Saturday, May 26, 2012

ရုပ်ရှင်...



တံခါးဖွင့်လိုက်ရင်
ခေါင်းရင်းက ပိတောက်ပြာပင်ပေါ်
မမြင်ရတဲ့
ဆိုက်ဘေးရီးယားနှင်းတွေဝေတယ်
အဲဒီအရာဟာ မြေကြီးပေါ်မှာ တဲတဲလေး
ဖက်နဲ့ထုပ်ထားရ
ခြေဖျားထောက်ထားရ
မှိတ်လိုက်ရင် ပြိုကျလာမှာစိုးပြီး
အချိန်ပြည့်ဖွင့်ထားရ
ငါ့ခေါင်းထဲကမီးဟာ အချိန်ပြည့်လျှပ်စီးလက်ရင်း
မုန်တိုင်းကျရင်း
အတိတ်ကိုသမ်းဝေကျော်လွှားရ
ပစ္စပ္ပု န်ကို အံ့သြရရယ်မောရ
အနာဝမှာလာအုံတဲ့ယင်ကောင်ကို မောင်းထုတ်ပြီး
ငါ့ကိုယ်ငါ ကျောကန်ရ မွေးမြူရ
ငါတို့ဟာ အမြဲတမ်းထစ်အနေတဲ့ အခွေတွေပဲ
ငါတို့ဟာ နေထိုင်ရင်းထစ်အ
မျှော်ငေး ထစ်အ
ငါတို့ဟာ ထစ်အနေတဲ့ကျောက်တုံးတွေလို
ရောက်ရာအရမ်မှာကျောက်ချ
ကြိတ်စက်ထဲက လျောထွက်လာတဲ့ ကြိတ်ဖတ်တွေလို
ချော်ထွက်မသွားအောင်
လွတ်ထွက်မသွားအောင်ထိန်းကျောင်းရ
ခေတ်ဟာအမြဲတမ်း ငါတို့ရှေ့ကကွက်လပ်ပဲ
ငါတို့အိမ်ရှေ့မှာ
ငါတို့ကျောင်းမှာ
ငါတို့ မြို့မှာ
အဲဒီကွက်လပ်ဟာ
ငါတို့အရိပ်တွေထက်ရှည်လျားပြီး
ငါတို့ဘ၀တွေကို ချောင်ချောင်ချိချိ
ထည့်ထားနိုင်လောက်အောင်ကျယ်တယ်
ကိုယ့်လူ...
ငါက ဒီအဆင်ကိုမြင်ရင်
နံရံပေါ်က ငါ့အဖိုးကိုသတိရတယ်
ငါ့အဘိုးဟာ သူ့မြေကိုကာကွယ်ဖို့
ကွက်လပ်ကိုဖြည့်ဖို့
သားမက မယားပစ်ပြီး
ပခုံးမှာ ကြယ်ဖြူလက်ပတ်နဲ့
တအားအော်ခဲ့တဲ့ ကျား...တဲ့
ဒီမြေမှာနေသမျှ
ဒီမြေကို ရအောင်ကာကွယ်၇မယ်
ကျွန်စိတ်ဖျောက်မှ
ကျွန်သဘောက်ဘ၀ကလွတ်မယ်
နယ်ချဲ့နဲ့ဖက်ဆစ်အောက်
အမျိုးသားလွတ်မြောက်ရေး...တဲ့
ဖွယ်နေတဲ့မြေကိုပြုပြင်
ခေတ်ကိုထွန်ယက်ဖို့
လိုအပ်လာတဲ့အခါ
ငါ့အဘိုးဟာ နွားပဲ....
ပုဆိုးကို ခိုင်အောင်ဝတ်
ခံတုပ်ကို နက်အောင်တူး
တောထဲတောင်ထဲ အငတ်ဘေးတဲ့ အသက်သာပေး
သွေးတော့မကွဲစေနဲ့
သွေးတော့မကျဲစေနဲ့
ငါတို့အဘိုးက သေနတ်ပြောင်းဝကိုတိုက်ချွတ်နေချိန်
ဥမမည်စာမမြောက်ငါ့အဖေက
အနာဂါတ်ကို အဲဒီပြောင်းဝကနေ ချောင်းကြည့်ခဲ့
မြေတစ်ကွက်နဲပ ခြေခြေမြစ်မြစ်ထမ်ငးတစ်လုပ်
မက်ရှာတဲ့အဘိုးအတွက်
သူခြစ်ခြုတ်စုထားခဲ့တဲ့ အနာဂါတ်ဟာ သူ့သားတဲ့
