသီး
မျှော်လင့်ချက်တွေကန်ပြီရှေ့မဆက်ချင်ခြင်းရဲ့နောက်ကွယ်
အ၀င်ကို မရွေးခဲ့ပေမယ့် အထွက်ကိုတော့ ရွေးချင်သေးတယ်
ငယ်ငယ်တုန်းက ကြားဖူးတဲ့ သီးချင်းလေးတစ်ပုဒ်လိုပါပဲ…..
----------

ကောက်ရိုးမီး


အသံဖိုင်- မိုက်ရူးရဲ

Tuesday, October 16, 2012

ဘ၀-၁


လွယ်လွယ်လေးပဲလား
ခက်ခက်ကြီးပဲလား…
လောကဓံဟာ ဘ၀မှာ အမြည်းမရတဲ့
တခွန်းဈေး။

မိုးလှိုင်ည

Saturday, October 6, 2012

ကဗျာဆရာအကြောင်း သုတေသန

ကဗျာဆရာ ဆိုတာ နိုင်ငံရေးသမား မဟုတ်၊ နိုင်ငံ့အရေးကို စိတ်ဝင်စားတယ်။ ကဗျာဆရာဟာ ဒဿနဆရာမဟုတ် တွေးခေါ်တယ်။ ကဗျာဆရာဟာ တရားဟောဆရာမဟုတ် စာမျက်နှာပေါ်ကနေ အမြဲပြောကြားနေတယ်။ ကဗျာဆရာဟာ လူရွှင်တော်မဟုတ် သင့်ကို ပြုံးရွှင်ရယ်မောစေဖို့ ကြိုးစားတယ်။ ကဗျာဆရာ ဟာ နတ်ဟောဆရာ မဟုတ် အနာဂတ်ကို ကြိုတင်ပြောတယ်။ ကဗျာဆရာဟာ ဥပဒေပညာရှင် မဟုတ် တရားမျှတမှုကို ဆောင်ကြဉ်းတယ်။ ကဗျာဆရာဟာ သူတော်စင်မဟုတ် သူ့ရင်ထဲရှိတာကို အရိုးဖြောင့်ဆုံးထုတ်ဖော်တယ်။

ဈေးတန်းထဲက ဗယာကြော်ကလေး ဘာကြောင့်သေးသွားလဲလို့ ကဗျာဆရာက သတိထားကြည့်နေတယ်။ မိုးချုပ်တဲ့ အထိ ညစာမကျက်သေးတဲ့ မိသားတစ်စုအကြောင်းကို ကဗျာဆရာက ပြောပြဖို့ ကြိုးစားပါတယ်။ ငွေရေတွက်စက်တွေ တ၀ီဝီလည်နေချိန်မှာ ငွေစက္ကူအနွမ်းကလေး တစ်ရွက်ကို ကော်နဲ့ကပ်ဖို့ ကြိုးစားနေတာ ကဗျာဆရာပေါ့။ နေမင်းကြီး အရှေ့ဘက်အရပ်ဒေသဆီက ထွက်ပေါ်လာခဲ့ပြီဆိုရင် ကျေနပ်နေမိသူမှာ ကဗျာဆရာဖြစ်ပါတယ်။ ကဗျာဆရာလား သူ့အခန်းကလေးထဲက မထွက်တာ ရက်အတန်ကြာပါပြီ။


နေမျိုး
(အမှတ် - ၄၆၊ ၂၀၁၂  အောက်တိုဘာ၊ ရနံ့သစ်)

Tuesday, October 2, 2012

မေမေ့ ကို ဘယ်တော့မှ မမေ့ဘူး..။

 

