Thursday, March 21, 2013

ဗဂျီအောင်စိုး နှစ်၉၀ စိတ္တဇပန်းချီညများ









လူကိုပဲကြည့်ကြည့် ဘယ်အရာဝတ္တုကိုပဲ  ပထ၀ီ၊တေဇော၊အာပေါ၊ ၀ါယော ဆိုတဲ့ ဓါတ်ကြီးလေးပါး ရယ် ကာလ- ဟင်းလင်းပြင်ကြီးကိုသာ တွေ့တွေ့နေရတယ်  ဒါပါပဲ ဆရာ့ရေ ပုထုဇဉ်နော် ဥမ္မတကောတဲ့ လူတွေက အရူးတွေ ဆရာ အခုကျွန်တော်ပြောတာ တွေကိုဘယ်သူမှ မယုံကြဘူးဆရာ ဓါတ်ပုံဆရာတွေနဲ့ ပြိုင်ပြီး သူတို့ လက်ရာတွေကို ဓါတ်ပုံရှုံးအောင် ဆွဲနေကြတယ်လေ…..
ဟား…. ဟား… ဟား… ဟား
၂၀ ရာစုကနေ ၂၁ ရာစုကျရင်  ဒီပန်းချီဆရာတွေ ဘာဆွဲကြမလဲ… ဟားဟား
ရုပ်နဲ့ နမ်ဘဲရှိတယ်
အဲဒီတော့ ညစ်ငြမ်းတယ်
မညစ်ပါတ်ဘူးဆိုတာဟာ ဘယ်ပြဿနာပေါ်တော့မလဲ
ဒါ sun နေ
ဒါ ၀လုံးလို့ပြော
ဒါဘောလုံးလို့ပြော
ဒါလလို့ပြော  ဘယ်ဟာမှန်သလဲ?
ယောကျာင်္း မိန်းမဆိုတာ မရှိဘူး …။

ဆရာဗဂျီအောင်စိုး ရဲ့ နှစ်၉၀ ပြည့်မွေးနေ့အထိမ်း အမှတ် စိတ္တဇပန်းချီညများ စာအုပ်ကို ဆုံစည်းခွင့်စာအုပ်တိုက်က အမှတ်တရ စုစည်းထုတ်ဝေခဲ့ပါတယ် ဆရာ့ရဲ့ ပန်းချီပညာပေး သိပံ္ပရုပ်ပြနဲ့ ဆရာ ဖွင့်ဆိုရေးသားခဲ့တဲ့ ဆောင်းပါးနှစ်ပုဒ် ဆရာ့ကားတွန်းလက်ရာများ သရုပ်ဖော်လက်ရာများ ပါဝင်ပြီး ဆရာဗဂျီအောင်စိုးရဲ့ နှစ် ၉၀ပြည့် မွေးနေ့ အခမ်းအနားကျင်းပမယ့် ၂၂ရက်နေ့ သောကြာ ၂၀၁၃ ရက်မှာ ရန်ကုန်မြို့ ပန်းဆိုးတန်းအထက်လမ်းရှိ ပန်းဆိုးတန်းဂယ်လယ်ရီမှာ စတင်ရောင်းချပါမယ်။ ဆရာ ဗဂျီအောင်စိုး အနုပညာလက်ရာများ ချစ်မြတ်နိုးသူများ ၀ယ်ယူသိမ်းဆည်းနိုင်အောင် သတင်းကောင်းပါးအပ်ပါသည်..။

Monday, February 18, 2013

ဒီကဗျာက ရီရတယ်


ဒီကဗျာက ရီရတယ်
ဒါလီရဲ့ပျော့တွဲနေတဲ့ နာရီတွေမဟုတ်ဘူး
ချာလီရဲ့ ရုပ်ရှင်တွေလည်းမဟုတ်ဘူး
ဟာနေတဲ့နေရာ “သ” မယ့် ဟာသမျိုးလည်းမဟုတ်ဘူး
သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး
ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး။


