Wednesday, July 30, 2008

ဒိုင်ယာရီအလွတ်ထဲကနေ့စွဲများ

ငါ့မှာဟစ်ခေါ်နေရဆဲ..

နေ့စွဲအဟောင်းတွေပြန်မလာပေမယ့်

မင်းနဲ့ငါကြား

အမြဲကွာခြားတဲ့အရာတွေမှာ

အချိန်ကာလတွေလည်းပါတယ်

ငါ့ရင်ဘတ်ပေါ်မှာက

မုန်းတိုင်းရာသီ…

မင်းနှလုံးသားပေါ်မှာက

လွန်ခဲ့တဲ့အပါတ်ကပဲ

နွေဦးပေါက်ခဲ့ပြီးပြီ…

လမ်းတွေကိုပျော်ရွှင်ခြင်းအစစ်နဲ့လျှောက်ပါ… ဖေဖော်ဝါရီ

မင်းပေးဖူးတဲ့ဒိုင်ယာရီအလွတ်ထဲမှာ

မှင်နီတားထားတဲ့နေစွဲတွေ

အတိတ်မှာသေနေတဲ့နာရီတစ်လုံး

ကျောက်ဖြစ်ရုပ်ကြွင်းတွေဆို

ငါမုန်းတာမင်းအသိပဲ…

အဲဒီလို ငါက

ချစ်ခြင်းအစအနလေးတွေကိုတူးဖော်

မင်းမရှိပေမယ့်လည်း…

ကလေးတစ်ယောက်လို

ငါပျော်ဖူးပါတယ်….

သံသရာတစ်ခုလုံးရူးသွပ်မယ့်အလွမ်းကို

အ၀ါရောင်စစ်စစ်မနက်ခင်းတွေကြားမှာ

ကံကြမ္မာကငါ့ကိုခူးဆွတ်ပေးဖူးတယ်…

အဲဒီခေတ်တုန်းက

ငါလည်းရောမဘုရင်တစ်ပါးလို့ခမ်းနားခဲ့ဖူးတယ်

နောက်တော့လည်းနိယာမတွေအတိုင်း

ငါကျဆုံးခဲ့ရပေါ့…

သေခြင်းထက်ဆိုးတဲ့

လောကအကျဉ်းတိုက်ထဲ…

အမှောင်ထဲမှာဝမ်းနည်းနေတတ်တဲ့

အရူးတစ်ယောက်လေ…

သံသရာကိုလမ်းလျှောက်ထွက်ဖို့

အဆင်သင့်ဆိုပေမယ့်

နေစွဲအလွတ်တွေထဲက

ငါ့နှလုံးသားကိုဟစ်ခေါ်မိနေဆဲ…။

မိုးလှိုင်ည

Monday, July 28, 2008

နောက်ဆုံးအခွင့်

အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။

မိုးလှိုင်ည
(သောင်းပြောင်းထွေလာမဂ္ဂဇင်း ၂၀၀၅ခုနှစ် သြဂုတ်လ)

Sunday, July 27, 2008

စနေနေ့၌ မိုးခိုခြင်း

ကောင်းကင်က ….

ပင်လယ်တစ်ခုမှောက်ကျလာသလိုမျိုး

မိုးဟာ….

နေရောင်ခြည်ရွှဲစိုလောက်အောင်ရွာလို့

အသံဗလံတွေမျောပါသွားလောက်အောင်ရွာလို့

ငါကတော့…

ချောင်ကျကျလက်ဘက်ရည်ဆိုင်မှာ

မိုးခိုမိပေါ့။

ဟိုမှာ

တံစက်မြိတ်အောက်က ခိုတစ်ကောင်

အသုံးမကျတဲ့ အတောင်နဲ့

မှောင်လည်းမှောင် တိတ်လည်းတိတ်ဆိတ်

(မိုးသံကလွဲလို့ပေါ့လေ)

ဒီလိုနဲ့… မိုးကလွဲလို့

အားလုံးနဲ့လည်း လွဲခဲ့ပေါ့ ။


သစ္စာနီ

Saturday, July 26, 2008

ပင်မှည့်တေး

လူတစ်ယောက်ရဲ့ အဓိပ္ပါယ်ကို
လာ လာ မစွက်ဖက်နဲ့
ကိုယ့်အဓိပ္ပါယ်နဲ့ ကိုယ်နေ
ဆုံးရှုံးခဲ့တယ်ဆိုတာပဲ
သေချာပလေ့စေ။
လူတစ်ယောက်ယောက်ကို
လက်သီးနဲ့ ထိုးဖို့ဆိုတာ
ကိုယ့်မှာမေးရိုးရှိရတယ် တဲ့၊
ငါ့လက်သီးတွေက
မင်းဆီသက်ရောက်ဖို့
ငါ့မှာ မေးရိုးရှိတယ်။
ခုတော့ မင်းမှာ မေးရိုးမရှိဘဲ
မင့် လက်သီးတွေ
ငါ့အပေါ် လာလာသက်ရောက်နေတာ
အမှန်တရားရေ
မင်း တရားလွန်လွန်းပြီ။

လောကကြီးမှာ ငါအမုန်းဆုံးက
ကျောက်ပေါက်ခွက်တွေ ပြည့်နေအောင်
ဝဖြိုးနေတဲ့
အဲဒီ အမှန်တရားဆိုတဲ့ ငနဲကိုပဲ။

