Thursday, August 22, 2013

ငါတို့ဟာ ရေတွက်ခံနေရဆဲပါ။



ငါတို့ဟာ သုညဘယ်နှလုံး တစ်ဘယ်နှလုံး
ငါတို့ဟာ ဟိုက်ပါစ်တတ်စ်လန်းဂွေ့တွေထဲမှာ
အန်နာလော့ဂ်ျအင်ပါရာကြီး ကျဆုံးပြီးကတည်းက
ငါတို့အတွက်ရေတွက်ခံရတဲ့နှစ်တွေရောက်လာတယ်
ငါတို့မှာဘာမှမရှိတော့ဘူး…
ဇီရိုးဝမ်း ၀မ်းဇီးရိုး ဒီဂျစ်တယ်ဟာ မိုနိုပိုလီနိုက်စ်လုပ်တယ်
ဘာသာစကားဟာ ဂျာဗာလား ပီအိခ်ျပီလား ဒေါ့နက်လား
မျက်နှာပြင်တွေပိုမိုထိတွေ့လွယ်လာ ချောမွေ့လွယ်လာ
တစ်ယောက်ကိုတစ်ယောက်ပွတ်ဆွဲလို့
တစ်ယောက်ကိုတစ်ယောက်ဖိသတ်လို့
တစ်ယောက်ကိုတစ်ယောက်လှုံ့ဆော်လို့
တစ်ယောက်ကိုတစ်ယောက်မီးရှို့လို့
မန်နူရယ်ထက် ငါတို့ခပ်လွယ်လွယ် အော်တိုလုပ်လိုက်တယ်…
ဆပွားတန်းဖိုးတွေကြားမှာ
စကြာင်္ဝဠာမှာ အမှုန်ဘယ်နှစ်စင်း ဂြိုလ်ပျင်းဘယ်နှခု
ငါတို့ရေတွက်ခံနေရတယ်…
အကြိမ်တွေကြားထဲ နှုန်းတွေကြားထဲ
ကြိမ်နှုန်းအမျိုးမျိုးကြားထဲ…
ပြားနေတဲ့တီဗွီကြီးကို ထုထည်ကြီးထုတ်ကြည့်တယ်
မှော်ဝင်နဲ့နည်းပညာဟာ ဘီးလူးစီးထားသလို့…
လူဟာ ကြိမ်နှုန်းဖြစ်သွားပြီး…။
မဖွံ့ဖြိုးသေးတဲ့ ကမ္ဘာကကွန်ပြူတာတွေဆာဗာတွေဝယ်လို့
ဖွံ့ဖြိုးပြီးကမ္ဘာက လက်နှိပ်စက်တွေပြန်ရှာနေတယ်…။
ငါတို့ ကြိမ်နှုန်းတွေ အဖြစ်ရေတွက်ခံရဆဲ..။ 

မိုးလှိုင်ည

Wednesday, August 7, 2013

ဆိုင်းငံ့သေဒဏ်..။






မိုးလင်းလာတာနဲ့
အသက်မှန်မှန်ရှုဖို့
ထမင်းမှန်မှန်စားဖို့
ရေမှန်မှန်ချိုးဖို့….
နှစ်ကာလတွေဟာ တရွတ်တိုက်ဆွဲခေါ်လို့
ပြက္ခဒိန်ပေါ်က အနာဖေးတွေခွာချရင်း
တစ်လတစ်လကို
တစ်ဘ၀တစ်ဘ၀ကို အချိန်ကာလနဲ့
လောကဓံရှစ်ပါးကို ဘောက်ချာဖြတ်ရင်း
ကြီးပြင်းခဲ့တယ်
အိုမင်းခဲ့တယ်
သေဆုံးခဲ့တယ်
ယုံကြည်လွယ်အနာဂါတ်ဆီ ရေစုန်မျောဖို့
မနက်ဖြန်နဲ့ နားလည်မှုစာချွှန်လွှာလက်မှတ်ထိုးဖို့
ဈေးကွက်မ၀င်တဲ့ တန်ဖိုးကြီးကြီး သစ္စာတရားကို
အရက်နဲ့မြည်းလို့…
လောကီမှာလည်းမအောင်မြင်
လောကုတ္တရာလည်းမဖြစ်ထွန်း
ထွန်ယက်ရင်းနဲ့ ကောကောသွားတဲ့နှစ်တွေကို
လူဟာသေဖို့အတွက်အကြွေးကျန်နေတယ်…
ဘယ်သူ့ပြစ်ဒဏ်လည်း…
ရှင်ခြင်းမှာနာကျင်ပြီး သေခြင်းမှာအေးစက်ရမယ်
ကိုယ်က ဘယ်ဘုရားဆီမှလည်း အယူခံမ၀င်ချင်ဘူး…
ကျွန်တော်ငရဲကို တစ်လွှာလုံးငှားချင်တယ်
လူဆိုတာ ဆိုင်းငံ့သေဒဏ်နဲ့ အသက်ရှင်နေထိုင်ရတာချည်းပဲ
တစ်ခါတစ်ခါ ကိုယ့် ကိုယ်ကို အပြည့်အ၀နားလည်နိုင်ဖို့လိုတယ်…
ထင်သလောက်လည်း မလွယ်ပါ။