ဒီကဗျာက ရီရတယ်
သမတနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ယင်း
လွတ်လွတ်လပ်လပ် စကားစမြည်ပြောနေတာ
အတိုက်အခံခေါင်းဆောင်တစ်ယောက်နဲ့
ဆေးပြင်းလိပ်ခဲယင်း စစ်တုရင်ကစားနေတာ။


ဒီကဗျာက ရီရတယ်

စစ်ပွဲတွေမရှိဘူး ၊ ပါတီတွင်းပဋိပက္ခတွေမရှိဘူး 

အစာငတ်ခံ ဆနပြမှုတွေမရှိဘူး၊ ဆင်းရဲချမ်းသာကွာဟမှု မရှိဘူး

လိင်ခွဲခြားမှုမရှိဘူး၊ တန်ပြန်ထောက်လှမ်းရေးတွေမရှိဘူး
တဖက်သတ်ပြဠန်းထားတဲ့ ဥပဒေတွေမရှိဘူး။


ဒီကဗျာက ရီရတယ်
မိုနာကို ဘီလျံနာတစ်ဦးက စပွန်ဆာပေးတာ
လာ့စ်ဗေးဂတ်စ် လောင်းကစားသမားတွေက စပွန်ဆာပေးတာ
ဘာလီကျွန်းဟိုတယ်ပိုင်ရှင်တွေက စပွန်ဆာပေးတာ
ဆတ်သွားနဲ့ ထမ်းပိုးထမ်းရွာက မြေလတ်သားတွေက စပွန်ဆာပေးတာ
မြစ်ဝကျွန်ပေါ်က လူမသိသူမသိ ဗိသုကာတွေက စပွန်ဆာပေးတာ။


ဒီကဗျာက ရီရတယ်
တွေးစရာမလိုဘူး၊ခံစားစရာမလိုဘူး
ထိုင်းမှိုင်းစရာမလို၊ မွန်းကျပ်စရာမလို
ကြည်ကြည်နူးနူးနဲ့ ရယ်ပစ်လိုက်ဖို့
ရှင်းရှင်းလင်းလင်းနဲ့ ရယ်ပစ်လိုက်ဖို့…။



ကိုမြတ်ခိုင်ဦး ( ၂၀၁၃ ဖေဖော်ဝါရီ)

