Pages

Thursday, September 29, 2011

လွမ်းမိတဲ့အခါ မလွမ်းမိအောင် ငါ့ကိုယ့်ငါ လှောင်ရယ်ရတယ်..။

လွမ်းမိတဲ့ စာသားတွေ ချရေးတိုင်း ..

ငါအတွေးတွေကို ငါပြုံးတယ်

လောကကြီးက လှောင်ရယ်နေတုန်း

လွမ်းလောက်စရာတွေကို မလွမ်းတာ လူမပီသဘူး

မလွမ်းလောက်တဲ့ ငါ့ကိုယ့်ငါအတွက်

တစ်ခါတစ်လေသနားတယ် တစ်ခါတစ်လေဟားတယ်

လေလွင့်ရွက်ကြွေတွေလို့…

တစ်ယောက်ယောက်ဖိနင်းလိုက်လိုက်တဲ့အခါ..

တဖျောက်ဖျောက် အသံစိမ်းလေးတစ်ချက်လောက်ပဲ

တဖြည်းဖြည်းပေါ့ ကောင်းကင်နဲ့မြေကြီးကြားမှာ

ခံစားမှုတွေလုံးပါးပါးတယ်…

မရယ်တတ်မငိုတတ်နဲ့…

အူတူတူ စာဖတ်နေတဲ့လူတစ်ယောက်ဟာငါပါ

လွမ်းမိတဲ့စာသားတွေရေးမိတိုင်း

လွမ်းမိတဲ့စာသားတွေဖတ်မိတိုင်း

ငါလှောင်ရယ်သံတွေကြားတယ်…

လေပူဖောင်းတွေရဲ့သက်တမ်းလို့

လူတွေလွမ်းတယ်ဆိုတာ ဘယ်လောက်ခံမှာလည်းလို့…

ကာလပေါ် အာသီသတွေကြားမှာ

ပရိုမိုးရှင်းချတဲ့ လေယာဉ်လက်မှတ်လေးဝယ်လိုက်

လူ့အခွင့်အရေး သဘာဝပါတ်ဝန်းကျင်

ရှားပါးတိရစ္ဆာန်မသတ်ဖြတ်ရေးတွေမှာ လက်မှတ်ထိုးလိုက်

ကန့်ကွက်လိုက် ထောက်ခံလိုက် ကြားနေပေးလိုက်

အပျော်ခရီးလေးထွက်လိုက် …

မေ့မေ့ပျောက်ပျောက် စစ်ပွဲအကြောင်းရုပ်ရှင်တွေကြည့်ုလိုက်

အာဖရိက အရေးအခင်းတွေကို သည်းထိတ်ရင်ဖိုဇာတ်ကားဆိုပြီး

ဆိုဖာအထူကြီးပေါ်ကနေ ပေါက်ပေါက်ဆုပ်လေးစားရင်စာနာလိုက်ပေါ့

လွမ်းမိတဲ့အခါ မလွမ်းအောင်ကြိုးစားတယ်…

မလွမ်းပဲ ၀မ်းနည်းနေမိတဲ့အခါ….

လွမ်းတဲ့အကြောင်းရေးမိတဲ့ စာသားအတွက်….


မိုးလှိုင်ည

ကျွန်တော်သာ တိုးရစ် တစ်ယောက်ဆို အဲဒီနေရာလေးကို ပြန်လာမယ်...။


စကျင်ကျောက် ကျောမှီခုံတန်းကွေးလေးတွေက

မြင်ရရုံနဲ့ အေးချမ်းစရာ

ညနေက ခရမ်းပြာရောင်လင်းပွင့်နေတယ်

စကျင်ကျောက်ပြားခုံဝိုင်းလေးပေါ်မှာ

ချောကလက်တွေ အီချိုနေတတ်ပြီး

အကြွေတွေအများကို သကြားလုံးတွေနဲ့လဲပေးထားတာ

နောက်ကျောက ရေတံခွန်လေးမှာ

အပြာရောင်နဲ့ ပန်းရောင်မီးတန်းလေးတွေဖြာဆင်းနေတယ်

ပန်းကလေးတွေ အိပ်မက်နေတဲ့ ရယ်သံချိုချိုထဲ

ဥယျာဉ်ထဲက လိပ်ပြာလေးတွေ တစ်ရေးနိုးနေမလား

အဲဒီတုန်းက လူတစ်ယောက်နဲ့ စကားပြောရတာ

ကြယ်တံခွန်နဲ့စကားလက်ဆုံကြရသလို

စကြာင်္ဝဠာအနှံ့အပြားကို ဝေးသွားလိုက်နီးသွားလိုက်

ပါမောက္ခတစ်ယောက်လို ခင်ဗျားမျက်မှန်ပေါ်ကနေ

ခဏခဏကျော်မကြည့်ပါနဲ့ဗျာ ဆိုတော့ သူမကရယ်တယ်...

