Wednesday, July 3, 2013

ငယ်ငယ်ကငါတို့လို…




ငယ်ငယ်က ငါတို့လို
ငယ်ငယ်က ငါတို့မဟုတ်တော့ဘူး…
ငါတို့ပြန်ပြန်မငယ်တော့
ငါတို့ငယ်ငယ်ကလို အိမ်မက်မမက်
ငယ်ငယ်ငါတို့လို ငါတို့စိတ်ကူးမယဉ်တော့
ငါတို့ … မရင့်ကျက်ခဲ့ရင်နေ
ငါတို့ နုပျိုမနေတော့ဘူး…
ငယ်ငယ်က ငါတို့မှာ ကိုယ်အတွက်ကိုယ် စိတ်မပူတတ်သေး
ငါတို့ငယ်ငယ်က သီချင်းတွေဆို ကဗျာတွေရေး စာအုပ်တွေဖတ်
ငယ်ငယ်က ငါတို့မှာ အရာရာတက်ကြွ
အခုငါတို့မှာ နောက်များမှပေါ့လေ အခုမှမအားသေးတာ
ငါတို့ငယ်ငယ်က စဉ်းစားလိုက်တိုင်းဖြစ်တယ်
အခုငါတို့မငယ်တော့ နေ့ရွေ့ညရွေ့ ဆင်ခြေတွေရွေ့လို
ငယ်ငယ်က ငါတို့အားလုံ စိတ်တူကိုယ်တူ
ငါတို့အားလုံး စိတ်သွားတိုင်းကိုယ်ပါလို့
အခုငါတို့မှ.. တစ်ယောက်နဲ့တစ်ယောက်
ပွင်းလင်းမြင်သာဖို့ ခြိမ်းခြောက်လို့
ငါတို့မငယ်တော့ ငါတို့အကွက်တွေရွေ့လာရတယ်
အကြောင်းတွေပြလာရတယ်…
ငယ်ငယ်ကငါတို့မှာသွေးရိုးသားရိုး
အမှားမှာတောင် ရိုးဂုဏ်နဲ့လှနေတယ်
အခုငါတို့.. ကောက်ကောက်ကွေ့ကွေ့ အမှန်တရားကို
မာယာတွေနဲ့မျှားလို့…
ငါတို့ကြီးပြင်းလာတယ်ဆိုတာ
ပြိုင်ကွင်းတဲ့မောင်းသွင်းခံရတဲ့မြင်းလို…
ငါတို့ကြီးပြင်းလာတယ်ဆိုတယ်
နဖားကြိုးထိုးသွင်းခံရတဲ့နွားလို့
ငါတို့ကြီးပြင်းလာတယ်ဆိုတာ
အမွှေးတွေအကုန်ရိတ်ခံရတဲ့သိုးလို….
လူကြီးဖြစ်ပြီဆိုတာ မိုးကြိုးပစ်ခံရတဲ့ ညောင်ပင်လို တိတ်ဆိတ်လို့…
မရည်ရွယ်ပဲ ညတွေနက်ခဲ့တယ်…
ခဲခဏခဏမှန်လည်း… မသေမချင်း
အတောင်အလက်ဖွာထွက်လောက်အောင်
မိုးလင်းတာနဲ့ကောင်းကင်မှာပျံတက်ရတယ်…
ငါတို့ပျက်မကျမချင်း… ငါတို့ငယ်ငယ်ကလို အိပ်မက်မက်ရ
စာအုပ်မဖတ်ရ ကဗျာမရေး…
ငယ်ငယ်ကငါတို့ဟာ ငယ်ငယ်တုန်းကလိုမဟုတ်တဲ့ လောကထဲ…။

မိုးလှိုင်ည

Friday, June 28, 2013

စောင်းကြီးတီးခဲ့တယ်(ဗျက်စောင်းကြီး)



ဦးနေ၀င်းကို နည်းနည်းသိသလို ဖြစ်လို့
ဒန့်သလွန်ပင်ကြီးစိုက်ခဲ့တယ်
ဒေါက်တာမောင်မောင် ၀င်ပြောလို့ စံပယ်ပန်းလေးမောသွားတယ်