မိုးလှိုင်ည

Tuesday, August 6, 2013

၈၈မိုင်ရှုခင်း





မြင်ကွင်းကို
နတ်သံနဲ့
ရီမစ်လုပ်ထားတဲ့
စစ်ချီသီချင်းနဲ့စဖွင့်တယ်

မြင်ကွင်းက
လက်ဖျံရိုးထဲက ဖောက်ထွက်လာတဲ့
လောက်တကောင်နဲ့စဖွင့်တယ်

မြင်ကွင်းက
မင်းနန္ဒာကြိမ်လုံးသံကြားရင်
ချစ်သူ့ရင်ခွင်ထဲကတောင်
အလန့်တကြားနိုးထ
အရှင့်ခြေတော်ရင်းဆီဦးခိုက်ဖို့အရောက်သွားတဲ့
ငမိုးရိပ်ရဲ့သစ္စာစောင့်သိမှုနဲ့စဖွင့်တယ်


၈၈မိုင်ရှုခင်းမှာ
ခံစစ်ကုန်းတွေတလုံးပြီးတလုံး
အပေါင်ဆုံးလို့





၈၈မိုင်ရှုခင်းမှာ
နာယကပလ္လင်ထက်
အောင်နက်တောင် နတ်လမ်းဂွေ့ခ်ျနဲ့ဟောင်လို့
၈၈မိုင်ရှုခင်းမှာ
ကွင်းပြင်ထဲ
ငြိမ်းချမ်းရေးလင်းတတွေဝဲလို့

၈၈မိုင်ရှုခင်းမှာ  
ကျီးကန်းတအုပ်
ခွေးသေကောင်ပုပ်ကို
ရေစုန်မှာဖောင်လုပ်စီးလို့


၈၈မိုင်ရှုခင်းမှာ
ရန်သူကဝါရှင်တန်ဒီစီအထိတက်သိမ်းထားပြီး
သူရဲကောင်းတွေက ကမ္ဘာလှည့်လို့
သူတော်ကောင်းတွေက ရွှေတိဂုံဘုရားဖူးထွက်လို့


၈၈မိုင်ရှုခင်းမှာ
တောင်ကွယ်နေစွယ်ချိန်တိမ်အိုတိမ်မင်းတွေ
လူသတ်ကုန်းကို ပြခန်းစောင့်လုပ်လို့

ဂျော့ဆိုးရောစ်နဲ့သားများကုမဏ္ဍီမှာ
သုမနကျောကအရေပြားကို
တလက်မချင်းလှီးဖြတ်
ဆယ်လီဗျစ်တီတွေကလက်မှတ်ထိုးရောင်းလို့

ဆိုင်းသံဗုံသံတွေအောက်မှာ
အတိတ်ကို လူသတ်အလောင်းဖျောက်လို့
ပစ္စုပ္ဗန်ငရဲပျက်ကို တိတ်တိတ်ပုန်းကိုယ်ဝန်ဖျက်လို့
အနာဂတ်ကို လက်ပြန်ကြိုးတုပ်
အနောက်မုခ်ကထုတ်လို့

၈၈မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
ဖက်ဆစ်တော်လှန်ရေးသမားတွေကနေ
ဖက်ဆစ်တပ်မတော်ကြီး
အများပြည်သူသဘောမတူ
အမိန့်အာဏာဟူသမျှဖီဆန်ကြကနေ
မီးလောင်ဗုံးမဟုတ်ဘူး မီးခိုးဗုံး

၈၈မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
မျှော်ရလှချည်လား
ညောင်ရမ်းမင်းမှသည်
ဒေါ်အောင်ဆန်းစုကြည်
မျှော်ရလှချည်လား
ရေနန်းယာဉ်သာသင်္ဘော ပြီးတော့
စကြာဝတေးဘုရင်ရဲ့ဗုံးကြဲလေယာဉ်
မျှော်ရလှချည်လား
၁၉၉၀မှသည်
၂၀၁၅
မျှော်ရလှချည်လား


