Tuesday, October 2, 2012

မေမေ့ ကို ဘယ်တော့မှ မမေ့ဘူး..။

 

ဒီစာအုပ်လေးကို Synergy က ကိုသုတက ကျွန်တော့်အတွက် လက်ဆောင် ဆိုပြီးတစ်အုပ်ပေးလိုက်တယ်။ မျက်နှာဖုံးလေးက ဆွဲဆောင်မှု အားကောင်းတယ် အဘွားအိုတစ်ယောက်က လူလတ်ပိုင်းတစ်ယောက်နဲ့ ကမ်းခြေမှ လမ်းလျှောက်နေတာလည်း ဓါတ်ပုံလေးက အားကောင်းတယ်လို့ စဉ်းစားမိနေတုန်း… မနိုင်းနိုင်းစနေရဲ့ အမေ့အတွက်စာ ဆိုတော့ ထုံးစံအတိုင်းပဲ ရိုးရိုးရှင်းရှင်းရေးဟန်နဲ့ သူ အင်တာနက်ပေါ်က ကောင်းနိုးရာရာလေးတွေ စုရေးထားမှာလို့ ထင်မိတယ် … သူပထမဆုံး စာအုပ် အမေ့လက်ရေးကို ကျွန်တော်စီစဉ်တာဆိုတော့ သူ့ရေးဟန်ကို အလွတ်နီးပါးရနေပြီ...။ သူ့စာတစ်ပုဒ်တိုင်းကို ကျွန်တော် အကြိမ်၂၀မက ဖတ်ဖူးတော့ စိတ်ထဲ သိပ်လှုပ်လှုပ်ခတ်ခတ် မဖြစ်မိဘူး…။ နောက်ပိုင်း မနိုင်းနိုင်းစနေ စာအရေးအသားတွေ ပိုကောင်းလာတယ် ဆိုတာတော့ သတိထားမိတယ်..။ ဆိပ်ကမ်းသာလမ်းနဲ့ ၃၈ လမ်းထောင့်က မွန်းဘာကရီမှာ သူငယ်ချင်း တစ်ယောက်နဲ့ချိန်းထားလို့ ထိုင်စောင့်နေရင်း စာအုပ်ကို လှန်ကြည့်မိတယ် အတွင်းဖုံးထဲက အမှာစာကနေ စဆွဲဆောင်တော့တာပဲ… ကိုရီးယား စာရေးဆရာ တစ်ယောက်ရဲ့စာတဲ့ အုပ်ရေ သန်းနဲ့ချီရောင်းရတဲ့ အပြင် နိုင်ငံခြားဘာသာစကားတွေကိုလည်း ပြန်ဆိုနေတဲ့စာဆိုတော့ နည်းနည်း ထိတ်ထိတ်ပြာပြာ ဖြစ်သွားတယ်…။ ခေါင်းထဲမှာ စဉ်းစားမိသမျှ ကိုရီးယားတစ်ယောက်ယောက် ရေးတဲ့စာကို ကိုယ်တစ်ခါမှ မဖတ်မိခဲ့ဖူးဆိုတာပဲ.။ တရုတ်စာပေ အရှေတိုင်းစာပေတွေ အနောက်တိုင်းစာပေ အမေရိကန်စာပေ ဘာသာပြန် စာပေ တော်တော်များများ ဖတ်ဖူးပေမယ့် ကိုရီးယားစာအုပ်တစ်အုပ် ဘာသာပြန်တာကို ဒါပထမဆုံးဖတ်မိတာပါ..။ စာအုပ်ထဲက အကြောင်းအရာတွေ ပြန်ရေးပြချင်ပေမယ့်…။ သူ့စကားလုံးတွေ စာသားတွေ ခံစားဖန်တီးနိုင်မှုအားတွေကို ပြန်လည်ဖော်ပြနိုင်ဖို့ ကျွန်တော့်ဝါကျတွေက စွမ်းနိုင်မှာ မဟုတ်ပါဘူး..။ စာအုပ်ကို စလှန်လိုက်ကတည်းက စာမျက်နှာငါးဆယ်အထိ တစ်ဆက်တည်းခေါ်သွားပါတယ်…။ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီက အေးစက်ငြိမ်သက်သွားတယ် စီးကရက်ကပြာတောင့်ရှည်ကြီးတွေနဲ့ ဆေးလိပ်ခွက်ထဲမှာသေဆုံးသွားတယ် စာအုပ်ကြားထဲ ကျွန်တော် လိပ်စာကဒ်လေးညှပ်ပြီး မျက်တောင်ကိုပင့်ယူ လိုက်ချိန်မှာ ဒီစာအုပ်ပြီးသွားမှာကိုတောင် နှမြောတဲ့စိတ် အလိုလို ၀င်လာပါတယ်…။  လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ပြောရရင် စာအုပ်က အတော်ကောင်းပါတယ်..။ သားသမီးဖြစ်ဖူး သူတိုင်း မိဘဖြစ်မယ့်သူတိုင်း ၀ယ်ယူထားသင့်တဲ့ လက်ဆင့်ကမ်းပေးဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပါ..။ ဒီစာအုပ်အတွက် မူရင်းရေးသားသူ Kyung – Sook Shin နဲ့ မကြီး နိုင်းနိုင်းစနေ၊ Synergy မှ ကိုသုတ တို့ကို အထူးကျေးဇူး တင်ရှိပါကြောင်း…။