ပြည်သူ့ဘက်က ဦးတင်ဦးရယ်
ဦးအောင်ကြီးရယ် ဒေါ်အောင်ဆန်းစုကြည်ရယ်
ခေါင်းချင်းတိုက်ဆွေးနွေးပီး ဒီမိုကရေစီကို အထုံးဖြည်ကြတယ်

ကျောင်းသားသမဂ္ဂလည်း ဗိုလ်ချုပ်လမ်းပ်ါရောက်ခဲ့သလို
ဆေးတက္ကသိုလ်လည်း ဗိုလ်ချုပ်လမ်းပေါ်ရောက်ခဲ့တယ်

မြန်မာ့အသံဝန်ထမ်းလည်းရောက်ခဲ့တယ်
နောက် မြောက်မြားစွာသော လက်လုပ်လက်စားတွေရောက်ခဲ့တယ်

အုန်းသီးမှမသီးခင်ထန်းရည်ကြိုအသောက်ချင်လို့
ကဗျာ ကယာရေးမိတယ် ဆိုပါတော့လေ ......................

အမေ့ဗိုက်ထဲမှာ ကွေးလို့ကောင်းတုန်း
မဆလကို ဖြိုခွဲနေတဲ့ ကြွေးကျော်သံလောက်
နားထောင်လို့ကောင်းတဲ့ ဂီတ
ခု ပြန်မရတော့ဘူး………………

သက်ငြိမ်သစ်

Monday, June 10, 2013

သံသယ





မနက်ခင်း
အိပ်ရာကထ လေထုထဲမှာ ရှုရှိုက်လိုက်ရတယ်။
သံသယ….။
ကမ္ဘာကြီးကို ချောင်းကြည့်ဖို့ လိုင်းပေါ်တက်ပြီး
ကီးဘုတ်ကိုခေါက်လိုက်တယ်
တွေ့လိုက်ရတာ
သံသရ…။
မနက်ခင်းသတင်းနားထောင်ဖို့ ရေဒီယိုကိုဖွင့်လိုက်တယ်
ကြားလိုက်ရတာ
သံသရ…။

ဒီလိုနဲ့
ဒီနေ့အတွက် ငါ့ဘရိတ်ဖတ်စ်ဟာ
သံသယ…
ငါရွေးချယ်လိုက်တဲ့ဝတ်စုံဟာ
သံသယ…
ငါစီးနင်းခဲ့တဲ့ ကားနံပါတ်ဟာ
သံသယ…
ငါနားထောင်ဖြစ်တဲ့ သီးချင်းဟာ
သံသယ…
ငါဖြတ်လျှောက်ခဲ့တဲ့လမ်းဟာ
သံသယ…။
ချစ်သူကိုပေးလိုက်တဲ့အနမ်းတစ်ပွင့်ဟာ
သံသယ…။
သူငယ်ချင်းကမ်းလိုက်တဲ့ လက်တစ်ဖက်ဟာ
သံသယ .....။
ငါရရှိခဲ့တဲ့ ကတိဟာ
သံသယ….။
ဒီလိုနဲ့
ငါနာမိတဲ့တရားဟာ
သံသယ…။

သံသယဟာ အသားအရောင်မခွဲခြားဘူး
သံသယဟာ လိင်မခွဲခြားဘူး
သံသယဟာ ရန်သူ/မိတ်ဆွေမခွဲခြားဘူး
သံသယဟာ ကျောသားရင်သားလည်းမခွဲခြားဘူး
သံသယဟာ သံသယအတိပြီးတယ်
သံသယဟာ သူကိုယ်သူ သံသယမရှိဘူး။

သံသယကို ကုစားဖို့အတွက်
သံသယဟာ
သံသယကိုတပ်ဆင်ပြီး သံသယကိုစစ်ထိုးတယ်
ပြီးတော့…
သံသယ အောင်ပွဲခံလို့
သံသယဟာ မီးမငြိမ်းတော့ဘူး။
သံသယဟာ အခုတလော လူကြိုက်အများဆုံးရောင်းကုန်
သံသယဟာ လူပြောအများဆုံးသတင်းစကား
သံသယ စာမျက်နှာပြည့်ဖော်ပြခံရတယ်
သံသယ ကို Live ထုတ်လွှင့်သွားတယ်
သံသယကို upload တင်ကြတယ်
သံသယကို like ကြတယ်
သံသယကို Share ကြတယ်
ဒီလိုနဲ့
ရှင်တို့ သံသယရှိဖို့ ဒီကဗျာကို ရေးလိုက်ပါတယ်
သံသယအပြည့်ဖြင့်…။