ပြင်သစ်ကော်ဖီမှာ အရှေ့အိန္ဒိယက မဆလာခတ်ထားတော့

သောက်ရင်းနဲ့ပြိုင်တူပြုံးမိကြတယ်...

ကျွန်တော် တိုးရစ်တစ်ယောက် ဆိုရင်တော့

အဲဒီနေရာလေးကို ခဏခဏပြန်လာမယ်....

အခုတော့လည်း မရောက်ဖြစ်တာကြာပေါ့

ရင်ထဲက ၀တ်ရည်ချိုတွေအတွက်

လိပ်ပြာလေးလည်းမရှိတော့လေ...။

မိုးလှိုင်ည

Thursday, September 22, 2011

ဒါပါပဲ ဘ၀ဆိုတာ

လူ့ဘ၀က အန္တရာယ်များပြီးသားပဲ

ငါနားမလည် နိုင်သေးခင်…

ဗုံးပေါက်မှ ကြောက်ရ ဆည်ဆောက်မှာကြောက်ရ

စစ်အာဏာသိမ်းမှာ ကြောက်ရ

လယ်တွေသိမ်းမှာ ကြောက်ရ

ဆန်ဟာ ဘယ်ကရလည်း

ပေါင်မုန့်ဟာ ဘယ်ကရလည်း

ဘာမှမရှိလည်း

အန္တရာယ်ရှိနှင့်ပြီးသား…

ဒါမျိုး ခဏခဏ ကြောက်နေရလည်း

သံသရာရွာရိုးကိုးပေါက် လျှောက်သွားမိခဲ့…။

မိုးလှိုင်ည

ယန်စီမြစ်မှာ ရေနစ်ခြင်း

ကိစ္စမရှိဘူး

ဧရာဝတီမရှိလည်း

နွားခြေရာခွက်တွေထဲမှာ

ရေတွေရှိသေးသတဲ့……

အဲဒီခြေရာခွက်ထဲ

ရေတွေခမ်းသွားတော့ရော

ဘာအရေးလဲ

မထူးဇာတ်နဲ့

မေရီအင်တွိုင်းနက်စကတ်နဲ့

ကြပ်ပြေးဆိုတဲ့အရပ်မှာ

မြန်မာပြည်ရဲ့သမိုင်းကိုရေဆေးဖို့

လည်ချောင်းသွေးတွေရှိတယ်။

ကေမင်းထင်

(၁၂။ စက်တင်ဘာ။ ၂၀၁၁)

--

Wednesday, September 21, 2011

အပြာရောင် ကျိန်စာ

အလွမ်းရယ် မပြေနိုင်ဘူး

အပြာရောင်ညကို ဂီတာသံတွေကြားတယ်

နံရံဟာ ညမီးရောင် မှိန်ဖျော့ဖျော့လေးလှလို့

မင်းအိပ်မက်တွေမှာ

ဂျစ်ပဆီကောင်လေး တစ်ယောက်အကြောင်းပါလား

ရန်ကုန်မြို့ပေါ်ကလေ

ဂျင်းဘောင်းဘီအပြာရောင်နဲ့

ဂျစ်တစ်တစ်ကန်တန်တန်ကောင်လေး

အားနာတတ်တယ် ဘယ်တော့မှမပြုံးပြတတ်ဘူး

မင်းစကားနဲ့ပြောရင် အမြင်ကတ်စရာပဲ

သူက …

တစ်ခါတစ်လေ ကဗျာရေးတယ်လား..

ဘယ်တော့မှ အနုပညာမဆန်တဲ့ အထာနဲ့

အပြာရောင်တိမ်တွေကို လှမ်းလှမ်းငေး

စီးကရက်မီးလေးခြွေလိုက်သလို

ကိုယ့်ဘ၀ကိုယ် ပြတ်သလိုနဲ့

အလွမ်းနဲ့ထောင်ချောက်မိဆဲ

သူ့နှလုံးသားကို သာကောင်လိုလိုက်ဖမ်း

ဒါဟာ…

မပြန်နိုင်မယ့် မြစ်တစ်ခုကို ဆန်တက်မိသလိုမျိုး…

စကားလုံး အဆန်းတွေ ၀ါကျအသစ်တွေ

ချစ်ခြင်းဖွဲ့ပဲ….

သံသရာတစ်ခုစာ ၀ဋ်လည်ခဲ့ပေါ့…။

မိုးလှိုင်ည