( စာကြွင်း… ကျွန်တော်နဲ့ အမေနဲ့တော့ သိပ်မတည့်ပါ... အမေ့အတွက် ကျွန်တော်ဟာ လူဆိုးကြီး ဖြစ်နေပါတယ်..။ ဒါပေမယ့် အင်တာနက်ပေါ်မှာ လူကြိုက်များတဲ့ စာသားတစ်ခုလိုပါပဲ… လူဆိုးတွေလည်း တိုးတိုးလေး လိမ်မာခဲ့မှာပဲ အမေ။)

ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည


လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ

-->


နက်ဖြန်ခါကို ငါတို့ဘယ်လိုပိုင်မလဲ
လွှသွားများ သစ်ပင်ကိုဖြတ်တယ်
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ
ပန်းတွေလည်း မပွင့်နိုင်တော့
ဝတ်မှုန်တွေလည်း မကူးတော့
ကျေးငှက်တွေ တေးမဆိုတော့
မြက်ခင်းတွေ မစိမ်းလန်းတော့
လူတွေဟာ အရပ်ပုလာ
အကြောရောဂါနဲ့ ခေါင်းတွေဟာ တဆတ်ဆတ်ညိမ့်တတ်လာ
လွမ်းတဲ့အခါ သတိရစရာ မိုနာလီဇာမရှိ
ကိုယ့်ကိုကိုယ် နားရွက်ဖြတ်မယ့် ဗင်းဆင့်လည်း မရှိ
မီးကိုခိုးယူပေးသူ ပရိုမီးသီးယပ်မရှိ
ပရိုမီးသီးယပ်ကို ကယ်တင်သူ ဟာကျူလီမရှိ
ပုခုံးနဲ့ထမ်းပေးမယ့် အက်တလတ်မရှိ
လက်တစ်ချက်လှုပ်တိုင်း လူတွေကို ရင်သပ်ရှုမောစေတဲ့ တိုက်ဂါးဝုဒ်လည်းမရှိ
ရင်ကိုကော့ပေးရဲသူ ဦးဘိုးလှိုင်မရှိ
ကျွဲရဲ့ကျောပေါ်က မှက်ရဲကြီး ဆိုကရေးတီးလည်း မရှိ
မယ်စကြာဝဠာမရှိ
အိုင်းစတိုင်းမရှိ
ချိုက်ကောစကီးလည်းမရှိ
အမှောင်ကြောက်တဲ့ အက်ဒီဆင်မရှိ
တောပုန်းကြီး ရော်ဘင်ဟုမရှိ
ဒီလူတွေ မရှိတာ ကြာခဲ့ပြီပဲ
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
ဘယ်နှနှစ်တောင် ရှိသွားပြီလဲ...?
လတ်ဆတ်ခြင်းကို သစ်ရွက်များ မစွန့်ထုတ် နိုင်တော့ပြီ။