နေရောင်အောက်မှာရပ်ရင်
သူစုထားတဲ့ နုံးတင်မြေနုက ရွှေရောင်ထွက်တယ်
တင်းထားတဲ့ ကြွက်သားကို သပ်ချလိုက်ရင်
လူ့ဘုံခန်းဝါရဲ့ အနာရောဂါဟူသမျှ ကင်းပသွားသလို
သူဆိုတဲ့တေးသွားမှာ သူ့သားဟာ စာသားတဲ့
မြေအနက်ကြီးတူးပြီးမှ ရှာတွေ့တဲ့ သတ္တုကြောဟာ
ငါ့အဖေတဲ့...
အဲဒီမှာ မီးစလောင်တယ်
ဂျာမနီကိုဘာလင်တံတိုင်းက ဖြတ်ချပြီးတဲ့နောက်
ကိုးရီးယားကို ၃၈မျဉ်းပြိုင်ကဖြတ်ချပြီးတဲ့နောက်
ငါတို့ဟာ ပြာသလို ၀ါသလို
ငါတို့ဟာ အညှာက ကိုင်လှုပ်ခံလိုက်ရသလို
အဖေဟာ အမှန်မဟုတ်ရင် အမှားပဲ
အဖေဟာ အိမ်မှာ ချန်ဆယ်လာပဲ
သူ့မျက်စောင်းက အချိန်ပြည့် အကြောင်းမရွေးဘူး
အဖေဟာ အားအားရှိ
ခေါက်ရိုးကျနေတဲ့ တိုက်ပုံကိုထုတ်ကြည့်လို့
နေရာတကာ ဆိုင်းဘုတ်နဲ့ မွေးမြူရေးငါးနဲ့
မြစ်တွေပြောင်းပြန်မစီးပေမယ့်
တစ်ခါတစ်ခါ ခေတ်တွေပြောင်းပြန်စီးတယ်
ငါတို့စုရပ်က အရာအားလုံးတန်းတူညီမျှခြင်းမှာ
ဆန်တန်းစီ ဆီတန်းစီမက
ငါတို့ဟာ ကိုယ့်ကိုကိုယ်ရှာဖွေဖို့ နေပူထဲမှာတန်းစီရင်း
ငါတို့ဥပါဒ်ဟာ အမြဲသဲတရှပ်ရှပ်နဲ့
ဖုန်လုံးထဲမှာ
အနှစ်လေးဆယ်ဟာ လဲကျ ပြန်ထလဲကျ
ငါတို့ဘယ်လိုပြန်စရမယ် အခုမသိတော့ဘူး...
အခု ငါ့အဖေဟာ ချယ်ရီသားတုတ်ကောက်နဲ့ လှိုင်တိုရေဒီယိုနဲ့
လမ်းများကိုလျှောက်ကာ ကမ္ဘာကြီးကိုနားစွင့်ကာ
အခုငါဟာ အဘိုးကိုလိုက်ရှာမိပေါ့
ကိုယ့်လူ
ငါက အဲဒီမာတိကာကိုဖတ်ရင်
မင်းမျက်နှာကိုမြင်ပေါ့
အခု အဝေးကနေလှမ်းမြင်ရုံ
အကွာအဝေးက ဓါတ်တိုင် ၂တိုင်စာဆိုပေမယ့်
ငါတို့ဟာ နှစ်ကမ္ဘာမကဝေးကွာသွားခဲ့ပုံပဲ
ပျော့တွဲကျနေတဲ့ နာရီထဲက ထိုးထွက်လာ
သံချေးတက်နေတဲ့ သွပ်ကျမော့တန်းကနေ မှီကျလာ
မင်းခန္ဒာကိုယ်က
အသားဓာတ်ထက် အဆီပြင်နဲ့လှုပ်ရမ်းရင်း
တစ်လမ်းလုံးအပြည့် နေရာယူထားတာ
နပ်မမှန်သူတွေကို စော်ကားနေသလို
မင်းအသားကိုဖွဲ့စည်းထားတဲ့ သူတို့ချွေးစက်နဲ့
အသက်ကို အာမခံထားတဲ့ သူတို့အချိန်တွေ
မင်းကိုယ်ပေါ်က အဆီပြင်ကို
ငါဓာတ်ခွဲခန်းတင်ကြည့်တော့
မင်းအဓိပ္ပါယ်ဟာ မြေပြင်ပေါ်မှာဖြူကာပြာကာကျလို့
