Friday, August 6, 2021

"HOURS WITHOUT CURE"


Nonchalantly wore a watch
That stopping at 4,
The world keeps spinning forward,
But we are stopping and being trapped.

To wrap up and pack away the evening
At the headquarters
with an unapproachable face,
And, to fold up and stow in the perch
As one's empty shell,
A cough syrup and a medical cream
For an unhealthy friend's chest,
Then, the chests that are getting
Far and far away.

Between the hospitals that are closed
And the cemeteries that are opened,
The names of old acquaintances smouldered,
At the peak of the smoke of chimneys.
Iniquity is already a bit much!
In this inevitable destiny,
Frightened whose names
Would be attached tomorrow.

Hey Bro! Plain green tea please?
Is this no longer hot?
Or are we getting warm?
Medicine names don't leave my head.
Wrote down a prescription by myself,
Not that bad, then,
Still I'm alive on the morning next day.

Wore a watch that stopping at 4,
Read an SMS in my phone,
The addle future that standing aside
Doesn't have an antidote.


#MoeHlaingNya
#KLT

"ကုထုံးမဲ့နာရီများ"

လေးနာရီမှာရပ်နေတဲ့ နာရီကို 
ခပ်တည်တည်နဲ့ ပတ်ထားလိုက်တယ် 
ကမ္ဘာကြီးက ရှေ့သွားနေတယ် 
ငါတို့ကတော့ ရပ်တန့်ပိတ်မိနေဆဲ .... 

ဌာနချုပ်မှာရုပ်တည်နဲ့ 
ဒီညနေကို လိပ်သိမ်းဖို့ 
ဒီအခွံထည်ကြီးအတိုင်း အိပ်တန်းပြန် 
ခွေခေါက်သိမ်းဆည်းဖို့ 
လူနာသူငယ်ချင်းအတွက် ရင်လူးဆေး
ချောင်းဆိုးပျောက်ဆေး 
ဒီလိုနဲ့ ဝေး ဝေး သွားတဲ့ ရင်ဘတ်တွေ .... 

ပိတ်ထားတဲ့ ဆေးရုံတွေနဲ့ 
ဖွင့်ထားတဲ့ သုဿန်တွေကြား 
မီးခိုးမှိုင်းတွေ အဖျားမှာ 
သိဟောင်းကျွမ်းဟောင်းတွေရဲ့ နာမည်တွေ 
တငွေ့ငွေ့ပါသွားတယ်
မတရားမှုက တရားလွန်နေပြီ 
မနက်ဖြန်မှာ မလွန်ဆန်နိုင်တဲ့ တရားထဲ 
ဘယ်သူ့အမည်ပါသွားမလဲ တထိတ်ထိတ် .... 

ညီလေးရေ ... ရေနွေး 
ရေနွေးက အေးသွားတာလား 
ကိုယ်တွေက နွေးလာတာလား 
ဆေးတွေခေါင်းထဲက မထွက်ဘူး 
ကိုယ့်ဆေးစာကိုယ်ရေး 
ဘယ်ဆိုးလို့လဲ 
နောက်တစ်နေ့ မိုးလင်းတော့ 
ကိုယ် မသေသေးဘူး .... 

လေးနာရီမှာ ရပ်နေတဲ့ နာရီကိုပတ် 
ဖုန်းထဲက မက်ဆေ့တစ်စောင် ကောက်ဖတ်လိုက်တယ် 
ကိုယ့်ဘေးမှာတော့ 
ကြောင်တောင်တောင်ရပ်နေတဲ့ အနာဂတ်ဟာ 
ဖြေဆေးမရှိဘူး .... ။ 

#MoeHlaingNya 
#KLT


အစုန်အဆန် ရန်ကုန်



ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက
ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့
ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ 
ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့
ငမိုးရိပ်ချောင်းက ပတ်ကာဝိုင်းထားတဲ့မြို့။