N. လက်ဆင်း
03 March, 2009


Saturday, September 29, 2012

ကိုယ်ပိုင်ဘလက်ဟိုး


ဘာမှ မထူးခြားသေးဘူး ဇာတ်ညွှန်းက ကုန်နေပြီ ..။ စာသားတွေက တ၀ဲလည်လည်ထဲမှာ သန်းခေါင်ထက် နက်တဲ့ညတွေ … ။ ပြီးတော့ လက်ပြနှုတ်ဆက်သွားသူတွေ  အော်သံခေါ်သံတွေကြား … ကိုယ်ဘလက်ဟိုးလေးကိုတော့ ကိုယ်မပိုင် သင့်ဘူးလား  ကျောက်ချထားတဲ့ ကော်ခုံပုပေါ်မှာ လက်ဖက်ရည်ကျစိမ့် တစ်ခွက် အလင်းဖြူဖြူ ရွှေပြည်တော် မျှော်တိုင်းဝေးနဲ့ ကိုယ်တည်ငြိမ်နေလို့ရတာပဲ..။ အိမ်မပြန်သေးဘူးလား ဘယ်သူမှမမေးမယ့်လမ်းမှာ ပြန်စရာအိမ်တွေ ကိုယ့်ဘ၀ထဲမှာ ထည့်မထားလို့ အဲဒီတာဝန်တွေ ကိုယ်ထမ်းဆောင်နေစရာ မလိုဘူးလေ..။ ဘ၀မှာ ဘာမှမရှိပဲ နေလို့ရတယ်ဆိုတာ အရာရာရှိချင်နေတဲ့ လူတွေကမယုံဘူးလေ..။ နာရီတစ်လုံးကို အင်းယျားကန်ထဲ လွှင့်ပစ်ခါနီးက တစ်ယောက်မေးဘူးတယ် နာရီက အကောင်းကြီးကို…။ ဒါပေမယ့် ငါအသုံးမလိုတော့ဘူးလေ ဆိုတော့ ခပ်ကြောင်ကြောင် ဟာသလို ကြားတဲ့သူက မရယ်ရဘူးတဲ့..။ တစ်ခါတစ်လေတော့… တစ်ခါတည်းလေနေတာ နှစ်သုံးဆယ်ကြာပြီ…။ ဘာမှမခံစားရဘူး… ဆိုတဲ့ကဗျာ သူငယ်ချင်းတစ်ယောက်ကို ပေးလိုက်တဲ့ ကဗျာစာအုပ် တစ်အုပ် နောက်ကျောမှာ ပါသွားတယ်.. ။ ကိုယ်လည်း ပြန်ခံစားချင်လို့ မရတော့ဘူး..။ ဘ၀က ကဗျာထဲကလို ပျောက်ဆုံးသွားတာမျိုး ကဗျာက ဘ၀ထဲမှာပျောက်ဆုံးသွားတာမျိုး လောကကြီးက ခပ်ဆင်ဆင်ရယ်ပါ..။ တစ်ခါတစ်ခါတော့ တချို့သူငယ်ချင်းတွေလို ဓါတ်ပုံတွေချည်း လျှောက်ရိုက်ချင်နေတာ..။ ကိုယ်ပျင်းပျင်းရှိတိုင်း စကားလုံးတွေ အများကြီး ချမရေးချင်ဘူးလေ..။ အွန်လိုင်းပေါ်က နေရာလွတ်လေးရှိယုံ ကိုယ်လည်း လူကုံတန်လုပ်လို့ ရတာပဲ .. အနုပညာလေး ဖန်တီးလိုက် လူမှုကိစ္စလေးတွေ ၀င်ရောလိုက်..။ ဘာရယ်မဟုတ်တဲ့ အတိုင်း ကိုယ်သေသွားရင် အဲဒီပါတ်စဝေါ့တွေ ဘယ်မှာ သွားပစ်ထားမလည်း..။ အမွေးစားအမွေခံတွေလည်း မှန်ကန်မှားယွင်းတဲ့ အချက်အလက်တွေ နှစ်ပေါင်းကြာရင်တော့ ရတနာသိုက် ၊ ဒါမှမဟုတ် ရတနာအမှိုက်..။ တကယ်ဆို ကိုယ်အတွက် ကိုယ်ပိုင် ဘလက်ဟိုးလေး ပဲ လိုချင်တယ် …ကိုယ် တိတ်တိတ်လေး ထွက်သွားချင်တယ်… ပြီးတော့ လူခြေတိတ်ချိန်မှပြန်လာ…။ ဘယ်သူနဲ့မှ နှုတ်ဆက်ပြုံးပြစရာ မလိုဘူး.. နေကောင်းလား ထမင်းစားပြီးပြီလား မလိုတဲ့ အနေအထားမျိုး..။ ချိတ်ဆွဲထားတဲ့ ဓါတ်ပုံဟာ ကိုယ်မဟုတ်ဘူး အဲဒါ ဂျိမ်းဂျိုက်..။ အခု ကိုယ့်ရင်ထဲမှာ ပိုင်စိုးဝေရဲ့ တောက်တဲ့တွေ အော်နေတယ်..။ လိပ်စာကဒ်ကို စာအုပ်ကြားထဲညှပ်ထားလိုက်တယ်…။ ဟိုရှေ့  မှာကိုဖြိုးလာနေတယ်..။