မင်းနာမည်ဟာ ဖော်မလင်နံ့နဲ့
မင်းအရသာဟာ မင်းမိသားစုမှာ အချိုကုန်လို့
အခုလမ်းမှာတွေ့ရင်မင်းပြောမယ်
ထုံးစံအတိုင်း ငယ်ဘ၀နဲ့ဘာညာသာရကာ
ဒါကလွဲပြီး ငါတို့ကြား စကားပါးရှားလို့
ငါနဲ့တွေ့တိုင်း ငါတို့ဘာသာရပ်နဲ့
ကျောချင်းကပ်နေ့ရက်များအကြောင်း
တစ်ထပ်ပြီးတစ်ထပ် အရောင်တင်ပွတ်သပ်မယ်
ပြီးရင် တစ်ကိုယ်လုံးခါယမ်းပြီး ဆက်လက်ချီတက်သွား
အခု ငါ့မှာသတိရစရာဆိုလို့
အတူရွတ်ခဲ့တဲ့ ကဗျာတွေနဲ့
အတူကြည့်ခဲ့ဖူးတဲ့ ကြယ်တွေရဲ့ မျိုးပွားခန်းတွေပဲ
ကျန်တော့တယ်
အခုမင်းဟာ ငါ့လွင်ပြင်မှာ
ဘယ်သူ့ကိုတွေ့တွေ့ မင်းဟာရေလိုက်ငါးလိုက်
ဒီလိုငွေကြေးသံနောက်လိုက်
လက်ဖက်ရည်ဆိုင်ထဲ မင်းခါးကြားမှာကျစ်ထားတဲ့
အသွေးအမွှေးထူမျက်နှာတွေကြား
ရီဝေဆိုင်တွေရဲ့ ဖန်ခွက်သံ ပုလင်းဖွင့်သံတွေကြား
စီးကျလာတဲ့အမြုပ်တွေကို သပ်ချလိုက်တဲ့
လက်ကပြောတယ်
“ငါ့သားသမီးအနာဂါတ်” တဲ့...
မင်းဆင်ခြင်ဟာ အမြဲဝတ်လစ်စလစ်နဲ့
မင်းပါးစပ်ဖျားက အနာဂါတ်ဟာ ယင်တလောင်းလောင်းနဲ့
သွေးအလိမ်းလိမ်းနဲ့
“ချွှင်” ခနဲ ဒင်္ဂါးသံကြားတာနဲ့
မင်းက ကိုယ်ကိုလှည့်ရုံမက
ယုံကြည်ရာကိုပါ ကျောခိုင်းနောက်လှည့်တတ်တဲ့သူ
မင်းတည်ဆောက်တဲ့ကမ္ဘာက
မင်းကလွဲလို့ တခြားဘယ်သူမှမပါတဲ့ကမ္ဘာ
လူထူထူရှိရင် မင်းရှိပြီ
လူရှေ့မှာ ရှိသမျှကြွက်သားကို အစွမ်းကုန်ညှစ်ထုတ်ပြရင်း
မင်းကိုခြစ်ခြုတ်စုဆောင်းကြည့်ပေမယ့်
မင်းကအောက်ခြေမှာဘာမှမကျန်ဘူး
မင်းကိုယိမ်းဖို့ လေနည်းနည်းပဲလိုတယ်
မင်းကိုဝယ်ဖို့ ငွေနည်းနည်းပဲလိုမယ်
အချိန်နည်းနည်းပဲလိုတယ်
မြို့ပေါ်မှာ မင်းကိုဝယ်ချင်တယ်ဆို
ဘယ်စတိုးဆိုင်မဆိုဝင်သွား
စင်ပေါ်မှာ ဘုန်းဘောလအောဝယ်နိုင်တယ်
မင်းရဲ့ရောင်းလိုအားဟာ အမြဲအလွယ်တကူနဲ့
မင်းရဲ့ဝယ်လိုအားဟာ အမြဲမိုးပေါ်မှာ
မင်းအသံက မြို့ပေါ်လမ်းကြိုလမ်းကြားမှာ
မင်းထွေးတဲ့ ကွမ်းတံတွေးက မြို့ပေါ်နေရာအနှံ့မှာ
လမ်းပေါ်ဖြတ်သွားရင်
မင်းစီးလာတဲ့ ဆိုင်ကယ်အော်သံက နတ်ဆိုးအော်သံနဲ့
ငါက အဲဒီအသံကိုကြားရင် အဘိုးကိုသတိရ