ရာဇဓိရာဇ် ဧကရာဇ် မဖြစ်ခင်
တိမ်းရှောင်ခဲ့ဖူးတဲ့မြို့

ဦးအောင်ဇေယျက မိုးခိုရင်း ဘိသိက်ခံ
အင်္ဂလန်ကို သေနတ်လှမ်းမှာရင်း
ဟံသာ၀တီကို အကောက်ကြံဖို့စဉ်းစား
ဒဂုံကို ရန်ကုန်လို့သမုတ်ထားခဲ့တယ်။

ကိုလိုနီစရိုက်နဲ့ ၂၀ရာစုကမ္ဘာကြီးကို
အမှီလိုက်ခဲ့ရတဲ့မြို့
နေမ၀င်အင်ပါယာကို အနားသတ်ပေးခဲ့တဲ့
ဒုတိယကမ္ဘာစစ်ထဲ နှစ်ကြိမ်မြေလှန်
နှစ်ကြိမ်ဗုံးကြဲခံခဲ့ရတဲ့မြို့
အင်္ဂလိပ်အမည်တွေနဲ့ လမ်းတွေက
လွပ်လပ်ရေး သူရဲကောင်းတွေနဲ့ နာမည်ပြောင်းခဲ့ရတဲ့မြို့

လီကွမ်ယုက နတ်မောက်လို
 စက်မှုလက်မှုကျောင်းလိုချင်ခဲ့တယ်
ဘူမိဘောက မဂ်လာဒုံ လေယာဉ်ကွင်းမျိုးလိုချင်ခဲ့တယ်
ဟိုချီမင်းက ရန်ကုန်က ဒေါက်တာဘွဲ့ ဂုဏ်ယူစွာနဲ့လာယူခဲ့တယ်

သမိုင်းကြောင်း အဆက်ဆက်မှာ
လင်းတလှည့် မှောင်တလှည့် ရန်ကုန်
မိုးရေချိန်နဲ့ စိုးရိမ်သောက
ထပ်တူကျတတ်တဲ့မြို့
ရွေ့ပြောင်းတွေအတွက် မျော်လ့င်ချက်နဲ့
ကြွယ်၀မှုတွေခြွေချပေးတဲ့မြို့
ခရီးသွားတွေအတွက် တံတားတစ်စင်း ဖြစ်ခဲ့ဖူးသလို
အမှန်တရားအတွက်ဆို လှံသွားထက်ထက်တွေ
တစ်လက်လက်ထတဲ့မြို့
သူပုန်တွေမွေးခဲ့ဖူးသလို
အာဏာရှင်အဆက်ဆက် ဂုပ်သွေးစုပ်ခံရတဲ့မြို့

ရန်ကုန်ဟာ ရန်တွေစုံတိုင်း 
တစ်ကိုယ်တော် ခုခံရတဲ့မြို့
ပွဲတော်ရက်တွေမှာ ရွှေ့ပြောင်းနယ်သားတွေ
တောပြန်သွားပေမယ့်
ရန်ကုန်သူ ရန်ကုန်သားအတွက် 
ပြန်စရာတောလည်းမရှိခဲ့ဘူး 
သံသရာအမောလည်း မမှုခဲ့ဘူး
ရုတ်ရုတ်သဲသဲ ရန်ကုန်
ရှုပ်ရှုပ်ထွေးထွေးရန်ကုန်
ကြုံသမျှ ဒဏ်ရာတွေကို ဥုံဖွဆိုပြီး
အပြုံးမပျက်တဲ့ရန်ကုန်

ရန်ကုန်ဟာ ရန်တွေဘယ်လောက်စုံစုံ
ဘယ်တော့မှ အကြံမကုန်ဘူး
လောကဓံ ဘယ်လောက်ခါးခါး
ဘယ်တော့မှ ဖျားမသွားဘူး
ရန်ကုန်ဟာ နှစ်ကာလတွေကို စိန်ခေါ်ဦးမှာ
ရွှေရောင်နေ့တွေမှာ အောင်မြင်မှုတွေပွေ့ပြီး
လူတကာကိုကြိုဆိုနေဦးမှာ
ရန်ကုန်ဟာ ရန်တွေကုန်တဲ့အထိ ခရီးဆက်လာခဲ့ပြီ။

