Pages

Monday, February 18, 2013

ဒီကဗျာက ရီရတယ်


ဒီကဗျာက ရီရတယ်
ဒါလီရဲ့ပျော့တွဲနေတဲ့ နာရီတွေမဟုတ်ဘူး
ချာလီရဲ့ ရုပ်ရှင်တွေလည်းမဟုတ်ဘူး
ဟာနေတဲ့နေရာ “သ” မယ့် ဟာသမျိုးလည်းမဟုတ်ဘူး
သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး
ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး။


ဒီကဗျာက ရီရတယ်
သမတနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ယင်း
လွတ်လွတ်လပ်လပ် စကားစမြည်ပြောနေတာ
အတိုက်အခံခေါင်းဆောင်တစ်ယောက်နဲ့
ဆေးပြင်းလိပ်ခဲယင်း စစ်တုရင်ကစားနေတာ။


ဒီကဗျာက ရီရတယ်

စစ်ပွဲတွေမရှိဘူး ၊ ပါတီတွင်းပဋိပကတွေမရှိဘူး 

အစာငတ်ခံ ဆနပြမှုတွေမရှိဘူး၊ ဆင်းရဲချမ်းသာကွာဟမှု မရှိဘူး

လိင်ခွဲခြားမှုမရှိဘူး၊ တန်ပြန်ထောက်လှမ်းရေးတွေမရှိဘူး
တဖက်သတ်ပြဠန်းထားတဲ့ ဥပဒေတွေမရှိဘူး။


ဒီကဗျာက ရီရတယ်
မိုနာကို ဘီလျံနာတစ်ဦးက စပွန်ဆာပေးတာ
လာ့စ်ဗေးဂတ်စ် လောင်းကစားသမားတွေက စပွန်ဆာပေးတာ
ဘာလီကျွန်းဟိုတယ်ပိုင်ရှင်တွေက စပွန်ဆာပေးတာ
ဆတ်သွားနဲ့ ထမ်းပိုးထမ်းရွာက မြေလတ်သားတွေက စပွန်ဆာပေးတာ
မြစ်ဝကျွန်ပေါ်က လူမသိသူမသိ ဗိသုကာတွေက စပွန်ဆာပေးတာ။


ဒီကဗျာက ရီရတယ်
တွေးစရာမလိုဘူး၊ခံစားစရာမလိုဘူး
ထိုင်းမှိုင်းစရာမလို၊ မွန်းကျပ်စရာမလို
ကြည်ကြည်နူးနူးနဲ့ ရယ်ပစ်လိုက်ဖို့
ရှင်းရှင်းလင်းလင်းနဲ့ ရယ်ပစ်လိုက်ဖို့…။



ကိုမြတ်ခိုင်ဦး ( ၂၀၁၃ ဖေဖော်ဝါရီ)