အဖေ့ကိုသတိရ
၆၈ဟာ တွေ့လိုက်တိုင်းအသည်းအမည်းပဲ
ငါတို့ဟာ ထိလိုက်ရင် အလဲအကွဲပဲ
ငါတို့ဟာ အမြဲတမ်းဖြစ်စဉ်ကို မေ့လျော့ပြီး
ငါတို့ဟာ အမြဲတမ်းဖျားနာ
အမြဲတမ်းသမ်းဝေ
ဒီလိုငါတို့ဟာ အမြဲတမ်းကြယ်ရူးတွေပဲ
အကြောသေတရွတ်ဆွဲနေတဲ့ ခန္ဒာကိုယ်ကိုထမ်းလို့
ငါတို့ဟာ အမြဲတမ်းအဘိုးကြီးလို ဆန်တီယာဂိုပဲ
ညောင်းညာဆွေးရိနေတဲ့ ကိုယ့်အရိုးကိုယ်ထမ်းလို့
ငါတို့ကိုယ်ပေါ်ဖြတ်လဲနေတဲ့ သမိုင်းရဲ့
ငါတို့ကံသုံးပါးကိုစီရင်နေတဲ့ အကိုင်းအခက်တွေကိုထမ်းရင်း
ဒီအထဲ
တောင့်တင်းနေတဲ့ ခါးကြောကိုဆွဲဆန့်
ရှုံ့တွနေတဲ့ စိတ်ဓာတ်ကိုဆွဲဆန့်
သံသရာကိုဆွဲဆန့်
ရိုးရိုးရှင်းရှင်းနေထိုင်မှုဟာ ပါးလိုက်လာတဲ့ဝင်ရိုးလို
ထိလိုက်တာနဲ့အသံမြည်တယ်
မြက်ပင်တွေ
သူ့နေရာနဲ့သူစိုက်ရင်လှပေမယ့်
ပစ်ထားလိုက်ရင် မြက်တောပဲ
ဖုန်းဆိုးပဲ
သူ့မျိုးစေ့တွေလေနဲ့အတူ အုပ်ဖွဲ့ပျံသန်းလေသောအခါ...
ဒီအထဲ
မခြောက်သေးတဲ့ အင်္ကျီတွေလေထဲလွင့်နေတုန်း
အခက်အခဲဆိုတာ
အိမ်ရှေ့ခြံစည်းရိုးမှာ
ပင်လုံးကျွတ်ပွင့်တဲ့ စိန်ပန်းတွေ
အကျပ်အတည်းဆိုတာ
ဘယ်ဘက်ကိုလှည့်လှည့် မျက်နှာကိုဖြတ်ရိုက်တဲ့လေ
တကယ်တော့ငါတို့ဟာ အရည်အသွေးတူ ဆင်တူရိုးမှား
ဘယ်နေရာမဆို အလွယ်တကူဝယ်လို့ရတဲ့
အညံ့စားတီရှပ်တွေပဲ
လျှော်လိုက်တာနဲ့အရောင်ကျွတ်ပြီး
ဝတ်လိုက်တာနဲ့ရွြှဲ့ပဲသွား
တွေးရင်း နေရာင်က ရှည်မြောလာတယ်
ကြည့်ဖူးတဲ့ ရုပ်ရှင်တွေပြီးရင်
မကြည့်ဖူးတဲ့ရုပ်ရှင်တွေလာမယ်
ဒီအထဲ
မနက်ခင်းဟာ သူ့အလိုအတိုင်း
ညနေခင်းဟာ သူ့ဆန္ဒအတိုင်း
အချိန်ကတစ်ရစ်ပြီးတစ်ရစ်ဆွဲဖဲ့နေတာ
မင်းလား ငါလား
ဒါမှမဟုတ် ငါတို့များလား
အချိန်ရှိသမျှ
ကြမ်းကြားက တိုးဝင်လာတဲ့ မြွှေတွန်သံဟာ ဆုတံဆိပ်နဲ့
ဒီအထဲ
ငါက တီရှပ်အပြဲကို ဖာထေးရင်းရယ်မယ်
သွားကို တင်းတင်းစေ့ရင်း
ခေါင်းကို ခါရင်း
ဒီနေ့ဒီအခါ
ငါ့တောင်ကုန်းမှာ မင်းကို လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း
နှင်းတွေတအားကျတဲ့ မြို့ရိုးပေါ်မှာ
မင်းဆီငါ အခါခါသတင်းပို့မိပေါ့..။ ...။