မိုးလှိုင်ည


Monday, June 28, 2021

ဆေးရုံ



သေခြင်းရှင်ခြင်းရဲ့၀င်ထွက်ရာတံခါး
နာကြင်မှုနဲ့ ကြင်နာမှုကြား
ဆေးဝါးနဲ့ကုထုံးက
အတိတ်နဲ့အနာဂါတ်ကိုဆက်စပ်ပေးတယ်
ရုပ်နဲ့အရိပ် ကွဲထွက်သွားသူတွေ
အရိပ်နဲ့ရုပ်ဆက်စပ်မြဲနေသူတွေ
ဓာတုဓါတ်ပေါင်းတွေမပြိုကွဲအောင်
ဖန်ပြွန်ချောင်းတွေပေါ်ကနံပါတ်တွေနဲ့
မာနနဲ့ သံဝေဂကြား ‌ခြေတစ်လှမ်းအ၀င်
‌‌ခြေတစ်လှမ်းအထွက်
အသက်ရှုသံတွေဟာ လေးလံလွန်းလှချည်ရဲ့။


မိုးလှိုင်ည

Monday, December 21, 2020

အတိတ်ကတစ်ချိန်


 

ရန်ကင်းဈေးကွေ့ ကနေ

ယောက်လမ်းမှတ်တိုင်ကို ၁၂မိနစ်နဲ့ရောက်နိုင်ဦးမလား

၃၇ ဘီအမ်ကားတွေလည်း မရှိတော့ဘူး

Vegas နှစ်လိပ် ကွမ်းနှစ်ယာဖိုး

အေးစက်စက် ဆောင်းနဲ့

သမ္မတ ဟော်တယ်ရှေ့ က အချဉ်ပေါင်းသည်လည်း မရှိတော့ဘူး

နောက်တော့ သမ္မတ ဟော်တယ်လည်း မရှိတော့ဘူး

သိပ်နောက်ကျတော့ သမ္မတပါ မရှိတော့ဘူး..။

လပြည့်ဝန်းပလာဇာက

မင်းရုံးဆင်းလာမယ့်

ညနေ ၅နာရီခွဲဟာ

ဘယ်နှကမ္ဘာလောက် ကြာတာလည်း

အတိတ်လို့ ဆိုပေမယ့်

အဲဒီအတိတ်တွေဟာ ရင်ထဲမှာတော့ တိတ်တိတ်မနေဘူး

ငါက တိတ်တဆိတ်ရူးနေသူပါ

ဘယ်ကုထုံးနဲ့ အဆင်မပြေဘူး

အချိန်ဟာ ငါတို့ကိုလိမ်နေတဲ့ ဘုရင်တပါး

ငါတို့ ဘာမှမမှားပဲ

ဘယ်တော့မှလည်း မမှန်ဘူး

အလွမ်းကတော့ အပေါင်ဆုံးသွားတဲ့

ဘောင်ချာအပြဲလေးလို

ကျစ်ကျစ်ဆုပ် ကြေကွဲနေရတယ်

 

မိုးလှိုင်ည

 

Saturday, June 20, 2020

ဘူတာအိုလေး


 လမ်းဆုံလမ်းခွက ဘူတာအိုလေးတစ်ခုလေ

ခေတ်ကာလ ဖြတ်သွားဖြတ်လာ ရထားတွေကို

ထိုင်ငေးနေခဲ့တာပေါ့

ကူးစက်ရောဂါကြောင့် အေးစက် တိတ်ဆိတ်

ဆိုက်ကပ်ရထားတွေမရှိတဲ့အချိန်

ဖြတ်သွားဖြတ်လာ ရထားတွေအကြောင်း တွေးတောမိခဲ့ပေါ့

 

