Saturday, December 21, 2013

အလွမ်း။



ပုံမှန်နေ့လေးတစ်နေ့ပါပဲ…
ကိုယ်တိတ်တိတ်ဆိတ်ဆိတ်
မိုးချုပ်သွားတာကို မသိလိုက်မသိဘာသာ
အလွမ်းဆိုတာလည်း
အဲဒီလိုပဲ မသိလိုက်မသိဘာသာ
နာကျင်သွားခဲ့ရတာပဲ…
နာရီကိုလှမ်းကြည့်လိုက်
ဒိုင်ယာရီထဲက
 ပြက္ခဒိန်မှာအမှတ်အသားလေးလုပ်လိုက်
ပြီးတော့ ကော်ဖီသောက်ရင်း
စီးကရက်ဖွာရင်း
လိုင်းကားစောင့်ရင်း
မေ့လျော့သွားတာပဲ
အလွမ်းတဲ့လေ…
တစ်ခါတစ်လေ  
မြစ်ဘက်ကဖြတ်တိုက်လာတဲ့လေပြေတွေလို
အေးအေးစက်စက်
တစ်ခါတစ်လေ
မထင်မှတ်ပဲရွာချတဲ့ မိုးလိုရုတ်ရုတ်သဲသဲ
လူဆိုတာကလည်း
နေ့တဓူဝထဲလူးလာနေရတာ
ကားရှေ့လေကာမှန်က၀ိုင်ဘာတွေလို
တဖျပ်ဖျပ်လှုပ်ခတ်လို့…
အလွမ်းတဲ့လေ…
တစ်ခါတစ်လေ ရုတ်တရက်ဆပ်ပြာရည်ဖြန်းလိုက်သလို
လေးအေးစက်နဲ့ ငြိမ်နေတဲ့အခန်းထဲ
လေမွှေးဘူးက ရုတ်တရက်ရှုးခနဲထမြည်သလို…
မထင်မှတ်ဘဲနဲ့ နှလုံးရပ်မတတ်အလန့်တကြား
ကိုယ်မဖျားချင်တော့ဘူး
ပုံမှန်နှလုံးသားထဲမှာ ချိန်ကိုက်ဗုံးလို
ပုန်းပုန်းမနေပါနဲ့ အလွမ်းရယ်။

မိုးလှိုင်ည

Thursday, December 19, 2013

ဆူရှီသမားလိပ်တဲ့ကဗျာ



မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ


ရှင့်သတင်းနားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ်.
...ကိုကိုရေ

ခင်ဗျားရေးတာတွေကို
လူတွေနားမလည်ဘူး
(အင်းပါ….)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်

ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်

ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့

ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့ရက်
ချိုမြိန်လှချေရဲ့

ပြီးပါပြီ………..လို့
ဘယ်သူတွေစာတန်းထိုးထိုး
အရိုးတွန်သံတွေမဆုံးဘူး
ကိုယ့်လူတို့ ။



( ၃ရက် ။ မတ်လ။ ၂၀၀၉)