စုတ်ဖြဲထားတဲ့ လက်ထပ်စာချုပ်တစောင်လို
ကျကွဲသွားတဲ့ထွေးခံတလုံးလို
အစိတ်စိတ်အမွှာမွှာ
၈၈မိုင်ရှုခင်းရဲ့အနာတရမြေပုံကို
တစချင်းဆက်စပ်ကြည့်မိတော့
သမိုင်းပါမက
ပထဝီပါကွေးလို့


သစ်ကောင်းအိမ်

(၃။ သြဂတ်စ်။ ၂၀၁၃)


Wednesday, July 3, 2013

ငယ်ငယ်ကငါတို့လို…




ငယ်ငယ်က ငါတို့လို
ငယ်ငယ်က ငါတို့မဟုတ်တော့ဘူး…
ငါတို့ပြန်ပြန်မငယ်တော့
ငါတို့ငယ်ငယ်ကလို အိမ်မက်မမက်
ငယ်ငယ်ငါတို့လို ငါတို့စိတ်ကူးမယဉ်တော့
ငါတို့ … မရင့်ကျက်ခဲ့ရင်နေ
ငါတို့ နုပျိုမနေတော့ဘူး…
ငယ်ငယ်က ငါတို့မှာ ကိုယ်အတွက်ကိုယ် စိတ်မပူတတ်သေး
ငါတို့ငယ်ငယ်က သီချင်းတွေဆို ကဗျာတွေရေး စာအုပ်တွေဖတ်
ငယ်ငယ်က ငါတို့မှာ အရာရာတက်ကြွ
အခုငါတို့မှာ နောက်များမှပေါ့လေ အခုမှမအားသေးတာ
ငါတို့ငယ်ငယ်က စဉ်းစားလိုက်တိုင်းဖြစ်တယ်
အခုငါတို့မငယ်တော့ နေ့ရွေ့ညရွေ့ ဆင်ခြေတွေရွေ့လို
ငယ်ငယ်က ငါတို့အားလုံ စိတ်တူကိုယ်တူ
ငါတို့အားလုံး စိတ်သွားတိုင်းကိုယ်ပါလို့
အခုငါတို့မှ.. တစ်ယောက်နဲ့တစ်ယောက်
ပွင်းလင်းမြင်သာဖို့ ခြိမ်းခြောက်လို့
ငါတို့မငယ်တော့ ငါတို့အကွက်တွေရွေ့လာရတယ်
အကြောင်းတွေပြလာရတယ်…
ငယ်ငယ်ကငါတို့မှာသွေးရိုးသားရိုး
အမှားမှာတောင် ရိုးဂုဏ်နဲ့လှနေတယ်
အခုငါတို့.. ကောက်ကောက်ကွေ့ကွေ့ အမှန်တရားကို
မာယာတွေနဲ့မျှားလို့…
ငါတို့ကြီးပြင်းလာတယ်ဆိုတာ
ပြိုင်ကွင်းတဲ့မောင်းသွင်းခံရတဲ့မြင်းလို…
ငါတို့ကြီးပြင်းလာတယ်ဆိုတယ်
နဖားကြိုးထိုးသွင်းခံရတဲ့နွားလို့
ငါတို့ကြီးပြင်းလာတယ်ဆိုတာ
အမွှေးတွေအကုန်ရိတ်ခံရတဲ့သိုးလို….
လူကြီးဖြစ်ပြီဆိုတာ မိုးကြိုးပစ်ခံရတဲ့ ညောင်ပင်လို တိတ်ဆိတ်လို့…
မရည်ရွယ်ပဲ ညတွေနက်ခဲ့တယ်…
ခဲခဏခဏမှန်လည်း… မသေမချင်း
အတောင်အလက်ဖွာထွက်လောက်အောင်
မိုးလင်းတာနဲ့ကောင်းကင်မှာပျံတက်ရတယ်…
ငါတို့ပျက်မကျမချင်း… ငါတို့ငယ်ငယ်ကလို အိပ်မက်မက်ရ
စာအုပ်မဖတ်ရ ကဗျာမရေး…
ငယ်ငယ်ကငါတို့ဟာ ငယ်ငယ်တုန်းကလိုမဟုတ်တဲ့ လောကထဲ…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...