ပုံမှန်ဆိုရင် သံသရာ ရထားပေါ်က

ရောင်စုံဘဝတွေတင်ဆောင်ထားတဲ့ လော်ကယ်ရထားတွေ ဖြတ်သွားနေကျ

မနက်စောစော ကုန်စိမ်းရထားပေါ်က ‌ဈေးသည်တွေရဲ့ ဆူညံသံ

မျှစ်စို့ဖြူဖြူဖွေးဖွေးတွေကို စိတ်ထဲက လှမ်းတွေးလိုက်မိသေးတယ်

တစ်ပါတ်တစ်ခါ တအိအိ လေးလံနေတတ်တဲ့ စာပို့ရထားကြီး

ကွမ်းယာတွေ ပလုပ်ပလောင်းဝါးလို့…

တချို့အချိန်တွေတုန်းက မှိုင်းမှိုင်းဝေဝေ အရက်မူးနေတတ်တဲ့

သစ်လုံးတင်ရထားကြီး တစ်နေ့နှစ်ကြိမ်သုံးကြိမ်ဖြတ်လို့

ဘူတာအိုလေးအတွက် လက်ဆောင်တွေ ထားထားခဲ့တတ်တယ်

နယ်စပ်မြို့လေးက အမောတကော ပြေးလာတတ်တဲ့

ဝန်နဲ့အားမမျှတဲ့ မှောင်ခိုရထားလေးတွေ ပျောက်ချက်သား ကောင်းနေပြန်ပြီ

တစ်ခါတရံ မာကျောက်ကစားတတ်တဲ့

လမ်းခင်းကျောက် ရထားကြီးလည်း ရောက်ရောက်လာတတ်တယ်…

တချို့အချိန်တွေမှာတော့ ဟွန်းသံတွေ ဆူဆူညံညံနဲ့

မီးတောက်မီးလျှံ တော်လှန်ရေးရထားတွေ ဖြတ်သန်းသွားဖူးတယ်…

အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ သံမဏိ ကြက်ခြေ အထူးရထားတွေ

ဘဝင်မြင့်မြင့် ဖြတ်သွားတာလည်း မြင်ခဲ့ဖူးတယ်

တွဲပြောင်းတွဲဆိုင်းတွေနဲ့ ချောင်ထိုးထားတဲ့ ချိတ်ပိတ်ရထားတွေလည်း

ဘူတာအိုလေးအရိပ်မှာ နေခဲ့ဖူးတယ်…

သွေးသံတရဲရဲနဲ့ အသားတွဲ ရထားတွေလည်း

ညီဟောက်နေအောက် ဘူတာအိုလေးအောက်မှ ရပ်ဖူးတယ်…

ဘူတာအိုလေးကတော့ ဘယ်သူ့ကိုမှ မောင်းမထုတ်ရက်ခဲ့ဘူး

ခြေချစရာ နေရာလပ်မရှိအောင်မှာ ဒုကသည်တွေ ပြည့်ကျပ် အိပ်စက်ခဲ့ဖူးတယ်

 ဗုံးဆံ အမြှောက်ဆံတွေ ဘူတာအိုလေး နံကြား ထိုးစိုက်ခဲ့ဖူးတယ်

 မုန်တိုင်းတွေကြား ခိုက်ခိုက်တုန်ခဲ့ဖူးသလို

 နှင်းမှုန်တွေကြား မှိုင်းဝေ လွမ်းလျှဖူးတယ်…

 တောင်တန်းတွေပေါ်က ပန်းရထားလေး အပြုံးဝေဝေနဲ့

 ရောက်ခဲ့ဖူးသလို…..