အေးမင်းစော
( ပိတောက်ပွင့်သစ်၊ အမှတ် ၄၅၊ မတ်လ ၂၀၀၁၂)

Thursday, May 24, 2012

လူတွေက အရေခြုံများတယ်..။




တိရစ္ဆာန်တွေ အရေခြုံတာကို ပုံပြင်ထဲမှာပဲ နှစ်ခုလောက်ကြားဖူးတာ
သိုးရေခြုံသော ၀ံပုလွေတို့
(မူကွဲ -မြေခွေး၊ ခွေးအ ဒေသအလိုက် အပြောင်းအလဲရှိပါသည်။)
ဒေါင်းယောင်ဆောင်သော ကျီးတို့လောက် ဖတ်ဖူးမှတ်ဖူးကြားဖူးတာ..
လူတွေကတော့ အရေအမျိုးမျိုးခြုံတယ်
မယဉ်ကျေးသေးတဲ့ခေတ်တုန်းကတော့
လူတွေဟာ ၀က်ဝံရေတို့.. ကျားသားရေ နွားသားရေတို့
စသည်ဖြင့် အမဲလိုက်ခံရတဲ့ တိရစ္ဆာန်အရေတွေခြုံကြတယ်..
ယဉ်ကျေးလာတော့ လူတွေဟာ
နိုင်ငံရေး အရေခြုံလာတယ် ဘာသာရေး အရေခြုံလာတယ်
လူမှုရေးအရေခြုံလာတယ်..။
အရေတွေခြုံတာဟာ .. လူတွေဟာ လုံခြုံဖို့ အရှက်ကွယ်ဖို့
ကိုယ်ကျိုးစီးပွားအတွက်
အိုင်ဒီယာတွေဟာ အမဲလိုက်ခံရပြီလား
လူတွေက အရေအမျိုးမျိုးခြုံလို့
လူတန်းစာညီမျှရေးအရေခြုံလို့
ဒီမိုကရေစီအရေခြုံလို့
ပညာရှင်ဆိုတဲ့အရေခြုံလို့
အနုပညာသမားဆိုတဲ့အရေခြုံလို့
အတိုးတက်ဆုံးခေတ်မှာ အရေခြုံဖို့ နည်းလမ်းတွေပိုများလို့
ပိုသက်သောင့်သက်သာဖြစ်လို့
ပိုပြီးဂုဏ်ကျက်သရေတိုးမြင့်လို့
လူတွေအရေအမျိုးမျိုးခြုံတယ်
တိုးတက်တဲ့ခေတ်မို့ အရေခြုံဈေးကွက်ကလည်းမြင့်တက်ဆဲ..။