Sunday, December 15, 2013

မနက်မိုးလင်းတော့ ကိုယ်လက်တစ်ဖက်ပျောက်နေတယ်။


ရိုးရိုးရှင်းရှင်းကြီးကိုပါ
မနက်လင်းတော့ ကိုယ့်ညာလက်တစ်ဖက်မရှိတော့ဘူး
အနွေးထည် အကျီင်္ထဲမှာလားလို့ ကိုယ်စမ်းကြည့်မိသေးတယ်
မရှိဘူး..
ညာလက်ကြီးတစ်ဖက်မရှိတာ ဟာတာတာကြီးမို့
ညက စဉ်းစားရင်း နဖူးပေါ်တင်ကျန်ခဲ့လားဆိုပြီး
မှန်ထဲသွားကြည့်သေးတယ်
နဖူးပေါ်မှာလည်းမရှိဘူး
ခေါင်းအုံးအောက်မှာလား…
ဒါလည်းမရှိဘူး…
ပုဆိုးထဲဝှက်ထားမိလားလို့…
ပုဆိုးကိုခါကြည့်တယ်
ဒါလည်းမရှိပြန်ဘူး…
ရိုးရိုးရှင်းရှင်းကြီးပါ..
ကိုယ် ညာလက်ကြီး လက်မောင်းရင်းကနေပျောက်နေတာ
ညာလက်မရှိရင် ကိုယ်စာရေးတဲ့အခါ
ကွန်ပြူတာပေါ်မှာ JKLUIOPNMH ကို
ဘယ်လိုရိုက်ရမလည်း….
ညာလက်ကြီးမရှိရင်ကိုယ် ညာ ဆိုတာကိုတောင်ရိုက်ဖို့ခက်ပြီး
ညာလက်ကြီး ပျောက်လို့ ကိုယ်အမှုဖွင့်လို့မရတာ
ကိုယ်သိတယ်
သိသိချည်း ပျောက်သွားတာကို ကိုယ်ပြောရင်
ညာညာပြောတယ်ပဲထင်ကြဦးမှာ
တကယ် ကိုယ့်ညာလက်ကြီးပျောက်သွားတာ
ကိုယ်ညာလက်ကြီး လက်မှတ်ထိုးလို့မရတော့ဘူး
မြို့ကိုဖျက်လို့ မရသလို မြေသိမ်းစာချုပ်လည်း
လက်မှတ်ထိုးလို့မရတော့ဘူး…
ညာဘက်က တဆုပ်ကျဲလို့ မရတော့
ဘယ်ဘက်က တစ်လှည်းကြီးကိုပဲ လှမ်းလှမ်းဆွဲထားရတာ
ခင်ဗျားကော ညာလက်ကြီးပျောက်ဖူးလား
ပျောက်ဖူးရင် ဘယ်လိုပြန်ရှာလည်း ကျွန်တော့်ကို မညာတမ်းပြောပြပါဗျာ။

မိုးလှိုင်ည

ဒီလမ်းတွေက လျှောက်လို့မဆုံးဘူး။




ဗိုလ်ချုပ်လမ်းအတိုင်းလျှောက်လာပြီး
ဗိုလ်အောင်ကျော်လမ်းပေါ်ကွေ့လိုက်တယ်…
တစ်ယောက်ယောက်များတွေ့မလားလို့
ဘယ်သူမှ ရှိမနေဖူး…
စကားတစ်ခွန်းခွန်းများ ကျန်ခဲ့မလားလို့ နံရံတွေလှမ်းလို့ကြည့်မိတယ်
ကက်သလစ်ဘုရားကျောင်းကြီး
စိန်ပေါအထက
ဝန်ကြီးများရုံး…
ကိုလိုနီအရိပ်ကြီးမိုးလို့…
ရက်ရက်စက်စက် ဖက်ဆစ်တပ်တွေဗုံးကျဲချသလို
ကန်ထရိုက်တိုက်တွေ အပြိုင်းအရိုင်းကုန်းရုန်းထ
ရန်ကုန်မြစ်ကြီးလို ညစ်တီးညစ်ပါတ်ပလက်ဖောင်း
ကိုယ် နှစ်သုံးဆယ်လျှောက်လို့မပြီးသေးဘူး…
ဖိနပ်တွေ တစ်ရံပြီးတစ်ရံပြောင်းတယ်…
ဦးထုပ်တွေ တစ်မျိုးပြီးတစ်မျိုးဆောင်းတယ်
ထီးတွေ တစ်ချောင်းပြီးတစ်ချောင်း လဲကိုင်ခဲ့တာပဲ…
ဒီပလက်ဖောင်းတွေ ခဏခဏပြင်ပြီး
ဘယ်တော့မှလည်း အကောင်းအတိုင်းမရှိ…
စဉ်းစားကြည့်ရင်မတိုက်သေးတဲ့ ခလုတ်နဲ့လည်း
ကိုယ်ကကြိုတင်မိတ်ဖွဲ့ချင်တတ်တယ်…
လွယ်မယ်ထင်တဲ့ လမ်းကိုရွေးခဲ့တာပဲ
မလွယ်ဖူးထင်လို့ နောက်ဆုတ်လို့မလွယ်…
ကိုယ်သယ်လာတဲ့ ဒုက္ခတွေက
ပြက္ခဒိန် ဂဏန်းတွေနဲ့အတူ တိုးတိုးလာတယ်
ဘ၀မှာလျှော့ရက် ဘယ်လောက်ရမှာလည်း
ဒီလမ်းတွေကလျှောက်ရင်းလျှောက်ရင်းမဆုံးတော့ဘူး…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...