 တွန်းလွှတ်ရှန်တိန် မပြုလုပ်ရဆိုတဲ့ သဘာဝဓါတ်ငွေ့ရထားလည်း ရောက်ခဲ့ဖူးတယ်…

 လောကဓံ အတက်အဆင်းများတဲ့ ဘဝသံသရာ ရထားကြီးကတော့

 တစ်နေ့ကျ မင်းကိုပါ တင်ဆောင်သွားမယ်ဆိုပြီး ပြုံးဖြီးဖြီးနဲ့ ထွက်ခွာသွားလေရဲ့…။

 

မိုးလှိုင်ည


Thursday, June 18, 2020

တစ်ကိုယ်တော် မူဝါဒ


 

စာနာခြင်းအတွက် သစ်ပင်တွေစိုက်မယ်

မြို့ကြီးတွေနဲ့ဝေးဝေးနေမယ်

အငြင်းအခုန်တွေ စွန့်လွှတ်လိုက်မယ်

ထွေထွေပြားပြား အမှန်တရားတွေရှာမနေတော့ဘူး

ကိုယ်က ဘာမှပိုကောင်းအောင် မလုပ်နိုင်ပေမယ့်

ဘာမှ ပိုမဆိုးအောင်လဲ လုပ်နိုင်သေးတယ်

နေရောင်ခြည်အောက်မှာ

အရောင်ပြောင်းလဲတတ်တဲ့ တိမ်တွေကို

ဘာမှမတွေးပဲငေးမယ်...

သဘာဝတရားကို ပန်းချီကားတွေ

ဓါတ်ပုံတွေထဲကပဲ မကြည့်တော့ဘူး

အနီးစပ်ဆုံး မြက်ပင်လေးကအစ

ကိုယ်နားလည်ဖို့ကြိုးစားမယ်…

တောင်ပေါ်က လွင့်ပျံ့လာတဲ့

တရားသံတွေ နားထောင်ရင်း

မနက်ခင်းတိုင်းမှာ အေးအေးလူလူစာဖတ်မယ်

သွားနှင့်သူတွေလဲ ငြိမ်းငြိမ်းချမ်းချမ်းသွားကြပါစေ

ကျန်ရစ်ခဲ့သူတွေလဲ ငြိမ်းငြိမ်းချမ်းချမ်း ကျန်ခဲ့ပါစေ

ရေရေရာရာ ကိုယ်နားမလည်ပေမယ့်

ဘဝကနေပျော်မှာပါ…။

 

မိုးလှိုင်ည

 

 

 


Tuesday, June 2, 2020

အိမ်တွင်းအောင်းရင်း..။



ဖတ်လက်စ စာအုပ်ကိုချထားပြီး
ကော်ဖီထဖျော်တယ်
ရေနွေးဆူဆူထဲ လက်ဖက်ခြောက်ထပ်ထဲ့တယ်
ဘာရေးရင်ကောင်းမလဲ စဉ်းစားတယ်
ဘာမှမရေးတာ ပိုကောင်းတယ်လို့
တွေးရင်းပြုံးမိတယ်
မိတ်ဆွေတစ်ယောက်က ဖုန်းဆက်ပြီး လှမ်းမေးတယ်
ဘာလုပ်နေလဲတဲ့
အရင်အလုပ်ပဲလေလို့ ဖြေလိုက်တယ်
အရင်က ဘာလုပ်လဲဆိုတော့ ဘာမှမလုပ်ဘူး
စာရေးတဲ့ ကြွက်တစ်ကောင်လို့
ကိုယ့်ကိုယ်ကို ခေါ်ခဲ့ဖူးတယ်
အခုတော့ ကြွက်အိုကြီးလေ
တီဗွီချန်နယ်တွေ တစ်ခုပြီး တစ်ခုလျှောက်ပြောင်းတယ်
ကိုယ်တစ်ယောက်တည်း ဟောင်းမြင်းသွားတာလား
လမ်းပေါ်မှာ မျက်နှာဖုံးစွပ်နဲ့လူတွေ
တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ဖို့ ကြောက်နေရတယ်
ယဉ်ကျေးမှုတွေ ပုံစံပြောင်းသွားပြီလား
နေရောင်ခြည်ဟာ နည်းနည်းတော့ နောက်ကျနေပါပြီ…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...