ဘ၀မှာ
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ။

လူစိမ်းနံ့တွေနဲ့ အသက်ရှင်နေရတဲ့
သူငယ်ချင်း မောင်စမ်းအေးရေ
မြို့တွေကို မာကြူရီမဆင်ရပါဘူး
ဘာကြောင့်လဲဆိုတော့
မြို့တွေကိုယ်တိုင်ကိုက
မာကြူရီနဲ့ လုပ်ထားလို့ပဲ။

ဟောဟို စားပွဲနံပါတ်တစ်မှာ
ကိုယ့်ဘ၀ကိုယ် ကျကျနန စီရင်ချက်ချ
အခိုင်အမာထိုင်နေတဲ့
ငါ့သူငယ်ချင်း အောင်ချိမ့်ဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။

ပွန်ပီးလို
ချော်ရည်တွေအောက် ရောက်ခဲ့ရပေမယ့်လဲ
“ဖော်ဝေး” ဆိုတဲ့ ကဗျာဆရာဟာ
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့ပေါ့။

ဘယ်သူဟာ
ကမ္ဘာမြေတစ်ခုလုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေတစ်ခုလုံး ဆုံးရှုံးသူသာ
ကမ္ဘာမြေကို ပြန်ရပေလိမ့်။

ဘောလုံးသမား မာရာဒိုနာဟာ
ဂိုးတွေကို မှော်နဲ့သွင်းခဲ့တာပေါ့ကွာ။

မောင်ချောနွယ်

Friday, July 25, 2008

စည်းအပြင်က စနေညအတွက် နှစ်ချို့ကော်ဖီတစ်ခွက်

စနေ

ငါတို့အတွက်တော့

ဦးညွှတ်ပေးရတဲ့အနုပညာ..

မင်းကြွချီလာတဲ့လမ်းမှာ

လူဗလာတွေလက်ပန်းပေါက်

ခြေကြောက်ပြောရော့မယ်...

မလိုပါဘူး….

အနုပညာစစ်စစ်ကလွဲရင်

လူ့ဘ၀မှာဘာမှမလိုဘူး

စောက်ရူးကိုဘုရားထူးပြီး

လူလူချင်းမူးရမ်းရဲယုံနဲ့တော့

ကိုယ့်စိတ်ကိုယ်လုံခြုံပြီလို့ထင်ချင်သူများအတွက်

တရားလည်းရှိတယ်….

ဓားလည်းရှိတယ်….

ရဲရင်ထွက်ခဲ့လေ…

ဝိဥာဉ်ချင်းရိုက်ခွဲ…

အသက်ချင်းလဲကြည့်ကြတာပေါ့…

သမိုင်းမရှိရင်တော့…

မင်းအပြစ်နဲ့မင်းခံ…

ငရဲလမ်းဆိုလည်းနောက်မလှည့်ကြေးလေ….။

မိုးလှိုင်ည

အိမ်ပြေး

ဒီနေ့တော့
အိမ်ပြန်ရောက်ဖို့ လမ်းပျောက်နေပြီ.....။

အမေ့အိမ်ကနေ
ရက်ပေါင်းခုနှစ်ထောင် အကွာအဝေးက
မိုင်လေးရာကျော် ကြာမြင့်လို့...။

တိုက်မြင့်မြင့်တွေများတဲ့ မြို့ကြီးကနေ
အမေ့အိမ်ရှေ့ ၀ရန်တာက
မြင်နေရတဲ့ ကြယ်တွေကိုကြည့်ရင်း
အမေရယ်
သားချင်ခြင်းတပ်ခဲ့တဲ့ အိမ်ပြန်ချိန်တွေက
လင်းတစ်လှည့် မှိန်တစ်လှည့်...။

ရာသီစာခြံထွက်တွေလို လတ်ဆတ်တဲ့ အမေ့အပြုံးထက်
ရေခဲသေတ္တာထဲက ဒိန်ခဲလို
အေးစက်ငန်ကျိတဲ့ မချိတရိ အပြုံးတွေကို
သားကိုယ်တိုင် အဓိပ္ပာယ်မသိဘဲ ကြိုက်မိတော့
ဘ၀က မြည်းရင်းစမ်းရင်း ခါးသီးလာပြီ...။

အခု
တိမ်တွေရဲ့ သတင်းစကားမှာ
အမေ ထာဝရအနားရသွားပြီတဲ့
ကျွန်တော်သိတယ်
မြို့ငယ်လေးရဲ့ တောင်ကုန်းမြင့်မြင့်တစ်ခုမှ
အမေရှိနေပေမယ့်
ကျွန်တော် ပြန်တူးဖော်မရနိုင်ဘူးဆိုတာ...။

မိုးလှိုင်ည

Sunday, July 20, 2008

ရင်ဘတ်ထဲကအမှတ်အသား....

အမှန်တရားမရှိတဲ့… မြို့မှာ
ငါ နာရီမကြည့်ဖြစ်ဘူး…
ဘယ်နေ့ဖြစ်ဖြစ်…
သခင်အောင်ဆန်းနဲ့
အာဇာနည်ရှစ်ဦးကို…
ငါတို့နှလုံးသားမှာဘယ်တော့မှမေ့မထားဘူး…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...