Thursday, February 7, 2013

ငါလည်ပင်းညှစ်ချင်နေတယ် ပေါ်လီယာနာ




ကိုငှက်သေသွားတယ် ကိုကြွက်မသေသေးဘူး
ဒါဝမ်းသာစရာတဲ့
ငါဝမ်းသာပါတယ် ပေါ်လီယာနာ
ကိုငြိမ်းက လှေစီးပြီး ခရီးတွေသွား
ကိုသိန်းက သမ္မတကြီးဖြစ်
ဒါလည်းဝမ်းသာစရာပဲတဲ့
အေးပါဟာ..
အသေဝနာစဗာလာနံ
လူမိုက်တွေကို နင်းကန် ငြင်းဆန် နေလို့လည်းမရ
နိစ္စဓူဝကိစ္စတွေကလည်း ရှိနေသေးတာကြောင့်
ငါ ပျော်နေတယ် ပေါ်လီယာနာ
ငါ ပျော်ဖို့ ကြိုးစားနေတယ် ပေါ်လီယာနာ
ငါ ပျော်နိုင်ဖို့ ကြိုးစားနေတယ် ပေါ်လီယာနာ
ငါ ပျော်နိုင်ဖို့ ကြိုးစားနေရတယ် ပေါ်လီယာနာ
ကမ်းခြေမြို့သူကြီးလည်း ဘင်္ဂလားအော်ထဲ ရွှေ့ချင်နေတဲ့ ကျွန်းကြီးပေါ်မှာ ပေါ်လီယာနာ
ကဗျာဆရာကြီး နှင်းဆီတစ်ရာလည်း အဲဒီမှာ မိသားစုနဲ့ ပေါ်လီယာနာ
ငါ့သူငယ်ချင်းတွေ နိုင်ငံခြားထွက်သွားတာ ပေါ်လီယာနာ
ဘျင်မကြီး ဆဲမနိုင်တော့လို့ သူငယ်ပြန်သွားတာလည်း ပေါ်လီယာနာ
တရုတ်ပြည်ကြီးကို ကြောက်နေရတယ်တဲ့ ပေါ်လီယာနာ
ဖယောင်းတိုင်လေးထွန်းပြီး ထမင်းတစ်နပ် လျှော့စားပါ ပေါ်လီယာနာ
ကားတွေ ဒီလောက်ကြပ်တာ ဟိုလောက် မကြပ်သေးဘူး ပေါ်လီယာနာ
တန်ဖိုးနည်းအိမ်ရာ သိန်း နှစ်ရာ ပေါ်လီယာနာ
ဆက်ရေးချင်သေးတယ် ပေါ်လီယာနာ
ဆက်ရေးချင်ပေမယ့် ဆက်မရေးနိုင်တော့ဘူး ပေါ်လီယာနာ
ငါလည်ပင်းညှစ်ချင်လာတယ် ပေါ်လီယာနာ
လည်ပင်းညှစ်တာ ဟိုဟာညှစ်တာမှမဟုတ်တာ
ဒီခေတ်ဒီကာလကြီးထဲ
မင်းတစ်ယောက်တည်းပဲ ဆက်ပျော်နေဦးပေါ့ ပေါ်လီယာနာ။

လင်းဆက်
07 Feb 2013
3:17 pm

Tuesday, January 29, 2013

ရန်ကုန်ကို ရောက်ခဲ့တယ်


ရောက်ပြန်ပြီလေ ညနေ

အရိပ်တွေရှည်ထွက်တတ်လွန်းလို့

အလွမ်းတွေကို ခေါက်သိမ်းထားရတဲ့

ညနေ။ ။

ကိုယ်ဖေါ့ထားတယ် ၊ အကြောလျှော့တယ်

ရွှေငါးတွေကို အစာကျွေးသလို

သစ်ခွပင်တွေကိုရေလောင်းသလို

ပျော်ရွှင်မှု့ ကိုကျပ်ဖုထိုးပေးရတယ်။

သံသယဖြစ်ချင်းနဲ့

အပစ်အခတ်ရပ်စဲထားတာကြာတော့

ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ပြန်ကြည့်ပေးရတယ်။

ရွှေမှုန်တွေလို

အချိန်တွေက အဖိုးတန်တော့

ငွေစက္ကူတွေနဲ့ လဲလှယ်ရတယ်။

ခလုတ်တိုက်မှာကြောက်လို့

ဘယ်မှ မရောက်ခဲ့တဲ့ ရှု့မျှော်ခင်းတွေ

ခဏခဏ ဖုန်သုတ်ပေးရတယ်။

တမိုးအောက်အတူတူ

ကြမ်းတပြေးထဲ သူစိမ်းများကြား

လောဘနဲ့လောက ကို

ဆွေမျိုးစပ်ပေးရတယ်။

အံ့သြတယ်...........

အလွယ်တကူလောင်းရိပ်မိလို့

အလွယ်တကူ တွန့်လိပ်ကောက်ကွေးလို့

အလွယ်တကူ အခက်အလက်တွေ ဝေဆာလို့

အညှောက်ပေါက်တာချင်းတူတူ

ကြီးထွားနှုန်းမတူတဲ့ တောအုပ်တွေ

မြို့ပြတွေမှာ စိမ်းလန်းလို့....။ ။

စိုးရ
( အကြောင်းကြောင်းကြောင့်
ရန်ကုန်နှင့်ဝေးခဲ့ရစဉ် ရက်များတွင် ရေးသားသည်။)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...