ဒီစာအုပ်လေးကို Synergy က ကိုသုတက ကျွန်တော့်အတွက် လက်ဆောင် ဆိုပြီးတစ်အုပ်ပေးလိုက်တယ်။ မျက်နှာဖုံးလေးက ဆွဲဆောင်မှု အားကောင်းတယ် အဘွားအိုတစ်ယောက်က လူလတ်ပိုင်းတစ်ယောက်နဲ့ ကမ်းခြေမှ လမ်းလျှောက်နေတာလည်း ဓါတ်ပုံလေးက အားကောင်းတယ်လို့ စဉ်းစားမိနေတုန်း… မနိုင်းနိုင်းစနေရဲ့ အမေ့အတွက်စာ ဆိုတော့ ထုံးစံအတိုင်းပဲ ရိုးရိုးရှင်းရှင်းရေးဟန်နဲ့ သူ အင်တာနက်ပေါ်က ကောင်းနိုးရာရာလေးတွေ စုရေးထားမှာလို့ ထင်မိတယ် … သူပထမဆုံး စာအုပ် အမေ့လက်ရေးကို ကျွန်တော်စီစဉ်တာဆိုတော့ သူ့ရေးဟန်ကို အလွတ်နီးပါးရနေပြီ...။ သူ့စာတစ်ပုဒ်တိုင်းကို ကျွန်တော် အကြိမ်၂၀မက ဖတ်ဖူးတော့ စိတ်ထဲ သိပ်လှုပ်လှုပ်ခတ်ခတ် မဖြစ်မိဘူး…။ နောက်ပိုင်း မနိုင်းနိုင်းစနေ စာအရေးအသားတွေ ပိုကောင်းလာတယ် ဆိုတာတော့ သတိထားမိတယ်..။ ဆိပ်ကမ်းသာလမ်းနဲ့ ၃၈ လမ်းထောင့်က မွန်းဘာကရီမှာ သူငယ်ချင်း တစ်ယောက်နဲ့ချိန်းထားလို့ ထိုင်စောင့်နေရင်း စာအုပ်ကို လှန်ကြည့်မိတယ် အတွင်းဖုံးထဲက အမှာစာကနေ စဆွဲဆောင်တော့တာပဲ… ကိုရီးယား စာရေးဆရာ တစ်ယောက်ရဲ့စာတဲ့ အုပ်ရေ သန်းနဲ့ချီရောင်းရတဲ့ အပြင် နိုင်ငံခြားဘာသာစကားတွေကိုလည်း ပြန်ဆိုနေတဲ့စာဆိုတော့ နည်းနည်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားတယ်…။ ခေါင်းထဲမှာ စဉ်းစားမိသမျှ ကိုရီးယားတစ်ယောက်ယောက် ရေးတဲ့စာကို ကိုယ်တစ်ခါမှ မဖတ်မိခဲ့ဖူးဆိုတာပဲ.။ တရုတ်စာပေ အရှေတိုင်းစာပေတွေ အနောက်တိုင်းစာပေ အမေရိကန်စာပေ ဘာသာပြန် စာပေ တော်တော်များများ ဖတ်ဖူးပေမယ့် ကိုရီးယားစာအုပ်တစ်အုပ် ဘာသာပြန်တာကို ဒါပထမဆုံးဖတ်မိတာပါ..။ စာအုပ်ထဲက အကြောင်းအရာတွေ ပြန်ရေးပြချင်ပေမယ့်…။ သူ့စကားလုံးတွေ စာသားတွေ ခံစားဖန်တီးနိုင်မှုအားတွေကို ပြန်လည်ဖော်ပြနိုင်ဖို့ ကျွန်တော့်ဝါကျတွေက စွမ်းနိုင်မှာ မဟုတ်ပါဘူး..။ စာအုပ်ကို စလှန်လိုက်ကတည်းက စာမျက်နှာငါးဆယ်အထိ တစ်ဆက်တည်းခေါ်သွားပါတယ်…။ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီက အေးစက်ငြိမ်သက်သွားတယ် စီးကရက်ကပြာတောင့်ရှည်ကြီးတွေနဲ့ ဆေးလိပ်ခွက်ထဲမှာသေဆုံးသွားတယ် စာအုပ်ကြားထဲ ကျွန်တော် လိပ်စာကဒ်လေးညှပ်ပြီး မျက်တောင်ကိုပင့်ယူ လိုက်ချိန်မှာ ဒီစာအုပ်ပြီးသွားမှာကိုတောင် နှမြောတဲ့စိတ် အလိုလို ၀င်လာပါတယ်…။  လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ပြောရရင် စာအုပ်က အတော်ကောင်းပါတယ်..။ သားသမီးဖြစ်ဖူး သူတိုင်း မိဘဖြစ်မယ့်သူတိုင်း ၀ယ်ယူထားသင့်တဲ့ လက်ဆင့်ကမ်းပေးဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပါ..။ ဒီစာအုပ်အတွက် မူရင်းရေးသားသူ Kyung – Sook Shin နဲ့ မကြီး နိုင်းနိုင်းစနေ၊ Synergy မှ ကိုသုတ တို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း…။

( စာကြွင်း… ကျွန်တော်နဲ့ အမေနဲ့တော့ သိပ်မတည့်ပါ... အမေ့အတွက် ကျွန်တော်ဟာ လူဆိုးကြီး ဖြစ်နေပါတယ်..။ ဒါပေမယ့် အင်တာနက်ပေါ်မှာ လူကြိုက်များတဲ့ စာသားတစ်ခုလိုပါပဲ… လူဆိုးတွေလည်း တိုးတိုးလေး လိမ်မာခဲ့မှာပဲ အမေ။)

ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည


လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ

-->


နက်ဖြန်ခါကို ငါတို့ဘယ်လိုပိုင်မလဲ
လွှသွားများ သစ်ပင်ကိုဖြတ်တယ်
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ
ပန်းတွေလည်း မပွင့်နိုင်တော့
ဝတ်မှုန်တွေလည်း မကူးတော့
ကျေးငှက်တွေ တေးမဆိုတော့
မြက်ခင်းတွေ မစိမ်းလန်းတော့
လူတွေဟာ အရပ်ပုလာ
အကြောရောဂါနဲ့ ခေါင်းတွေဟာ တဆတ်ဆတ်ညိမ့်တတ်လာ
လွမ်းတဲ့အခါ သတိရစရာ မိုနာလီဇာမရှိ
ကိုယ့်ကိုကိုယ် နားရွက်ဖြတ်မယ့် ဗင်းဆင့်လည်း မရှိ
မီးကိုခိုးယူပေးသူ ပရိုမီးသီးယပ်မရှိ
ပရိုမီးသီးယပ်ကို ကယ်တင်သူ ဟာကျူလီမရှိ
ပုခုံးနဲ့ထမ်းပေးမယ့် အက်တလတ်မရှိ
လက်တစ်ချက်လှုပ်တိုင်း လူတွေကို ရင်သပ်ရှုမောစေတဲ့ တိုက်ဂါးဝုဒ်လည်းမရှိ
ရင်ကိုကော့ပေးရဲသူ ဦးဘိုးလှိုင်မရှိ
ကျွဲရဲ့ကျောပေါ်က မှက်ရဲကြီး ဆိုကရေးတီးလည်း မရှိ
မယ်စကြာဝဠာမရှိ
အိုင်းစတိုင်းမရှိ
ချိုက်ကောစကီးလည်းမရှိ
အမှောင်ကြောက်တဲ့ အက်ဒီဆင်မရှိ
တောပုန်းကြီး ရော်ဘင်ဟုမရှိ
ဒီလူတွေ မရှိတာ ကြာခဲ့ပြီပဲ
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ။


N. လက်ဆင်း
03 March, 2009