သွန်းနှင်းအိမ်
(တောင်တွင်းကဗျာများစာအုပ်မှ)(ဧပြီ ၂၀၁၃)

Monday, May 27, 2013

ငါ့ကိုယ်ငါ ခလုတ်ပိတ်လိုက်တယ်။





ငါမလင်းချင်တော့ဘူး
ငါ မပျင်းချင်တော့ဘူး
ငါမငြင်းချင်တော့ဘူး
ငါမလောင်ကျွမ်းချင်တော့ဘူး
ငါမတောက်ပချင်တော့ဘူး
ငါမနာကျင်ချင်တော့ဘူး
ငါ ကျမကွဲချင်တော့ဘူး
ငါ ဖုန်မထချင်တော့ဘူး
ငါ  မယုံရချင်တော့ဘူး
ငါ မကြုံရချင်တော့ဘူး
ငါ မလုံမခြုံမခံစားချင်တော့ဘူး
ငါ ယုံယုံကြည်ကြည်လဲ မနစ်မမြုပ်ချင်တော့ဘူး
ငါ စွဲစွဲလန်းလန်းလဲ အရမ်းမမှားချင်တော့ဘူး
ငါ တမ်းတမ်းတတလည်း နောင်မတချင်ဘူး
ငါ မူမူးရူးရူးလည်း မလေးပင်ချင်တော့ဘူး
ငါ တက်တက်ကြွလည်း လမ်းမများချင်တော့ဘူး
ငါ့ ကိုယ်ငါ မဆုံချင်တော့လို့
ငါကိုယ်ငါ ခလုတ်ပိတ်ချလိုက်တယ်…
မှောင်အတိထဲ
ဘယ်လမ်းသွားရမယ် ငါမသိဘူး။


မိုးလှိုင်ည

Monday, May 20, 2013

အတ္တအကျဉ်းသား..။



 ဘယ်သူမှလွတ်ငြိမ်းခွင့် ပေးသနားလို့မရဘူး…
စာမျက်နှာတွေ တဖျတ်ဖျတ်လှန်သလို
ငါငါ ငင ငါ တွေအထပ်ထပ် …
ကွမ်းတစ်ရာ ရေတစ်မှုတ်လောက်နဲ့ မလုံလောက်နိုင်သေး
အကြွေးဝယ်ကဒ်နဲ့ ဘဏ်စာရင်းနဲ့
ဖေ့ဘုတ်အကောင့်နဲ့ အီးမေးစ်အမျိုးမျိုးနဲ့
အုတ်ရောရောကျောက်ရောရော လူတောထဲ..
လူရာဝင်ချင်သလို နာမည်ကြီးချင်သလို ကဗျာရေးချင်သလို
ခရိုနီနဲ့ ရင်းနှီးချင်သလို နိုင်ငံရေးပတ်သတ်ချင်သလို…
ဘာလိုလို ညာလိုလိုနဲ့
ဘယ်သူမှ လွတ်ငြိမ်းခွင့် ပေးသနားလို့မရဘူး…
အင်္ဂါဂြိုလ်ကနေ အင်တီဇိုင်းဇီးရိုးအထိ
ရီလေတီဗီတီကနေ ဇိနထပကာသနီအထိ
မသိပဲမှားခဲ့ပေမယ့် မမှားပဲမသိနိုင်ဘူး
ကမ္ဘာကြီး ဘယ်လိုလည်လည် လူဆိုတာ လက်ဝဲလက်ယာ
သတ်မှတ်ပစ်လိုက်ဖို့လည်းလွယ်တယ်…
မယုံတာတွေကို ကြိတ်မှိတ်ယုံပစ်လိုက်ရုံနဲ့ အတ္တဥခွံ့လေး
လုံခြုံသွားတာပဲ..
ရင့်ကျက်လာလေ မုသားတွေကပိုချိုမြလေမို့
ကိုယ့်ကိုယ်ကို လိမ်လို့ရတဲ့အထိ
သံသရာဟာ အာမခံရှိရှိစိတ်ချလက်ချလည်လို့…။


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...