မိုးလှိုင်ည


Sunday, April 22, 2012

မွေးနေ့များ…


 


အကြိမ်ကြိမ်သေဆုံးပြီးသား သတ္တ၀ါမို့
မွေးနေ့တွေလည်း အကြိမ်ကြိမ်ရှိတာပေါ့
ဒါက ခွေးဘ၀က မွေးနေ့ လမိုက်ကျတယ်
ဒါက နွားဘ၀က မွေးနေ့
ဒါက ကျားဘ၀က မွေးနေ့
ဒါက ငါးဘ၀က မွေးနေ့ မိုးတွေ အရမ်းရွာတယ်
ပင်လေတွေ လှိုင်းထန်ပေါ့
ဒါက သစ်ကုလားအုတ်ဘ၀က မွေးနေ့
ဒါက နတ်ဘ၀ ဘက်ဒေး
ဒါက ခြင်ဘ၀ မွေးနေ့
ဒါက ဆင်ဘ၀... မွေးနေ့
ဒါက ကြက်ကန်းဆန်းအိုးတိုး မွေးနေ့
ဒါက လူထူထူ မအူမလည် ရာဟုလို့လည်း
ခေါ်တတ်တဲ့ လူဘ၀က မွေးနေ့
၃၁ဘုံသားပေမယ့် ၃၁ရက်ထက်များတဲ့ မွေးနေ့တွေနဲ့
အကြိမ်ကြိမ်သေဆုံးပြီး
အကြိမ်ကြိမ်ပြန်ရှင်
မဆင်ခြင်နိုင်တဲ့ မွေးနေ့တွေကြားမှာ
ပျော်သလိုလို မောသလိုလို…။


မိုးလှိုင်ည



Wednesday, April 11, 2012

စိတ်ကိုစိတ်ထဲမှာမှတ်..။


စိတ်ထဲမှာမထားပါနဲ့
စိတ်လက်ချမ်းသာတွေမထည့်နဲ့
စိတ်လက်မချမ်းသာတွေလည်းမထည့်နဲ့
စိတ်ကိုစိတ်အတိုင်းပဲထား
အဆိုးတွေလည်းမထည့်နဲ့ မဆိုးတွေလည်း မထည့်နဲ့
စိတ်ကိုမပူစေနဲ့
စိတ်ကိုမအေးစေနဲ့
စိတ်ကိုပျော်အောင်မထားနဲ့
စိတ်ကိုမပျော်အောင်လည်း မထားနဲ့
စိတ်ကိုစိတ်ထဲမထည့်နဲ့
စိတ်ကိုစိတ်ထဲကမထုတ်နဲ့
စိတ်ကိုအစွန်းမထွက်နဲ့
စိတ်ကိုအစွန်းလည်းမခံနဲ့
စိတ်ကိုမချုပ်တည်းနဲ့ စိတ်ကိုမချည်နှောင်နဲ့
စိတ်ကိုမလွင့်နဲ့ စိတ်မပျံ့နဲ့
စိတ်ထဲမှာသိမ်းသိမ်းမထားနဲ့
စိတ်ကိုမေ့မထားနဲ့
စိတ်ကိုစိတ်အတိုင်းပဲအထား
စိတ်ကိုစိတ်လိုလက်ရမထားနဲ့
စိတ်ကိုစိတ်လိုက်မာန်ပါ မလုပ်နဲ့
စိတ်ကိုမဆုံးမနဲ့
စိတ်ကိုမနာကျင်စေနဲ့
စိတ်ကိုမာမထားရ
စိတ်ကိုပျော့မထားရ
စိတ်ကိုစိတ်အတိုင်းပဲထားဖို့ စိတ်ကိုစိတ်ထဲမှာမှတ်ပါ..။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...