မိုးလှိုင်ည

Thursday, September 20, 2012

ကမ္ဘာကြီး မရှိတော့တဲ့ စစ်ပွဲ

-->





မာရီယာရေ
စာရေးလိုက်တယ်
စစ်ပွဲတွေ မရှိတဲ့  ကမ္ဘာကို ငါတို့မတည်ဆောက်နိုင်ရင်
ကမ္ဘာကြီး မရှိတော့တဲ့ စစ်ပွဲ ကို ငါတို့ကလေးတွေ ရင်ဆိုင်ရလိမ့်မယ်..။

မာရီယာရေ
ချစ်ခြင်းနဲ့မာကျောတဲ့ နှလုံးသားလို…
ငါတို့ လူသားအချင်းချင်း နာကျင်မှုနဲ့ဆုံးရှုံးနေရတယ်

မာရီယာရေ
ငါမင်းဆီကို စာရေးလိုက်တယ်…
ဒီစာဟာ ခက်ထန်တဲ့ဒေါသတွေကြားက
မျက်ရည်တစ်စက်လို ခက်ခက်ခဲခဲ မင်းဆီရောက်လာရတာ

မာရီယာရေ
ငါမင်းဆီကို စာရေးလိုက်တယ်
မုန်းတိုင်းနဲ့ ငလျင်ကြား ငိုသံတွေစေးကပ်ကုန်တဲ့အထိ
ငါတို နာကျင်မာကြောမှုတွေနဲ့ ပြိုလဲခဲ့ရတဲ့စာလေ

မာရီယာရေ
ငါမင်းဆီစာရေးလိုက်တယ် …
မုန်တိုင်းနဲ့ လှိုင်းလုံးကြားက ကမ်းခြေပျောက်အနာဂါတ်တွေနဲ့အတူ

မာရီယာရေ…
မင်းဆီကို ကမ္ဘာအရပ်ရပ်က စာတွေရောက်လာပြီပေါ့…
ဘယ်နေရာမှာမှ ငြိမ်းချမ်းရေ အတည်တကျမရသေးဘူး မာရီယာ
နူးယောက်မြို့ကြီးကနေ ၃၈ မျဉ်းပြိုင်ဘေးက ကျေးရွာလေးတွေအထိ
ဂျာဗားကမ်းခြေကနေ အာဖရိကဦးချိုအထိ…
စစ်ပွဲတွေ မပြီးသေးဘူးမာရီယာ

(စစ်ပွဲတွေ ပြီးရင် အိမ်ပြန်လာမယ် မာရီယာ စက္ကူလှေကလေးတွေ ခေါက်ပြီး
ကမ်းခြေတစ်လျှောက်လုံး ခရုခွံ့လှလှလေးတွေ ကောက်ကြရအောင် လေထဲမှာ ကနေတဲ့
မင်းဆံနွယ်ဖျားလေးတွေ ဖမ်းဖို့ ဖယောင်းတိုင် လှလှလေးတွေထွန်းပြီး အိုမီဂါ
ပုံစံလှီးထားတဲ့ သခွားသီးလေးတွေနဲ့ ၀ိုင်ချိုချိုနဲ့ တယောသံအေးအေးလေးတွေ
နဲ့... ငါကဗျာစာအုပ် ဖတ်နေတဲ့အချိန်တော့ မနှောင့်ယှက်နဲ့ မာရီယာ...။
ဒါပေမယ့် ငါစိုးရိမ်တာကတော့ စစ်ပွဲဟာ ဘယ်တော့မှ မပြီးတော့မှာပဲ..။
အကယ်လို့ စစ်ပွဲတွေ ပြီးရင်တော့ ငါအိမ်ကို ဆက်ဆက်ပြန်လာပါ့မယ် မာရီယာ...
မင်းနဲ့ အတူ ငါဆိုက်ကပ်မယ့် ကမ်းခြေလေး ပြာကျမနေဖို့လည်း
ငါဆုတောင်းနေရတယ်...။ ချစ်သောမာရီယာ စစ်ပွဲတွေပြီးဆုံးသွားဖို့
ငါနဲ့အတူဆုတောင်းပေးပါ...။)

မြောက်ဘက် ဧ၀ရတ်ကနေ အနောက်ဘက်ကမ်းခြေအထိ
အထိကရုဏ်းတွေ မငြိမ်းသေးဘူး မာရီယာ…
ပဋိပက္ခတွေ ငြိမ်းချမ်းသွားရင် လက်နှက်တွေဖျက်သိမ်းရမယ်
လက်နှက်တွေက ပဋိပက္ခတွေကို ပြန်ဖန်တီးမှာဆိုးလို့ …

မာရီယာရေ…
ငါအိမ်ကိုပြန်ရောက်ပါ့မလား…
ငါပြန်မရောက်ခင်ရင်လည်း ငြိမ်းငြိမ်းချမ်းချမ်းဆုတောင်းပါ
ပြီးတော့ ကလေးတွေကို သင်ကြားပါ
 စစ်ပွဲ မရှိတော့တဲ့ ကမ္ဘာ
ကမ္ဘာကြီး မရှိတော့ စစ်ပွဲ…
ဘယ်အရာက ကြာက်စရာကောင်းမလည်း ဆိုတာ…

မာရီယာရေ…
ငါ အိမ်ကိုပြန်ရောက်မယ်လို့ပဲ မျှော်လင့်ချက်ရှိရှိ ငါအသက်ရှင်တယ်…
လူသားတိုင်းလည်း အိမ်ပြန်ရောက်ကြပါစေလို့…။
အဲဒါဆို
စစ်ပွဲ မရှိတော့တဲ့ ကမ္ဘာကို အနာဂါတ်မှာ ငါတို့ ကလေးတွေ ပိုင်ဆိုင်နိုင်ပြီပေါ့…။

မိုးလှိုင်ည





Monday, September 17, 2012

ငြိမ်းချမ်းရေးသံစဉ်


ကျွန်တော့်ရဲ့ စစ်ပွဲကို ခဏရပ်ပါ ကဗျာကို အဆိုတော် 2fish&5 က သံစဉ်သွင်းပြီး ငြိမ်းချမ်းရေး အတွက် သီချင်းတစ်ပုဒ်အဖြစ် ပြုလုပ်ထားပါ..အောက်ပါလင့်ခ်မှာ ဒေါင်းလုပ်ဆွဲပြီး နားဆင်နိုင်ပါပြီ..။


ချစ်ခင်လေးစားလျှက်
မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...